ကျောက်မဲနဲ့ သီပေါမှာ အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Jul 02, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက် ကျောက်မဲနဲ့ သီပေါမြို့နယ်တို့မှာ မနေ့ ဇူလိုင် ၁ ရက်က စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာတယ်လို့ PSLF/TNLA ရဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကျောက်မဲမြို့ကို စစ်ကောင်စီက မနေ့ ညပိုင်းမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရပ်ကွက် ၈ ရှိ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်ကဲ့။ သုံးယောက်သေဆုံးတာရှိပါတယ်။ ကျောက်မဲမြို့ပေါ်မှာတော့ ပြည်သူတွေအများကြီးရှိနေပါသေးတယ်။ ဒီနေ့မှာတော့ ပစ်ခတ်မှုသံတစ်ခါတစ်ခါကြားရတယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကျောက်မဲမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်စခန်း ၃၀ နီးပါးဖွင့်လှစ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအောင်းတပ် TNLA နဲ့အတူ MDY-PDF နဲ့ ဒေသကာကွယ်ရေးတပ်များက ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲမြို့တို့အပြင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေဆင်နွှဲနေပါတယ်။

အဲဒီစစ်ဆင်ရေး တစ်ပတ်တာအတွင်း MDY PDF အနေနဲ့ မတ္တရာမြို့နယ်ထဲက တပ်စခန်း ရှစ်ခုအပါအဝင် စစ်သုံ့ပန်း ၆၄ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၁၁၇ ဦးတို့ကို ထိန်းသိမ်းထားတဲ့အပြင် လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဒီနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။

 

TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ခြောက်ရက်အတွင်း စစ်ကောင်စီက လေကြောင်းမှ အင်အားပြင်း ပေါင်(၅၀ဝ)ဗုံးအပါအဝင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၅) ဦးသေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA