မိုးကုတ် ပုဂ္ဂလိကဘဏ်များမှ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ ငွေနဲ့ ကျောက်မျက်ရတနာများ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖောက်ထွင်းခိုးယူလို့ TNLA ဆို
ရှမ်းမြောက် မိုးကုတ်မြို့အနောက်ပိုင်းရှိ KBZ နဲ့ CB ဘဏ်တို့မှ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ ငွေသားနဲ့ ကျောက်မျက်ရတနာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းခိုးယူသွားတယ်လို့ PSLF/TNLA က ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့တွင် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နဲ့ မိုးကုတ်ဗျုဟာတို့ အခြေချထားပါတယ်။
၎င်းစစ်ကောင်စီတပ်သားများမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က မိုးကုတ်မြို့နယ်ရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်းနဲ့ ရွှေမျက်ဝန်းစခန်းတို့ကို တိုက်ခိုက်စဉ်အတွင်း မြို့တွင်းသို့ထွက်ပြေးခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေဟာ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်များအတွင်း ဝင်ရောက်ခိုအောင်းနေပြီး TNLA/မန်း PDF တို့ရဲ့ပူးပေါင်းတပ်က လိုက်လံရှင်းလင်းခဲ့ရာမှ အထက်ပါဘဏ်နှစ်ခုမှ ဖောက်ထွင်းခိုးယူထားတဲ့အထောက်အထားများကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘဏ်များအတွင်းရှိ စစ်ကောင်စီအလောင်းများပေါ်မှ တစ်ဦးလျှင် ငွေသားကျပ်သိန်း ၅၀ နဲ့ ကျောက်မြတ်ရတနာများလည်း တွေရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဇွန် ၂၅ ရက်ကစခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာမှာ အနောက်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မနေ့ကစလို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အရှေ့ပိုင်းကို ဆက်လက်တိုက်ခိုက်နေကြတာပါတယ်။
“တစ်မြို့လုံး ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်စခန်း နှစ်ခု၊ သုံးခုသာကျန်ပါတော့တယ်။ အနောက်ပိုင်းမှာတော့ ပြည်သူတချို့ ဝင်ရောက်နေထိုင်နေတာတွေရှိပါတယ်” လို့ PSLF/TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform ကို ပြောပါတယ်။
TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်လိုက်တဲ့ မိုးကုတ်မြို့အနောက်ပိုင်းကို ပြည်သူတချို့ပြန်လည်ဝင်ရောက်လာပြီး အရောင်းအဝယ်တချို့ ပြန်လည်ပြုလုပ်နေပြီလို့ ၎င်းက ဆိုပါတယ်။
စစ်ကောင်စီဘက်က မိုးကုတ်မြို့ကို လက်မလွှတ်ရရေး လက်နက်ကြီးအပြင် လေကြောင်းတို့နဲ့ အပြင်းအထန်ကာကွယ်နေလို့ အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိကာ နေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PSLF/TNLA