နိုင်ငံရေးအကျဉ်းသူတွေပြောတဲ့ အကျဉ်းထောင်ထဲက အကျဉ်းသူ အခွင့်အရေး

Author လဂွန်းအိမ်
Categories
Published on Jul 03, 2024

ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ဟာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်က အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းတွေက အမျိုးသမီး အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်ကောင်စီရဲ့ အကျဉ်းချခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ နိုင်/ကျဉ်းအမျိုးသမီးတွေရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို CJ Platform သတင်းဌာနမှ ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“အတွင်းခံဘောင်းဘီကို အတင်းချွတ်ပြီးစစ်တာမျိုးတွေ ချိုးဖောက်ခံခဲ့ရတယ်။”

 

မအူပင်မြို့က နိုင်ငံရေးအကျဉ်းသူတစ်ဦး

 

ဆေးဝါးလုံလောက်မှုကတော့ လုံးဝမရှိတာပါ။ ဆေးကုသမှုမှာလည်း ထိရောက်မှုမရှိပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ညနေ ၄ နာရီလောက်ထဲက အကြောင်းကြားတာမလာဘူး။ တစ်ညလုံးနေနေပြီး နောက်တစ်နေ့မနက်မှ ရောက်တယ်။ အဲဒီလိုမျိုး အချိန်မီကုသမှုတွေ မရပါဘူး။

 

အိမ်ကပေးတဲ့ဆေးတွေဆို ထောင်ဝင်စာဌာနက ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ရမှပေးမယ်ဆိုပြီးပြောတယ်။ ၄၊ ၅ ရက်လောက်ကြာမှ ရောက်လာတာပေါ့။ သူတို့ကို(ထောင်ဝင်စာဌာန)ပေးထားခဲ့တာမှာလည်း သေချာသိမ်းဆည်းထားတာမျိုးမရှိဘဲ နေပူထဲဒီအတိုင်းပစ်ထားတော့ ရောက်လာတဲ့ဆေးက သောက်လို့မရတော့ဘူး။ ပျက်စီးနေပြီ။

 

ယားနာပေါက်တဲ့အခါမှာလည်း ပေးတဲ့ဆေးက မကောင်းတဲ့အတွက် မပျောက်ပါဘူး။ တစ်ခုခုဖြစ်လို့ ဆေးထိုးချင်တာဆိုရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆေးဝယ်ထိုးရတယ်။ ဘာရောဂါဖြစ်ဖြစ်၊ ပါရာစီတမော့နဲ့ စီလိုဆိုဂျင်လိုဟာမျိုးတွေ၊ ဒိုက်ကလိုဆိုတာတွေနဲ့ ဒါတွေနဲ့ပဲ ကုတာပေါ့။

 

ရုံးထုတ်တွေ ရှာဖွေစစ်ဆေးတဲ့အခါမှာဆိုရင် အဝတ်တွေချွတ်ပြရတဲ့အထိစစ်တယ်။ နိုင်/ကျဉ်းသူအမျိုးသမီးလေးတစ်ဦးဆိုရင် ရာသီလာနေတာတောင်မရဘူး။ အတွင်းခံဘောင်းဘီကို အတင်းချွတ်ပြီးစစ်တာမျိုးတွေ ချိုးဖောက်ခံခဲ့ရတယ်။

 

အကျဉ်းသူတွေကို အလုပ်ဘုတ်တွေမှာခိုင်းတာမှာ ငွေကြေးပေးတာမျိုးတွေ၊ အခွင့်အရေးတစ်စုံတစ်ရာရတာမျိုးတွေမရှိပါဘူး။ အဓိက ကွမ်းယာဘုတ်လို့ခေါ်တဲ့ ထောင်ကရောင်းတဲ့ ကွမ်းရာဘုတ်မှာ မနက် တန်းဖြုတ်တာနဲ့ သွားယာပေးရတယ်။ တစ်ခါတလေ တန်းပိတ်တာတောင် ပြန်မဝင်ရသေးတာမျိုးတွေလည်း ရှိတယ်။ တစ်ယောက်ယောက်အပြစ်လုပ်ခဲ့ရင် တစ်ဆောင်လုံး အပြစ်ပေးခံရတယ်။ ဥပမာ ရေမြောင်းထဲ ထမင်းလုံးကျန်ခဲ့လို့ဆိုပြီး တစ်ဆောင်လုံးကို နေပူထဲ နာရီတော်တော်ကြာ ရပ်ခိုင်းတာမျိုးပေါ့။

