ရခိုင်ပြည် နိုင်ငံရေး၊ စစ်ရေး ကျွမ်းကျင်သူ ဦးဖေသန်းနဲ့ဆက်သွယ်မေးမြန်းချက်

Author မေးမြန်းသူ -ကိုထားဝယ် ရေးသားသူ - လဂွန်းအိမ်
Categories
Published on Jun 25, 2024

အစိုးရနှစ်ဆက် ဆက်တိုက် ရခိုင်ပြည်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူ၊ ရခိုင်အမျိုးသားပါတီ(ANP) ပြောရေးဆိုခွင့်ရှိသူဟောင်း၊ လက်ရှိ ရခိုင် နိုင်ငံရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဦးဖေသန်းက အာရက္ခတပ်တော် AA ရဲ့ လက်ရှိစစ်ရေးအခြေအနေ၊ လာမယ့်စစ်ရေးအခြေအနေ သုံးသပ်ချက်တွေအပါအဝင် ဇွန်လ ၂၃ ရက်တစ်ရက်တည်း အမ်းမြို့နယ်၊ ကဇုကိုင်း(တောဟိန်းတောင်)ဗျူဟာကုန်းနဲ့ သံတွဲလေဆိပ် သိမ်းပိုက်ရရှိခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

CJ           : အာရက္ခတပ်တော် AA က ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းနဲ့ သံတွဲလေဆိပ် သိမ်းပိုက်ထားတဲ့အခြေအနေလေးသိပါရစေ။

UPT       : ဟုတ်ပါတယ်။ တောဟိန်းတောင်စခန်းရော၊ သံတွဲလေဆိပ်ရော ကျွန်တော်တို့နေတဲ့ နေရာနဲ့ကလှမ်းတယ်ဆိုပေမဲ့ မြေပြင်သတင်းတွေအရရော၊ မီဒီယာသတင်းတွေအရရော အဲဒါ မှန်တယ်လို့ လက်ခံအတည်ပြုလို့ရပါတယ်ခင်ဗျ။

CJ           : နှစ်ဖက်အကျအဆုံးအပါအဝင် အခုစခန်းသိမ်းတိုက်ပွဲတွေမှာ ဘာတွေများကြားသိထားတာများရှိပါသလဲ။

UPT       : အကျအဆုံးကတော့ တိတိကျကျ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ရခိုင့်တပ်တော်ဘက်က ကြေညာချက်ထွက်လာမှပဲ အသေးစိတ်ထုတ်လာမှပဲ သိပါမယ်။ ဒါပေမဲ့ (စစ်ကောင်စီဘက်က)အများအပြားတော့ ကျရှုံးတယ်။ ပြီးတော့ဆုတ်ခွာသွားတယ်ပေါ့နော်။ တောဟိန်းတောင်ကနေပြီးတော့ အဲဒီလိုတော့ကြားတယ်ဗျ။

သံတွဲလေဆိပ်မှာလည်း အဲဒီလိုပဲ။ သူတို့ စခန်းချထားတဲ့ သူတို့(စစ်ကောင်စီ)အရာရှိတွေရော၊ တပ်ဖွဲ့ဝင်တွေရော အဲဒီမှာဖမ်းဆီးရမိတယ်။ သေဆုံးတာတွေ ရှိတယ်လို့ ကြားတာပဲ။ တိတိကျကျတော့ ဘယ်လောက်၊ ဘယ်သူရယ် အဲဒါမျိုးတော့ ကျွန်တော်တို့လည်း မကြားပါဘူးဗျ။

CJ           : အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းတွေရော သိမ်းဆည်းရမိမှု ဘယ်လောက်လောက်များရှိတယ်လို့ သိရှိထားရပါသလဲ။

UPT       : စခန်းတစ်ခုမှာ တပ်သားတွေ ကျရှုံးပြီဆိုရင်တော့ လက်နက်တွေပါပါမှာပါ။ လက်နက်ကြီးတွေရောပါနိုင်တာပေါ့။ ဒါပေမဲ့ အဲဒါတော့ ဘယ်လောက်အထိပါတယ်ဆိုတာတော့ အတိအကျ ကျွန်တော်တော့ မသိပါဘူး။

