TNLA နဲ့ MNDAA တပ်တွေခိုလှုံနေတယ်ဆိုပြီး ကျောက်မဲမြို့ပေါ်က ဟိုတယ်ကို ဗုံးကြဲလို့ နေအိမ် ၂၀ ကျော်ပျက်စီး

Author ကိုထက်
Categories
Published on Jul 01, 2024

ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီနေ့ ညသန်းခေါင်ယံမှာ ပေါင် ၅၀၀ ဗုံးကြဲချလို့ ဟိုတယ်တစ်လုံးအပါအဝင် နေအိမ် ၂၀ နီးပါးပျက်စီးခဲ့တယ်လို့ တအောင်းတပ် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

 

“ဟိုတယ်နဲ့ တစ်ဖာလုံပတ်ချာလည်မှာ ရှိတာတွေ ပျက်စီး ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။ ကျောက်မဲမြို့ပေါ်မှာတော့ ရှောင်နိုင်တဲ့သူတွေ ရှောင်နေကြပါတယ်” လို့ ကျောက်မဲဒေခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဗုံးဒဏ်ကြောင့် One Love Hotel နဲ့ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်လည်း ပျက်ဆီးခဲ့တဲ့အပြင် မနေ့ မနက်ပိုင်း စစ်တပ် လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က ချမ်းမြေ့ကြွယ် ဆီဆိုင်လည်း မီးလောင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တယ်လီဂရမ်လော်ဘီချန်နယ်များမှာတော့ One Love Hotel တွင် ခိုအောင်းနေတဲ့ TNLA နဲ့ MNDAA တပ်ဖွဲ့ဝင်တွေရှိနေလို့ အဲဒီဟိုတယ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဟိုတယ်အပါအဝင် နေအိမ် ခြောက်လုံးပျက်စီးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိဘူးလို့ ဖော်ပြနေကြပါတယ်။

 

လက်ရှိ ကျောက်မဲမြို့ပေါ်မှာ ဈေးတွေပိတ်ထားပြီး အခြေခံစားသောက်ကုန်အတွက် အိမ်ဆိုင်တချို့မှာသာ တိတ်တဆိတ် ဝယ်ယူနေရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ဇွန်လ ၂၉ ရက်နေ့ကလည်း နောင်ချို့မြို့ မီးသတ်ရုံးအနီးကို ပေါင် ၅၀ဝ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ် ဆယ်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – PSLF/ TNLA