“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇွန် ၂၃ မှ ၂၉ ရက်အထိ)

Published on Jun 30, 2024

ဒီတစ်ပတ်(ဇွန် ၂၃ မှ ၂၉ ရက်အထိ)အတွင်း အထူးခြားဆုံးသတင်းဖြစ်ခဲ့တာကတော့ TNLA/MDY PDF ပူးပေါင်းတပ်တွေရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးသတင်းတွေပဲဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ ပထမဆုံး စစ်သင်တန်း နှစ်လကျော်ရုံနဲ့ ဆင်းတဲ့သတင်း၊ “ဘုန်းကြီးအမှု တိုင်းမှူး ပတ်” ဆိုတဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပစ်သတ်ခံရမှု လပခ တိုင်းမှူး ခေါ်စစ်ခံရတဲ့သတင်း၊ ဦးသိန်းစိန်တရုတ်သွားတဲ့သတင်း၊ ဆန်ကုန်သည်ကြီးတွေဖမ်းပြီးနောက် ဆန်ဈေးချရောင်းတဲ့သတင်းတွေအပါအဝင် တစ်ပတ်အတွင်းထူးခြားသတင်းတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“ရှမ်းမြောက် တစ်ကျော့ပြန်လှိုင်း မန်းမြေလည်း ပိုင်း”

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ မှာစပြီး ဇန်နဝါရီ ၁၁ မှာသိမ်းခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဇွန် ၂၅ ရက်ကစပြီလို့ တအောင်းတပ် TNLA ဘက်က တရားဝင်ထုတ်ပြောခဲ့ပါတယ်။

 

ဒီလိုမစခင် ဇွန်လဆန်းပိုင်းကတည်းက နေ့စဉ်ဆိုသလို စစ်ကောင်စီဘက်က TNLA ထိန်းချုပ်နေရာတွေကို လေကြောင်း၊ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

 

အဲဒီနောက် TNLA နဲ့ MDF PDF ပူးပေါင်းအဖွဲ့ဘက်က တာလွှတ်တဲ့ ပထမဆုံးနေ့မှာပဲ တပ်မဟာ ၂ စစ်ဒေသထဲက ကျောက်မဲ၊ နောင်ချို၊ သီပေါ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

 

ဇွန် ၂၅ တစ်ရက်တည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်လို့ TNLA ထုတ်ပြန်ချက်အရ သိခဲ့ရပါတယ်။

 

ဒုတိယနေ့မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့ပြီး TNLA နဲ့ ပူးပေါင်းအဖွဲ့တွေဘက်က ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့တွေက စခန်း ၂၄ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဇွန် ၂၆ တစ်ရက်တည်း လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 တစ်လက်၊ ၆၀ မမ တစ်လက်၊ စက်လတ် တစ်လက်၊ ကား နှစ်စီး၊ ဒရုန်းရန်ကာကွယ်ရေး Jammer စက်တစ်လုံး၊ စက်သွယ်ရေးပစ္စည်းများနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိတဲ့အပြင် ရန်သူ့အလောင်း ၂၀ နဲ့ လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်သား ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA သတင်းအနှစ်ချုပ်မှာ ဖော်ပြပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား လေးဦးသေဆုံးသလို ၁၅ ဦးဒဏ်ရာရခဲ့ပါတယ်။

 

အဲဒီနောက် တတိယနေ့အရောက်မှာ ရှမ်းမြောက် ကျောက်မဲနဲ့ နောင်ချိုက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြပါတယ်။

 

ဇွန် ၂၇ မှာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့သာမက မတ္တရာ၊ မိုးမိတ်၊ သီပေါတို့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး နောင်ချိုရဲစခန်း၊ အုမ္မခါးရွာကစစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောင်ချိုရဲစခန်းထဲက မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

 

စတုတ္ထနေ့မှာတော့ ကျောက်မဲက ဂုတ်တွင်းထဲအထိ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။ နောင်ချိုမြို့မှာ နောက်ဆုံးကျန်တဲ့ ခမရ(၆၀၆)တပ်စခန်း TNLA၊ MDY-PDF တွေအပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLA)လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီနေ့တစ်ရက်တည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦးသေဆုံးတဲ့အပြင် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

 

အဲဒီလေးရက်အတွင်း စစ်ကောင်စီက လားရှိုးမြို့နဲ့ချိတ်ဆက်ထားတဲ့ တံတားနှစ်စင်းအပါအဝင် ရှမ်းမြောက်က တံတားငါးစင်းအထိ ဖျက်ဆီးထားတယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။

