ထိုင်းမှ မြန်မာသို့ လက်နက်တင်ပို့မှု ကန်ဒေါ်လာ သန်း ၁၂၀ ရှိ၊ ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆမြင့်တက်

Author အဂ္ဂ
Categories
Published on Jun 27, 2024

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လက်နက်နဲ့ ဆက်စပ်ပစ္စည်းတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း (၁၂၀) ရှိခဲ့ပြီး ဒါဟာ အရင်ကထက် နှစ်ဆမြင့်တက်လာတာဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ(UN)က ကျွမ်းကျင်သူတစ်ဦးရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွန်အန်ဒရူး(Tom Andrew)ရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီကို နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေဟာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပေမဲ့ သူ့ကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့ လက်နက်တွေ ဝယ်ယူနိုင်နေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

စင်ကာပူနိုင်ငံအစိုးရရဲ့ ကြိုးပမ်းမှုတွေကြောင့် စင်္ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ လက်နက်တင်ပို့မှု သိသိသာသာ ကျဆင်းလာနေပေမဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းတွေက စစ်ကောင်စီရဲ့ ကွက်လပ်တွေကို ဖြည့်ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ “သေမင်းတမန်ကုန်သွယ်မှု : မြန်မာနိုင်ငံက စစ်အာဏာရှင်အပေါ် ဘဏ်နှင့် အစိုးရများက မည်သို့ လုပ်ဆောင်နိုင်မည်လဲ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

 

မစ္စတာ အန်ဒရူးက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူမှုတွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံ ခုနစ်ခုက ဘဏ် (၁၆) ခုကို ထုတ်ဖော်ခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာအစိုးရပိုင်ဘဏ်တွေနဲ့ အဆက်အသွယ်ရှိပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ကူညီပေးနေတဲ့ အခြားဘဏ် (၂၅)ခုလည်း ရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

“မြန်မာအစိုးရပိုင်ဘဏ်တွေနဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်လိုတဲ့ ငွေကြေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို မှီခိုအားထားပြုခြင်းအားဖြင့် စစ်ကောင်စီဟာ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို အရန်သင့်ရရှိနေတာပါ” လို့ သူက ဆိုပါတယ်။

 

၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရဆီကနေ စစ်ကောင်စီက အာဏာမတရားသိမ်းလိုက်ပြီးကတည်းက အနောက်နိုင်ငံတွေဟာ စစ်ကောင်စီရဲ့ စစ်တပ်၊ ဘဏ်နဲ့ တခြားဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ ကမောက်ကမ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

 

အာဏာသိမ်းမှု သုံးနှစ်ကျော်ကြာလာချိန်မှာတော့ အာဏာရှင်ကို ဆန္ဒပြလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြောင်းလဲသွားခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ထိန်းချုပ်နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေဆီ လက်လွှတ်လိုက်ရပြီဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ကို စွပ်စွဲထားကြပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အထိ စစ်တပ်ကတင်သွင်းတဲ့ လက်နက်တွေ၊ နည်းပညာတွေ၊ ထုတ်လုပ်ရေးကိရိယာတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅၃ သန်းအထိ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒါဟာ အရင်နှစ်တွေက တင်သွင်းမှုထက် သုံးပုံတစ်ပုံ လျော့နည်းခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုထားပြီး စင်္ကာပူအခြေစိုက် ကုမ္ပဏီတွေကနေ စစ်အစိုးရကို လက်နက်တင်ပို့မယ့် ကိစ္စတွေကို တားဆီးပေးတဲ့ စင်ကာပူနိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းဆိုထားပါတယ်။

 

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေနဲ့ ဘက်ပေါင်းစုံကြိုးပမ်းမှုတွေရဲ့ အကျိုးရလဒ်တိုးတက်လာမှုဟာ စစ်အာဏာရှင်အစိုးရရဲ့ သူ့စစ်တပ်အပေါ်ပြန်လည်ထောက်ပံ့နိုင်မှုကို သက်ရောက်မှုရှိစေတာကြောင့် အရပ်သားတွေကို သေဆုံးစေတဲ့‌ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေလည်း ကျဆင်းလာတာကို တွေ့ရတယ်လို့ မစ္စတာ အန်ဒရူးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

