“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ”(ဇွန် ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jun 30, 2024

ဒီတစ်ပတ်(ဇွန် ၂၄ မှ ၃၀ ရက်အထိ)အတွင်း ကမ္ဘာ့လူထု စိတ်ဝင်တစားစောင့်ကြည့်ဝေဖန်ခဲ့ကြတာကတော့ အမေရိကန်ပြည်ထောင်စု သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲသတင်းတွေပဲဖြစ်ပါတယ်။ နောက်ပြီး NATO ခေါင်းဆောင်သစ်အပြောင်းအလဲသတင်း၊ အိန္ဒိယ Top 3 အကြီးဆုံးလေဆိပ် ပြိုကျတဲ့သတင်းတွေနဲ့အတူ တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို ကောက်နုတ်တင်ဆက်ဖော်ပြထားပါတယ်။

****************************************

 

“အမေရိကန် မင်းလောင်းနှစ်ယောက်ရဲ့ ကျဘမ်းစကားပြောပြိုင်ပွဲ”

 

“ဘိုင်ဒန်လက်ထက် အမေရိကန်နိုင်ငံဟာ တတိယကမ္ဘာ့နိုင်ငံအဆင့်ကိုရောက်နေပြီ။ ရှက်ဖို့ကောင်းလိုက်တာ” လို့ ထရမ့်က တိုက်ခိုက်ပါတယ်။

 

ဘိုင်ဒန်ကတော့ “အမေရိကန် သမ္မတ ၄၆ ယောက်ထဲမှာ သူ(ထရမ့်)ကအဆိုးဆုံးပဲ” လို့ ထိုးနှက်ပါတယ်။

 

ဒီတစ်ပတ်ရဲ့ နိုင်ငံတကာသတင်းတွေထဲ လူစိတ်အစားဆုံးသတင်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ နိုဝင်ဘာရွေးကောက်ပွဲအတွက် ပထမဆုံး သမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးပွဲသတင်းပါပဲ။

 

ဒီပွဲကို ကြာသပတေးနေ့ ဇွန် ၂၇ ရက် ညပိုင်းမှာ လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ယောက် ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ကျင်းပခဲ့ပါတယ်။

 

အဲဒီမှာ လူပြောများစရာတွေလည်းဖြစ်ခဲ့သလို လက်ခုပ်ဩဘာသံတွေလည်း ထွက်လာခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ အဓိက ပါတီကြီးနှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့က သမ္မတလောင်းနှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲဟာ CNN ရုပ်သံဌာနက ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။

 

စကားစစ်ထိုးပွဲအပြီး အသာစီးရယူမှု အခြေအနေမှာ ထရမ့်က ၆၇ ရာခိုင်နှုန်းနဲ့ ဘိုင်ဒန်ကတော့ ၃၃ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ CNN စစ်တမ်းက ဆိုပါတယ်။

 

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်ဟာ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ အားလျော့နေတဲ့ဟန်ရှိတယ်လို့ အများဝေဖန်ခံခဲ့ရသလို ထရမ့်ကလည်း ပိုသွက်တယ်လို့ထင်ရပေမဲ့ အချက်အလက်မှားတွေကို ဖြိုင်ဖြိုင်သုံးခဲ့တာပါ။

 

ထရမ့်က “အမေရိကန်ရဲ့ သမိုင်းမှာ အကြီးဆုံးလိုငွေပြတဲ့ပြဿနာက ဘိုင်ဒန်လက်ထက်မှာဖြစ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့အချက်အလက်တွေအရ ထရမ့်လက်ထက် လိုငွေပမာဏက အမြင့်ဆုံး ကန်ဒေါ်လာ ၃ ဒသမ ၁၃ ထရီလီယမ်အထိရှိခဲ့ပေမဲ့  ဘိုင်ဒန်လက်ထက်မှာတော့ လိုငွေပြမှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယမ်အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

****************************************

 

“ခုံ လှုပ်စေခဲ့တဲ့ ဘိုင်ဒန်ရဲ့ Performance”

 

ပထမဆုံး အတ္တလန္တာ စကားစစ်ထိုးပွဲမှာပြသခဲ့တဲ့ ဘိုင်ဒန်ရဲ့ စွမ်းရည်ကြောင့် သူ့နောက်ကလူတွေ မချင့်မရဲဖြစ်ခဲ့ကြသလို ဒီမိုကရက်တစ်ကလူတွေကတော့ အသံတွေ ဆူဆူညံညံထွက်လာတဲ့အထိပါပဲ။

 

“ဂျိုးကို ချစ်ပါတယ်။ ဒီစကားစစ်ထိုးပွဲမှာ ဝမ်းနည်းစိတ်လှုပ်ရှားစေတယ်” ၊ “ဒီမိုကရက်တစ်ပါတီအတွက် ထိတ်လန့်စရာကောင်းနေပြီ” ၊ “ဒီမိုကရက်တစ်ပါတီအနေနဲ့ ဒီထက်ပိုပြီးနောက်မကျခင် နောက်ထပ်တစ်ယောက်ယောက်ကို ရွေးချယ်တင်မြှောက်သင့်ပြီ” စတဲ့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

