“စစ်အာဏာရှင်ကို မတော်လှန်နိုင်အောင် ဆန်၊ ဆီ တိုးခိုင်းခံထားရသူများရဲ့ ဘဝ”

Author အဂ္ဂ၊ ကိုထက်၊ လဂွန်းအိမ်
Categories
Published on Jun 30, 2024

စစ်ဖိနပ်အောက်မှာ မပြားရုံတစ်မယ် ဝတ်နေရတဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခဟာ မသေးလှပါဘူး။  ပြည်သူလူထုဟာ ဆီတွေ တိုးနေရတုန်းရှိသေး အခုတော့ ဆန်တွေပါ တိုးဝှေ့ဝယ်ယူနေကြရပါပြီ။ အခြေခံလူတန်းစားတွေဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့ မတွေးနိုင်ဘဲ နေ့စဉ် ဆီရရေး၊ ဆန်ရရေးကိုပဲ စဉ်းစားတွေးတောနေကြရပါတယ်။ ဒါကပဲ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်သုံးခဲ့တဲ့ မဟာဗျူဟာကြီးတစ်ခုဖြစ်လို့နေပါတယ်။ အခုလို ဆီတိုး၊ ဆန်တိုးနေရသူတွေရဲ့ တိုးရှိုးသံတွေကို ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ထုတ်ဖော်ပေးလိုက်ပါတယ်။

***************************************

 

“အရင်ကဆို အဆင်ပြေပြေဖြစ်နေရာက ခုကျမှ တန်းစီဝယ်ရတဲ့ဘဝတွေရောက်လို့။”

 

လမ်းမတော်မြို့နယ်က အိမ်ရှင်မတစ်ဦး

 

ဆန်က ရပ်ကွက်ထဲက ဆိုင်တွေထက် သက်သာလို့ တန်းစီဝယ်တာပါပဲ။ ရွှေဘိုတစ်အိတ်ဆို အပြင်မှာ တစ်သိန်းခွဲရှိတယ်။ ဒီမှာက တစ်သိန်းနှစ်သောင်းလောက်နဲ့ရတယ်။ အကြမ်းတစ်အိတ်၊ အချောတစ်အိတ်ဆို ငါးသောင်းလောက် အပြင်ထက်သက်သာတော့ ဝယ်တာပါ။ တန်းတော့ စီရတာပေါ့လေ။ အရင်ကဆို အဆင်ပြေပြေဖြစ်နေရာက ခုကျမှ တန်းစီဝယ်ရတဲ့ဘဝတွေရောက်လို့။ အခုဆန်ကိုလည်း ဆန်စက်တွေလည်းမကြိတ်ရဘူးဆိုတော့ နောက်ဆိုဒီလိုပဲဝယ်ရတော့မလား။ စိုးရိမ်စိတ်တော့ဖြစ်တာပေါ့လေ။

***************************************

 

“အပြင်ကပဲ ဝယ်နေရတာပေါ့။… အာဏာသိမ်းပြီးမှ အဆင်မပြေတာတွေချည်းပဲ။”

 

လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦး

 

ဆီကဝယ်ရဖို့ဆိုတာကလည်း လမ်းလူကြီးဆီက ကတ်ရမှ။ ကျွန်မတို့က စက်ရုံအလုပ်ဆင်းနေရတော့ တစ်နေကုန်အိမ်မှာမရှိဘူးလေ။ ပိတ်ရက်ကျမှ ဝယ်ရရင်လည်း ဆီကရဦးမှကို။ အပြင်ကပဲ ဝယ်နေရတာပေါ့။ အခုကတော့ လစာအဆင်မပြေ၊ နေရေးထိုင်ရေးတွေက ဈေးတွေကကြီး။ အခုလည်း ဆန်ပြဿနာ၊ ဆီပြဿနာကဖြစ်နဲ့။ ဆန်တွေ ဆီတွေ‌ဆိုတာ မရှိမဖြစ်တွေလေ။ အာဏာသိမ်းပြီးမှ အဆင်မပြေတာတွေချည်းပဲ။ တစ်နေ့တစ်နေ့ ပိုပိုဆိုးလာတယ်။

***************************************

 

“နေရာဝယ်ရင် ၂၀ဝ၀ ပေးရတယ်။ မှောင်ခိုနေရာဝယ်ရတာ။”

 

အမရပူရမြို့နယ်က အမျိုးသမီးတစ်ဦး

 