CJ           : ဒီစခန်းတွေကို ဘယ်အချိန်တွေမှာ သိမ်းနိုင်ခဲ့တာလို့ သိရပါသလဲ။

UPT       : တောဟိန်းတောင်စခန်းကတော့ (ဇွန်)၂၃ ရက်နေ့ ကုန်ခဲ့တဲ့နေ့ကပေါ့။ မနက်အာရုံ ၂ နာရီလောက်ကတည်းက သိမ်းဆည်းရတယ်လို့ သတင်းတွေရပါတယ်။ မဇင်လေဆိပ်ကတော့ ဘယ်အချိန်လောက် အတိအကျမသိဘူးပေါ့။ အဲဒီမှာ မဇင်လေဆိပ်ကိုသိမ်းလိုက်ပြီဆိုတာ မီဒီယာတွေမှာရော၊ ဒေသခံဖုန်းတွေအရရောသိရတာပါ။

CJ           : အခုသိမ်းလိုက်တဲ့ အမ်းက ကဇုကုန်းဗျူဟာကုန်းဆိုရင် အမ်းမှာ ပထမဆုံးသိမ်းနိုင်တဲ့ ဗျူဟာကုန်းလို့သိရပါတယ်။ ဒီစခန်းက အမ်းမှာဆိုရင် စစ်ရေးအရ ဘယ်လောက်အထိအရေးပါတယ်လို့ပြောလို့ရနိုင်ပါသလဲ။

UPT       : ဗျူဟာကုန်းတွေကတော့ အာရက္ခတပ်တော်ကတိုက်လာတာ တော်တော်ကို ကြီးကြီးမားမားဗျူဟာကုန်းတစ်ခု ဥပမာ ပလက်ဝကစပြီးတော့ နုံးဘူးတို့ ထရွန်အိုင်တို့ အဲဒီလိုဗျူဟာကုန်း တွေပေါ့။ ဒီဘက်မှာဆိုရင်ပဲ တိုင်းဗဟို ၉ တို့၊ စစ်သင်တန်းကျောင်းတို့ဆိုရင် တော့်တော့်ကို အခက်အခဲနဲ့သိမ်းခဲ့ရတယ်။ ကဇုကိုင်း(တောဟိန်းတောင်)ဗျူဟာကုန်းလည်း သုံးလနီးပါးတိုက်ခဲ့ရတယ်။ တော့်တော့်ကို အရင်းအနှီးပေးဆပ်ပြီးတော့ တိုက်ခိုက်ခဲ့ရတယ်လို့သိရတယ်ပေါ့နော်။ ဒါကတော့ တိုက်ပွဲသတင်းမှာ ကိုယ့်ဘက်ကလည်း ကျဆုံးတာမျိုးရှိမှာပေါ့။ ဆိုတော့ ဘာပဲပြောပြော အဲဒီတောဟိန်းတောင် ဗျူဟာကုန်းကို သူတို့က သိမ်းပိုက်နိုင်ပြီဆိုရင်တော့ အမ်းကို ဆက်ပြီး တိုက်ဖို့ အခွင့်အလမ်းသာသွားတာပေါ့။ အဲဒီကြားမှာ မဲတောင်စခန်း တစ်ခုရှိသေးတယ်။ ဗျူဟာကုန်း။ ဒါပေမဲ့ သိပ်ပြီးကြီးကြီးမားမားတော့မဟုတ်ဘူးပေါ့။ တောဟိန်းတောင်ဗျူဟာလိုတော့မကြီးဘူး။ အဲဒီဟာကို ဖြတ်နိုင်ရင်တော့ အမ်းကိုရောက်တော့မယ်ပေါ့။ အမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲဖို့ အဆင်သင့်ဖြစ်သွားတာပေါ့။ အမ်းက နပခ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့နေရာဆိုတော့ သူတို့ အဲဒါကို မကျအောင်လို့တော့ ကာကွယ်မှာပေါ့နော်။ သူတို့ စစ်ရေးအရ အချက်အခြာနေရာတစ်ခုကို လွယ်လွယ်နဲ့တော့ အကျပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်ကလည်း အမ်းဆိုတော့ အမ်းလမ်းကလည်း ဖြတ်တောက်ခံထားရတယ်ဆိုတော့ အမ်း-ပဒါန်း လမ်းကလည်းဖြတ်တောက်ခံထားရတယ်။ ဒီဘက်မှာ တောင်ကုတ်ဘက်ကလည်းဖြတ်တောက်ခံထားရတယ်။ ဆိုတော့ အဲဒီလမ်းလည်း ပိတ်ထားရတယ်။ အမ်း – ပဒါန်း လမ်းကလည်း စစ်ကောင်စီဘက်ကလည်း ပိတ်ထားတယ်။ ULA/AA ဘက်ကလည်း ပိတ်ထားတယ်။ အဲ့ဒီနေရာကလည်း မဟာမိတ်တပ်ခွဲတွေ နေရာယူထားပြီးသားဖြစ်တယ်ဆိုတော့ အဲဒီလမ်းလည်း ပိတ်သွားတာပေါ့။

