မတ္တရာမှာ စစ်ဖြစ်နေပေမဲ့ တောင်ပြုံးပွဲ လုံခြုံရေးအပြည့်နဲ့ ကျင်းပမယ်

Author အညာသား
Categories
Published on Jul 02, 2024

တိုက်ပွဲများဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အထင်ကရ တောင်ပြုံးပွဲတော်ကို ပုံမှန်အတိုင်း ကျင်းပနိုင်ဖို့ စစ်ကောင်စီကကြံရွယ်နေပါတယ်။

 

အထက်မြန်မာပြည် မန္တလေးရဲ့ အစည်ကားဆုံးပွဲတော်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် လုံခြုံ ရေးအပြည့်ချထားမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက အသိပေးကြေညာပါတယ်။

ကိုဗစ်ကာလကလွဲလို့ နှစ်စဉ် ဝါခေါင်လထဲကျင်းပလေ့ရှိတဲ့ တောင်ပြုံးကြီးကျေးရွာရှိ အနော်ရထာမင်း တည်ခဲ့တဲ့ သမိုင်းဝင်ဆုတောင်းပြည့် ဆုတောင်းရ အုတ်နှစ်ချပ်လပ်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနဲ့ တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ဒီနှစ်မှာလည်း ဝါခေါင်လဆန်း(၈)ရက် ဩဂုတ် ၁၂ ရက်ကနေ ဝါခေါင်လပြည့် ဩဂုတ် ၁၉ ရက်အထိ ရှစ်ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

နယ်မြေမအေးချမ်းပေမဲ့ တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ ရပ်ကျေးစီမံ အဖွဲ့က အတွင်းစည်းမှာ လုံခြုံရေးယူပြီး မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီ လုံခြုံရေးအဖွဲ့ တွေက အပြင်စည်းမှာ လုံခြုံရေးပေး ပွဲတော်ကို ကျင်းပသွားမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ကြေညာချက်ထဲ တွေ့ရပါတယ်။

ကိုဗစ် ၁၉ ရောဂါဖြစ်ခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့တွင် ပွဲတော်ပုံစံမကျင်းပနိုင်ခဲ့ဘဲ အကျဉ်းချုံးပြုလုပ်ခဲ့ပေမဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီက တောင်ပြုံးပွဲကို ပုံမှန်အတိုင်း ပြန်လည်ကျင်းပစေခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေတုန်းက တောင်ပြုံးပွဲတော် လာရောက်လည်ပတ်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က ကားလမ်းပိတ်ဆို့တာ၊ လက်နက်ပြ ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၂ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ တောင်ပြုံးပွဲတော်ကို ပြည်သူတွေ မသွားကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်တာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။

 

လတ်တလော ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မိုးကုတ်-မန္တလေးလမ်း တစ်လျှောက် စဉ့်ကူးနယ်နဲ့ မတ္တရာအရှေ့ခြမ်းမှာရှိ အင်ကြင်းမြိုင်၊ ဂွေးပင်၊ စလေ၊ မြစ်ကမ်း၊ ဆင်ရွာ၊ သဲဖြူချောင်းအပါအဝင် ဆည်တော်ကြီးချောင်း မြောက်ဘက်က ကျေးရွာတွေအထိ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်  ဒေသခံသောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ပုံစာ – စစ်တပ် အာဏာမသိမ်းခင်က တွေ့ရတဲ့ တောင်ပြုံးလာ ပရိသတ်များကို တွေ့ရစဉ်