စားအုန်းဆီက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု မိတ္တူနဲ့ တစ်စောင်ကို တစ်ပိဿာတဲ့။ ၆၀ဝ၀ နဲ့ရောင်းပေးတယ်။ နေရာဝယ်ရင် ၂၀ဝ၀ ပေးရတယ်။ မှောင်ခိုနေရာဝယ်ရတာ။ အစောကြီးသွားပြီး တန်းမစီနိုင်ရင် အဲဒီလိုဝယ်ရတာ။ အပြင်မှာ ပြန်ရောင်းရင် ၉၀ဝ၀ ရတယ်။ ထမင်းဆိုင်တို့၊ လက်ဖက်ရည်ဆိုင်တို့က ပြန်ဝယ်ကြတာ။ အပြင်ပေါက်ဈေးက တစ်ပိဿာကို ၁၂,ဝ၀ဝ ရှိတယ်။ ဆီက နေရာတိုင်းမှာ တစ်ပိဿာမရဘူး။ တချို့နေရာတွေမှာ (၅၀) သားပဲ ရောင်းပေးတယ်။ နေကြာဆီတို့၊ ပဲဆီတို့ကတော့ အပြင်ဆိုင်တချို့မှာရောင်းနေတာ တစ်ပိဿာ ၁၆,ဝ၀ဝ ပေါက်ဈေးရှိပါတယ်။

***************************************

 

“အခုက တန်းစီရတာ လူတစ်ရာနီးပါးလောက်ကို တန်းစီရတာ။ တစ်ယောက်ကို ၁၅၀၀ ကျပ်နဲ့  ၂၅ ကျပ်သား ဝယ်ခွင့်ရတာ။ ”

 

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က ဆီတန်းစီဝယ်ယူစားသုံးနေရသူ အမျိုးသမီးတစ်ဦး

ဆီက အပြင်မှာလည်း ဝယ်လို့မလွယ်ဘူးလေ။ အပြင်မှာ ရောင်းတာတွေက ပဲဆီလိုဟာတွေပဲ ဘူးတွေနဲ့ရောင်းတာ။ အဲဒီလိုဆီတွေက ကျွန်မတို့လို သာမန်လက်လုပ်လက်စားတွေက ဝယ်မစားနိုင်ဘူး‌။

 

ပိုက်ဆံရှိတဲ့သူတွေနဲ့ သူဌေးတွေပဲဝယ်စားနိုင်တာ။ စားဆီက အပြင်မှာဝယ်ဖို့လည်းမလွယ်တော့ တန်းစီရတာပါပဲ။ စစချင်းတုန်းကတော့ တန်းစီရတာ အဲဒီလောက် မခက်ခဲဘူး။

 

အခုက တန်းစီရတာ လူတစ်ရာနီးပါးလောက်ကို တန်းစီရတာ။ တစ်ယောက်ကို ၁၅၀၀ ကျပ်နဲ့  ၂၅ ကျပ်သား ဝယ်ခွင့်ရတာ။  အပြင်မှာက မှောင်ခိုဝယ်လို့ရတာ တချို့ရှိတယ်။ ၁၀ သားကို ၁၄၀၀ နဲ့။ အဲဒါလည်း ၁၀ သား၊ ၂၀ သား အပြင်ဝယ်လို့ မရဘူး။ တစ်ခါတလေ လုံးလုံးဝယ်မရဘူး။ ၂၅ ကျပ်သား ၁၅၀၀ နဲ့က လက်ကားဆိုင်ကြီးတွေကို သူတို့ (စစ်ကောင်စီ)က အလှည့်ကျရောင်းခိုင်းတာ။ အလှည့်ကျတဲ့ဆိုင်က ဆီတန်းစီဝယ်လို့ရမယ့် ကတ်ပြားလေးတွေထုတ်ပေးတယ်။ နောက်နေ့ကျ တန်းစီပြီး မှတ်ပုံတင်ပြဝယ်ရတာ။

 

တချို့ဆို မနက်ထဲက တန်းစီရတာ။ လူကများ၊ နေကပူနဲ့ တချို့က မတန်းစီနိုင်တော့ဘဲ တန်းစီနေရင်းကနေ ပြန်သွားတဲ့သူတွေလည်းရှိတယ်။ အဲဒါတောင် ဆီတန်းက လူတစ်ရာနီးပါးကိုရှိတာ။ အခက်အခဲတွေက အများကြီးပါ။ ပြောရရင် ဝယ်လို့မရဘူး။ ၂၅ ကျပ်သားပဲဝယ်လို့ရတယ်။ အဲဒီအတွက်ကြောင့် နေပူခံ မိုးရွာခံပြီး ဆီတန်းစီဝယ်ကြရတယ်။