တောင်ကုတ်ဘက်ကလည်း စစ်ကူမလာနိုင်တော့ဘူး။ တစ်ဖက်မှာလေယာဉ်ကလည်း အမ်းမြို့ကိုဗုံးကြဲမယ်ဆိုရင်တော့ မြို့ထဲမှာရောက်ပြီးမှ ကြဲနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ပတ်လည်မှာက တောင်ကုန်းတောင်တန်းတွေများတယ်။ နေဗီကလည်းပဲ လက်လှမ်းမမှီတော့ဘူးပေါ့။ တော့်တော့်ကို ရိုးထဲ၊ တောထဲကိုမှာရှိနေတဲ့အခါမှာ နေဗီကလည်းလက်လှမ်းမမှီတော့ဘူး။ ဆိုတဲ့အခြေအနေရှိနေတော့ ဒါ ULA/AA ဘက်က ပိတ်စို့ထားတာ တော်တော်ကိုထိရောက်တယ်။ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ဘာမှကူလို့မရတော့ အမ်းဟာ နပခ ဖြစ်တဲ့အတွက်နဲ့ သူတို့စစ်ရေးအရ အချက်အချာကျတဲ့အတွက် ရှိတဲ့အင်အားနဲ့တော့ သူတို့ခုခံမှာပဲလေ။ တပ်ကိုအင်အားဖြည့်ဖို့လည်း သူတို့ ကြိုးစားမှာပါပဲ။ ဒါပေမဲ့ သူတို့ ရိုးထဲကစစ်ကူပေးမယ်ဆိုလည်း မလွယ်ပါဘူး။ ဘယ်အချိန် ဘယ်နေရာကတိုက်တိုက် စစ်ကူတွေက အမ်းကို မရောက်နိုင်ဘူးပေါ့။ လေကြောင်းက စစ်ကူပေးမယ်ဆိုလည်း မလွယ်ဘူး။ အဲဒီလိုအခြေအနေမျိုးရှိတဲ့အခါမှာ အမ်းကလည်းပဲ ပိတ်ဆို့ထားပြီးတော့ ရေရှည်မှာ ရသွားနိုင်တဲ့ အနေအထားရှိပါတယ်။ စစ်ကောင်စီအတွက်တော့ စစ်ဌာနချုပ်တစ်ခု အသိမ်းခံရတဲ့ အခြေအနေမျိုးရောက်သွားမှာပေါ့နော်။

CJ           : သံတွဲလေဆိပ်ကလည်း ငပလီကိုသွားတဲ့ဝင်ပေါက်ဆိုတော့ ဒီလေဆိပ်သိမ်းလိုက်နိုင်တာကရော ဘယ်လောက်အရေးပါပါသလဲ။

UPT       : နိုင်ငံရေးအရလည်း အရေးပါတာပေါ့။ ပြီးတော့ စီးပွားရေးအရလည်း အရေးပါတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံရေးအရဆိုတာ မဇင်က နိုင်ငံတကာလေဆိပ်လို ဖြစ်နေတာပေါ့လေ။ နိုင်ငံတကာ Tourist တွေအများကြီးလာတဲ့နေရာပေါ့နော်။ အဲဒါကြောင့် အရေးကြီးတယ်။ သူတို့ပုံရိပ်က နိုင်ငံတကာက အဲဒီနေရာကို လာလို့မရတော့ဘူးဆိုတဲ့ Information  သူတို့က ရပြီးသားဖြစ်တဲ့အခါမှာ နိုင်ငံတကာရဲ့အမြင်က စစ်ကောင်စီလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တခြားနေရာထက်ကို ပေါ်လွင်ထင်ရှားတယ်။ နောက်တစ်ချက်က စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ အရင်ကပုဂ္ဂိုလ်အကြီးအကဲတွေ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့ သူတို့ရဲ့မြေယာပိုင်ဆိုင်မှုတွေများတယ်။ ဟိုတယ်တို့၊ မြေကွက်တွေပိုင်ဆိုင်မှုက တော်တော်များတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စီးပွားရေးအရ သူတို့ ထိခိုက်နိုင်တာပေါ့။ တိုင်းပြည်ရဲ့ဝင်ငွေလည်းထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီနေရာက တော်တော်အရေးကြီးတဲ့နေရာ ကမ္ဘာက အသိအမှတ်ပြုခံထားရတဲ့နေရာဖြစ်တဲ့အတွက် ပိုပြီးတော့မှ သူတို့အတွက် နိုင်ငံရေးအရ ပိုပြီးတော့မှ ထိခိုက်နစ်နာမှုရှိနိုင်တယ်လို့ပြောချင်ပါတယ်။