 

လူအခွင့်အရေးကော်မရှင်နဲ့ပတ်သက်ပြီး သူတို့လာစစ်တယ်။ စစ်လို့ အမျိုးသမီးလေးတစ်ယောက်က တင်ပြခဲ့တာပေါ့နော်။ အဲဒီအမျိုးသမီးလေးက အငြိမ်မနေရတော့ဘူး။ ဟိုက စစ်လို့၊ ဒီကစစ်လို့ ဆိုပြီး ခဏခဏ ခေါ်ထုတ်ပြီး အငြိမ်မနေရအောင်လုပ်တယ်ပေါ့။ နောက်ပြီး ဘာမှလည်းအကျိုးမထူးခဲ့ဘူး။ နောက်တစ်ခါ လူ့အခွင့်အရေးအဖွဲ့လာမယ်ဆိုတော့ တင်ပြမယ့်အကြောင်းအရာကို အဆောင်မှူးကို အရင်တင်ပြပေါ့နော်။ သူတို့ခွင့်ပြုချက်နဲ့ကျမှ တင်ပြလို့ရမယ့်ပုံစံဖြစ်သွားခဲ့တယ်။ လူအခွင့်အရေးအဖွဲ့လာသွားလည်း ဘာမှအကျိုးမထူးဘူး။ လာသွားတာပဲရှိတယ်။ သူတို့ချင်း ပြီးသွားတာပါပဲ။ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ လူအခွင့်အရေးကော်မရှင်ကို အကျဉ်းသား/ အကျဉ်းသူတွေနဲ့ပတ်သက်ပြီး ဘာများလုပ်ပေးခဲ့လဲလို့ ပြန်မေးချင်ပါတယ်။

****************************************

 

“စစ်ကောင်စီရဲ့ထောက်တိုင် အကျဉ်းဦးစီးဝန်ထမ်းတွေ၊ အခုလူ့အခွင့်ရေးကော်မရှင်လိုအဖွဲ့တွေကို အလိုမရှိဘူးလို့ပဲပြောဆိုချင်ပါတယ်။”

 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တာဝန်ခံ မဇူးဇူးမေယွန်း

 

စစ်ကောင်စီရဲ့လူ့အခွင့်အရေးကော်မရှင်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ဟန်ပြလုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။ ထောင်ထဲမှာလိုအပ်တာတွေ မေးသာမေးသွားပြီးတော့ လက်တွေ့လုပ်ဆောင်တာမရှိတဲ့အခါကျတော့ ဟန်ပြသက်သက်သာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အကျဉ်းထောင်အတွင်းမှာလိုအပ်နေတာက စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီကြိုးဆွဲရာကကြမယ့် လူ့အခွင့်အရေးကော်မရှင်လိုမျိုးမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC လို အဖွဲ့အစည်းမျိုးတွေကိုပဲ လိုအပ်နေတာဖြစ်တယ်။

 

ထောင်ထဲမှာတုန်းက ထောင်ထဲမှာဖြစ်ပျက်နေတာတွေကို သူတို့ကိုပြောပြချင်ခဲ့တာပါ။ မျှော်လင့်ခဲ့တဲ့အဖွဲ့အစည်းတွေက ဖြစ်မလာဘဲနဲ့ စစ်ကောင်စီ သြဇာခံတွေသာလာတဲ့အတွက် ထောင်တွင်းထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ညှင်းပန်းနှိပ်စက်ခံရတာတွေ၊ စစ်ကြောရေးတွေမှာ လူမသိသူမသိသေဆုံးခဲ့တဲ့ အမျိုးသမီးတွေ၊ လက်ရှိ ဆေးဝါးကုသမှုလုံလောက်စွာမရဘဲ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက်မှုခံနေရတာတွေ၊ မတရား တိုက်ပိတ်ခံရတာတွေရှိနေသေးတာပါ။ သူတို့တွေရဲ့ ဟန်ပြလုပ်နေတဲ့ အဖွဲ့အစည်းအပေါ်မှာတော့ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ အနေနဲ့ ရှုံ့ချပါတယ်။ စစ်ကောင်စီရဲ့ထောက်တိုင် အကျဉ်းဦးစီးဝန်ထမ်းတွေ၊ အခုလူ့အခွင့်ရေးကော်မရှင်လိုအဖွဲ့တွေကို အလိုမရှိဘူးလို့ပဲပြောဆိုချင်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်