ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီတပ်က ရာအိမ်မှူးဟောင်းတစ်ဦးကို ပစ်ခတ်ဖမ်းဆီး

Author အောင်နိူင်သူ
Categories
Published on Aug 19, 2022

ရွှေပြည်သာ တ-၁၅ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် NLD အစိုးရလက်ထက်က ရာအိမ်မှူးဟောင်းတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားသည်ဟု သိရရသည်။

ရွှေပြည်သာမြိုနယ် တ-၁၅ ရပ်ကွက် ပန်းခြံ၁၅ မှာနေထိုင်သည့် ရာအိမ်မှုးဟောင်းဦးခင်စိုးကို စစ်ကောင်စီတပ်တွေက သေနတ်ဖြင့်ဝိုင်းပစ်ကာ ဖမ်းဆီးသွားတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

“အောင်သိဒ္ဓိလမ်းထဲက ဆိုင်တစ်ဆိုင်မှာ ပစ်ပြီးဖမ်းသွားတာ သတင်းပေးက မနက်က ဦးဝင်းဇော်အပစ်ခံရတာနဲ့ပါတ်သတ်ပြီး ပါတယ်လို့ပြောမှာပေါ့ အာကြောင့်ပစ်ပြီးဖမ်းသွားတာ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ဦးခင်စိုးကို စစ်ကောင်စီတပ်တွေက မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသည့်အတွက် မိသားစုဝင်များက စိတ်ပူပန်နေကြသည်ဟု ရပ်ကွက် နေသူများထံမှ သိရသည်။

ယနေ့ မနက်ပိုင်းက ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာ လှော်ကားဘုရားလေး မှတ်တိုင်အနီးရှိ နီလာဈေးတွင် ဇနီးဖြစ်သူနှင့် စျေးလာဝယ်သည့် ထ/၁၆ ရပ်ကွက်မှ ရာအိမ်မှူးဦးဝင်းဇော် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် ရာအိမ်မှုးဟောင်းဦးခင်စိုးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။