“ဒီရွာတွေကို ဗုံးကြဲတိုက်ခိုက်နေမှုတွေဟာ သူတို့တွေ (စစ်ကောင်စီ) နိုင်ငံခြားကနေ ထောက်ပံ့ပေးနေတဲ့ လက်နက်နဲ့ ပစ္စည်းတွေကို သူတို့ဘယ်အတိုင်းအထာထိ လက်လှမ်းမီနေသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်” လို့ သူက ပြောပါတယ်။

 

မြန်မာစစ်တပ်ကတော့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့ဟာ အကြမ်းဖက်သမားတွေကို တုံ့ပြန်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ငြင်းဆိုခဲ့ပြီး အခုလို ပိတ်ဆို့အရေးယူမှု လုပ်ဆောင်တာဟာ တိုင်းပြည်ကို ဒီမိုကရေစီစနစ်ကို ပြန်သွားစေလိုတဲ့ စစ်တပ်ရဲ့ အစီအစဉ်ကို နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

 

မစ္စတာအန်ဒရူးက မြန်မာကာကွယ်ရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ လက်နက်ဝယ်ယူမှုတွေကို စောင့်ကြည့်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူမှုဟာ အမေရိကန်ဒေါ်လာ သန်း (၆၃၀) အထိရှိတယ်လို့ ဖော်ထုတ်ပြောဆိုပါတယ်။

 

စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ ပို့ကုန်တန်ဖိုးဟာ ၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုးဖြစ်တဲ့ ဒေါ်လာ သန်း (၁၁၀) ရှိရာကနေ ဒေါ်လာ (၁၀) သန်းကျော်သာ ကျဆင်းသွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

ဒါပေမဲ့ ထိုင်းနိုင်ငံဟာ အဲဒီလို လစ်ဟာမှုတွေကို ဖြည့်ဆည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကနေ လက်နက်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေ စုစုပေါင်း ဒေါ်လာ သန်း (၁၂၀) ဖိုးလောက် မြန်မာနိုင်ငံကို တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီရှေ့နှစ်မှာတော့ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာစစ်တပ်ဆီတင်ပို့ခဲ့မှုဟာ ဒေါ်လာ သန်း(၆၀) ဖိုးသာရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

“လက်နက်ဝယ်ယူမှုအတွက် ငွေလွှဲပြောင်းရာမှာ ထိုင်းဘဏ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဥပမာပြရရင် Siam Commercial Bank (SCB) ဘဏ်ဟာ ၂၀၂၃ ခုနှစ်မတ်လကုန်မှာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ အရောင်းအဝယ်တွေအတွက် ဒေါ်လာ ငါးသန်းကျော် လွှဲပြောင်းဖို့ အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲ လွှဲပြောင်းမှုမှာတော့ ဒေါ်လာ သန်း (၁၀ဝ) ကျော် အထိ မြင့်တက်လာခဲ့ပါတယ်” လို့ မစ္စတာ အန်ဒရူးက ဆိုပါတယ်။

 

နောက်ထပ်ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရရင် ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ Mi-17 နဲ့ Mi-35 စစ်တပ်သုံးရဟတ်ယာဉ်တွေအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေ ဝယ်ယူရရှိနိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်ခဲ့တာပါပဲလို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီဟာ စစ်သားတွေကို ပို့ဆောင်ဖို့နဲ့ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တောင်ဖို့အတွက် အဆိုပါ ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလထဲမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်းက ပဇီကြီးကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၄၀) အပါအဝင် လူပေါင်း (၁၇၀) လောက်သေဆုံးခဲ့ပါတယ်။

 

မြန်မာစစ်တပ်ကတော့ ပဇီကြီးရွာတိုက်ခိုက်မှုအတွင်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဝင်တွေသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းဝန်ကြီးချုပ် ဆရက်သာကတော့ ထိုင်းနိုင်ငံဟာ ဘက်မလိုက်ဘဲ ပဋိပက္ခအတွင်းက စိုးရိမ်မှုအားလုံးကို ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်တယ်လို့ ဧပြီလအတွင်း တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

 

 

 

ပုံစာ – နိုင်ငံခြားမှ တင်သွင်းလာသော လက်နက်များဖြင့် ပဇီကြီးကျေးရွာကို စစ်‌ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့စဉ်

 

ဓာတ်ပုံ – Reuters

 

ကိုးကား – Reuters