 

ပဉ္စမနေ့ ဇွန် ၂၉ ရက် ဒီနေ့မှာတော့ နောင်ချိုနဲ့ မိုးမိတ်တို့မှာ စစ်ကောင်စီနဲ့ တအောင်းတပ် TNLA တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PSLF/TNLA ရဲ့ နေ့လယ်ခင်း သတင်းထုတ်ပြန်ချက်အထိ သိရပါတယ်။

 

တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့နယ်မှာ လွယ်ဝိန်းတောင်ရှိ စကခ(၂၁)နဲ့ ခလရ ၂၂၃ တပ်စခန်း၊ ၅ နာရီ ၂၀ မိနစ်ခန့်က ရွှေဆာလီကျေးရွာ၊ ၇ နာရီ ၂၅ မိနစ်ခန့်က လယ်ကြီးရှိ စကခ ၂၁ နဲ့ ခမရ ၃၄၈ တပ်စခန်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

 

အလားတူ နောင်ချိုမြို့ မှာ မနက် ၄ နာရီ ၄၀ မိနစ်ခန့်က ခမရ ၆၀၆ စခန်း၊ မနက် ၇ နာရီခန့်က ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခလရ ၁၄၆ စခန်းမှ စစ်သား အလောင်း ဆယ်လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

****************************************

 

“ဘုန်းကြီးအမှု တိုင်းမှူးပတ်”

 

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးဖြစ်စဉ်၊ မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ် တိုက်ခိုက်သိမ်းပိုက်ခံရတဲ့အကြောင်းတွေအပြင် စစ်တပ်အပေါ် ပုန်ကန်ရန် ကြံစည်မှုနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နဲ့ စစ်အရာရှိတွေ၊ ဗိုလ်ချုပ်ဟောင်းတချို့ကို နေပြည်တော်မှာ ထိန်းသိမ်းစစ်မေးခံနေရပါတယ်။

 

မန္တလေးနဲ့ ဧရာဝတီတိုင်းအတွင်းက တော်လှန်ရေးတပ်သားတွေကို စစ်ကြောရေးသို့ ပို့ဆောင်ပြီး နှိမ်နှင်းရာမှာ ဦးဆောင်သူအဖြစ် နာမည်ကြီးတဲ့ ဗိုလ်ချုပ်ကြည်ခိုင်ဟာ စစ်ကောင်စီ မင်းအောင်လှိုင်ရဲ့ အားအကိုးရဆုံးသော စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ရာ မှာ သူ၏လက်အောက်ခံ စစ်သားတွေ၊ ပျူစောထီးပြည်သူ့စစ်တွေက ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့အပြီး အသက်မသေဘဲ ကျန်ခဲ့တဲ့ ကံသုံးဆင့်ဆရာတော်ကို မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းမှာ နာရီပေါင်းများစွာ စစ်ကြောစေခဲ့သူလည်းဖြစ်ပါတယ်။

 

“ဆရာတော်ကို သတ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိမှုနဲ့ ဖြစ်စဉ်မှန်ကို စိစစ်ကြပ်မတ်ဖို့ အားနည်းမှုတွေနဲ့ အရေးယူခံရနိုင်ပါတယ်၊ ပုန်ကန်တာ၊ တိုင်ပင်တာမျိုးတော့ မဖြစ်နိုင်ဘူး”လို့ နေပြည်တော်ရှိ အငြိမ်းစားတပ်အရာရှိကြီးတစ်က ပြောပါတယ်လို့ Myanmar Nowသတင်းဌာနမှာ ဖော်ပြထားတာတွေ့ရပါတယ်။

 

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်း ဗိုလ်ချုပ်ကြည်ခိုင်ဟာ ၂၀၂၂ နိုဝင်ဘာမှာ တပ်မတော်နည်း ပညာတက္ကသိုလ် ကျောင်းအုပ်အဖြစ်မှ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးဖြစ်လာခဲ့ပါတယ်။

 

ဧရာဝတီတိုင်းအတွင်းမှ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချကာ နေအိမ်တွေကို ချိပ်ပိတ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြစ်ဝကျွန်းပေါ်တွင် ခြေမချနိုင်ရေးနဲ့ အာရက္ခတပ်တော် (AA) တပ်တွေ ဧရာဝတီတိုင်းအတွင်း စိမ့်မဝင်နိုင်ရေးအတွက် စစ်ဆင်ရေးတွေကို ဦးဆောင်နိုင်မှု တို့ကြောင့် မင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးတာကို ခံခဲ့သူဖြစ်ပါတယ်။