 

ဒါကြောင့် ဒီမိုကရက်တစ်ရဲ့ သမ္မတလောင်း ပြန်လည်ရွေးချယ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြလို့ ဘိုင်ဒန်ရဲ့ ထိုင်ခုံကတော့ စိတ်မချရတော့တဲ့အနေအထားဖြစ်နေပါတယ်။

****************************************

 

 

“မိုးဖြိုလို့ ပြိုရတဲ့ အိန္ဒိယ Top 3 အကောင်းဆုံး လေဆိပ်ကြီး”

 

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ မိုးအကြီးအကျယ်ရွာလို့ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ် သုံးခုထဲက တစ်ခုဖြစ်တဲ့ Gandi နိုင်ငံတကာလေဆိပ်ခေါင်မိုးတချို့ ပြိုကျခဲ့ပါတယ်။

 

သောကြာနေ့ ဇွန်လ ၂၉ ရက်နေ့ကဖြစ်စဉ်မှာ ဒီလိုလေဆိပ်အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေပျက်စီးတဲ့အပြင် လူတစ်ဦးသေဆုံးရသလို ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

 

နယူးဒေလီရဲ့  အဓိက လေဆိပ်ရှိရာနေရာ ၂၄ နာရီအတွင်း မိုးရေချိန် ၉ လက်မခန့်အထိ ရွာသွန်းခဲ့တာပါ။

 

ဒါဟာ ပုံမှန်အားဖြင့် နယူးဒေလီမြို့မှာ ဇွန်လ တစ်လလုံး ရွာရမယ့် မိုးရေပမာဏထက် သုံးဆ ပိုပြီးများနေတာဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သောကြာနေ့ကရွာတဲ့မိုးဟာ နယူးဒေလီမှာ အခုမိုးတွင်းအတွက် ပထဆုံးမိုးဖြစ်နေတာပါ။

 

စံချိန်တင်မိုးကြောင့် ပြည်တွင်းလေကြောင်းခရီးထွက်ခွာတဲ့ လေဆိပ်အမှတ် ၁ ဝင်ပေါက်က လေဆိပ်ခေါင်မိုးနဲ့အတူ ထုတ်တန်းတွေ ပြိုကျရာကနေ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒါကြောင့် လေကြောင်းခရီးစဉ် ရှစ်ခုထက်မနည်း ဖျက်သိမ်းခဲ့ရသလို ခရီးစဉ် ၅၀ နီးပါးကတော့ မိနစ်ပိုင်းနောက်ကျပြီးမှ ထွက်ခွာနိုင်ခဲ့ပါတယ်။

****************************************

 

“NATO အဖွဲ့ခေါင်းဆောင် ပြောင်းလဲ”

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေပါဝင်တဲ့ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(NATO)ရဲ့ ခေါင်းဆောင်ကတော့ လေးနှစ်အကြာမှာ နောက်တစ်ဦး ပြောင်းလဲသွားပါပြီ။

 

လက်ရှိ ဂျန် စတိုတန်ဘတ်နေရာကို နယ်သာလန်ဝန်ကြီးချုပ် မက် ရုတ်က ဇွန် ၂၆ ရက်မှာ ရွေးချယ်ခံလိုက်ရပါတယ်။

 

ရုတ်ဟာ ဒီနှစ် အောက်တိုဘာ ၁ ရက်ကစပြီး NATO အတွင်းရေးမှူးချုပ်နေရာ တာဝန်ထမ်းမှာပါ။

 

ကမ္ဘာကြီးကို ရုရှားနဲ့ မြောက်ကိုရီးယား ရန်၊ တရုတ်ရဲ့ စီးပွားရေးဈေးကွက်ချဲ့ထွင်ဖို့ ရန်တွေမြင့်တက်လာနေချိန် အမေရိကန်ပြည်ထောင်စုရဲ့ NATO အဖွဲ့အပေါ် သဘောထားပြောင်းလဲမှုတွေရှိနေချိန် ခေါင်းဆောင်သစ်အပြောင်းအလဲဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

NATO ခေါင်းဆောင်နေရာကို ရိုမေးနီးယား သမ္မတ ကလောစ် အိုင်အိုဟမ်းနစ်စ်လည်း ကနဦး ဝင်ပြိုင်ခဲ့ပေမဲ့ စောစောစီးစီးနုတ်ထွက်သွားခဲ့လို့ နယ်သာလန် ဝန်ကြီးချုပ်ကို တရားဝင်ရွေးချယ်ခံရတာဖြစ်ပါတယ်။

 

သူဒီနေရာရဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ အပါအဝင် အဓိက မဟာမိတ်အဖွဲ့ဝင်တွေက ထောက်ခံခဲ့ကြတာပါ။ လက်ရှိအတွင်းရေးမှူးချုပ်ကလည်း နယ်သာလန်ဝန်ကြီးချုပ်ကို ဂုဏ်ပြုခဲ့ပါတယ်။