 

ဒါ့အပြင် ထောင်ကျ စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ စိုးထွဋ် ၊ မိုးမြင့်ထွန်း၊ ကိုကိုမောင်နဲ့မြတ်သက်ဦးတို့ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်တွေကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်းလိုက်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါသေးတယ်။

****************************************

 

“သတိ တရုတ်ပြည် ဦးသိန်းစိန် ခရီးသွားနေသည်”

 

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားသို့ တက်ရောက်ဖို့ သမ္မတဟောင်း ဦးသိန်းစိန် ဇွန် ၂၇ရက်မှာ တရုတ်နိုင်ငံကို သွားရောက်တဲ့အကြောင်း ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

 

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ဦးနုတာဝန်ယူခဲ့တဲ့ ၁၉၄၈ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တာဖြစ်သလို ဘန်ဒေါင်းမူဟုလည်း လူသိများတဲ့ အဲဒီမှု ၅ ချက်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်းမပြုဖို့၊ တခြားနိုင်ငံတစ် နိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

 

အသက် ၇၉ နှစ်အရွယ် ဦးသိန်းစိန်ဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ၊ တရုတ်သံတမန်တွေနဲ့ ရံဖန်ရံခါ တွေ့ဆုံလေ့ရှိပြီး အခုတရုတ်ခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ကနဦးဆုံးလူရှေ့ပြန်ထွက်လာ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ပြန်စချိန်မှာပဲ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခရီစဉ်ကို သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။

 

သမ္မတဟောင်း ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်အတွင်းကလည်း တရုတ်နိုင်ငံသွားရောက်ခဲ့ဖူးပါတယ်။ မြန်မာမှာအရပ်သားအစိုးရ ကိုဖြုတ်ချပြီး စစ်တပ်အာဏာ သိမ်းပြီးနောက် တရုတ်သံတမန်တွေဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တရုတ်သံအမတ်ဟာ နေပြည်တော်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

လေ့လာသူတွေကတော့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့အကျပ် အတည်းကိုဖြေရှင်းနိုင်ဖို့ တရုတ်ဘက်က ဦးသိန်းစိန် နဲ့တွေ့ဆုံပြီးနည်းလမ်းရှာတာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

 

တရုတ်နိုင်ငံဟာ အာဏာရှင်အဆက်အဆက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေချိန်မှာ တရုတ်က ကြားဝင် စွက်ဖက်ဖိအားပေးလေ့ရှိပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း TNLA ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ ကြားဝင်ဖိအားပေးမှု ကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။

****************************************

 

“၁၉၉၀၊ ၂၀ဝ၇ နဲ့ တတိယ ကံဆောင်သပိတ်”

 

ပြီးခဲ့တဲ့ ဇွန် ၁၉ရက်က ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့တဲ့အပေါ် ဆရာတော်ရဲ့ တပည့်သံဃာတော်တွေနဲ့ ဒေသအသီးသီးက သံဃာတော်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် စတင်ပြုလုပ်လာကြပါတယ်။

 

ကံဆောင်သပိတ်ပြုလုပ်မှုကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာနဲ့ ဝက်လက်မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နဲ့ ပခုက္ကူမြို့နယ်တွေမှာ ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၉ မြို့နယ်အထိရှိလာခဲ့ပါတယ်။

 

ကံဆောင်သပိတ်ကို သံဃာတော်တွေက လမ်းပေါ်အထိတက်ရောက်လုပ်ဆောင်လာခဲ့ပြီး မြို့နယ် ပကဖနှင့် တိုက်နယ်ပကဖများက လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးမှုတွေအပြင် ဒေသခံပြည်သူတွေ ကလည်း လိုက်ပါဝန်းရံမှုတွေရှိလာတာကို တွေ့ရပါတယ်။

 

သံဃာတော်တွေအနေနဲ့ ကံဆောင်သပိတ် ဆောင်ရွက်မှုကို ၂၀ဝ၇ခုနှစ်မှာ စစ်အစိုးရက လောင်စာ ဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာရာမှ သံဃာတော်များဦးဆောင်ကာ လမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အစိုးရအား ကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။ ၂၀ဝ၇ ဩဂုတ် ၁၅ရက်စတင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေက စက်တင်ဘာ ၂၆ရက်အထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။

 

ထို့အပြင် ၁၉၉၀ပြည့်နှစ်မှာလည်း မန္တလေးမြို့က လေးပြင်လေးရပ်က သံဃာတော်တွေကို ပင့်ဖိတ်ပြီး ပြုလုပ်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်ဆွမ်းလောင်းပွဲမှာ ကျောင်းသားတွေကို စစ်အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီရာကအစပြုပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာကနေ အာဏာပိုင်တွေ ပစ်လိုက်တဲ့ သေနတ် ကျည်ဆံက မိုးကောင်းတိုက်က ဆွမ်းခံကြွလာတဲ့ ကိုရင်အာစိန္နကိုထိမှန်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြီး ကို အခြေခံပြီး သံဃာထုက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

 

၁၉၉၀ခုနဲ့ ၂၀ဝ၇ ကံဆောင်သပိတ်နှစ်ခုစလုံးမှာ သံဃာတော်တွေကို စစ်အစိုးရက အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီး အခုတတိယအကြိမ်ဖြစ်ပေါ်လာတဲ့ ကံဆောင်သပိတ်ကတော့ ဘယ်အထိဆက်သွားမလဲ၊ ဘယ်လောက်ထိဖြစ်လာမလဲအပြင် စစ်ကောင်စီအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။

****************************************

 

“ကုန်သည်တွေဖမ်း ဆန်ကို တန်း”

 

ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကို အကြောင်းပြပြီး စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းက ဆန်စက်ပိုင်ရှင်တွေအပြင် နယ်မြို့တွေက ဆန်လုပ်ငန်းရှင်တွေ ဆန်စက်ကုန်သည်တွေပါ ဖမ်းဆီး စစ်ဆေးကာ ဆန်အိတ် တစ်ရာစီပေးရမယ်ဆိုပြီး တောင်းခံခဲ့တယ်လို့ ဆန်စက်ပိုင်ရှင်တွေထံမှ သိရပါတယ်။

 

စစ်ကောင်စီက ဆန်အိတ်တစ်ရာ တောင်းယူရာမှာ ဘယ်ဆန်အမျိုးအစားဆိုတာ မပါဝင်သလို နိုင်ငံ တော်အနေနဲ့ ဆန်ဈေးနှုန်းကျဆင်းရေး လုပ်ဆောင်ဖို့အတွက် တောင်းယူတာဖြစ်တယ်လို့သာ ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ဦးအပါအဝင် ဆန်ကုန်သည်တွေကို ဆန်းဈေးမထိန်းချုပ်နိုင်လို့ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ဆန်ဈေးနှုန်းလိုက်လံထိန်းချုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးရှိ ကုန်တိုက်မန်နေဂျာတွေကို  ခေါ်ယူစစ်ဆေးပြီး ဆန်ရောင်းရာမှာ မကြာခင်က သူတို့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ဈေးအတိုင်း ရောင်းချဖို့ ဖိအားပေးခဲ့ပါတယ်။

 

အဲဒီနောက် ဇွန်လ ၂၆ရက်က ရန်ကုန်မြို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)အစီအစဉ်နဲ့ ဝါးတန်း ကုန်စည်ဒိုင်မှာ မိုးထဲလေထဲ ထီးကိုယ်စီနဲ့ ပြည်သူတွေဟာ ဆန်ကိုတန်းစီဝယ်ယူခဲ့ရပါတယ်။

 

ဆန်တန်းစီဝယ်ယူရာမှာ အိမ်ထောင်စုတစ်ခုကို ဆန်တစ်အိတ်သာ ရောင်းချပေးပြီး၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြပြီး ဝယ်ယူရတယ်လို့ ဆန်ဝယ်ယူတွေက ပြောပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဇူလိုင်လထဲမှာ တတိယကိုဗစ်လှိုင်းဖြစ်ပြီး ပြည်သူတွေဟာ နေရာအနှံ အောက်ဆီဂျင်အိုးပိုက်ပြီး အောက်ဆီဂျင်ရဖို့ တန်းစီခဲ့ရပါသေးတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲ စားဆီနဲ့ စက်သုံးဆီတွေ တန်းစီရပြီး ဒုက္ခထပ်တွေ့ခဲ့ကြရပါတယ်။ လက်တလောမှာ  အဓိကစားသုံးကုန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ကုန်စည်တွေအားလုံး သုံးဆကနေ လေးဆအထိ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။