CJ           : AA က ရခိုင်မြောက်ပိုင်းမြို့နယ်တွေအပြင် လက်ရှိမှာ တောင်ပိုင်းကမြို့နယ်တွေကိုပါ တိုက်ခိုက်နေပြီဆိုတော့ ရခိုင်ရဲ့ စစ်ရေးအခြေအနေက ဘယ်လိုဆက်ဖြစ်လာနိုင်ခြေရှိပါသလဲ။ ဘယ်လိုများသုံးသပ်လို့ရနိုင်ပါသလဲ။

UPT       : အခုလောလောဆယ် ပလက်ဝအပါဝင် ၁၀ မြို့နယ်ကို ULA ဘက်ကသိမ်းထားတာပေါ့။ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်မှာ ၈ မြို့နယ်တော့ကျန်တယ်။ ဒါပေမဲ့ အဲဒီမြို့နယ်တွေကိုလည်း အများအားဖြင့် တိုက်နေတာတွေ၊ ဝိုင်းပတ်ပိတ်စို့ထားတာတွေ အဲဒါမျိုးတော့ရှိနေတယ်။ ဒီတော့ အခြေအနေက မြောက်ပိုင်းကနေ တောင်ပိုင်းကို တဖြေးဖြေးရွေ့လာတယ်။ ပြီးတော့ သိမ်းထားတဲ့ ဧရိယာတွေ၊ မြို့နယ်တွေကိုလည်း စစ်ကောင်စီဘက်က ပြန်သိမ်းနိုင်တဲ့ အခြေအနေမရှိဘူး။ သူတို့သိမ်းထားတယ်ဆိုရင် သူတို့အုပ်ချုပ်ရေးအောက်ကို ရောက်သွားတဲ့ သဘောရှိတယ်။ နယ်မြေတွေကလည်း တစ်ဆက်တစ်ဆက်တည်းရှိတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဲဒါကိုတော့ သိမ်းထားတဲ့မြို့နယ်တွေအပြင် သူတို့ရဲ့ဖြတ်တောက်ထားတဲ့၊ ဝိုင်းပတ်ပိတ်စို့ထားတဲ့ မြို့နယ်တွေရော အကုန်လုံးပေါ့။ သူတို့ ထိန်းချုပ်ဧရိယာတွေမှာ လုပ်နိုင်တယ်။ ကျန်တဲ့မြို့တွေကတော့ မြို့ပေါ်လောက်ပဲ ကျန်တော့တာပေါ့။ မြို့ပြင်နည်းနည်းသွားလိုက်တာနဲ့ ULA ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားတယ်။ အဲဒီအခြေအနေအတိုင်းပေါ့။ သူတို့(စစ်ကောင်စီ)အနေနဲ့ ပြန်တိုက်နိုင်တာလည်း မရှိဘူး။ တဖြေးဖြေးတပ်ဆုပ်လာတာပဲ တွေ့ရတဲ့အခါမှာတော့ ကျန်တဲ့ မြို့နယ်တွေကိုလည်း အနှေးနဲ့အမြန်ဆိုသလိုပဲ ULA/AA ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားနိုင်တယ်လို့ ခန့်မှန်းပါတယ်ခင်ဗျ။

CJ           : အခုလက်ရှိ ရခိုင်ပြည်မှာက AA ရဲ့ထိုးစစ်အင်အားအရမ်းကောင်းနေတာဆိုတော့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်က ပထမဆုံးလွတ်မြောက်နယ်မြေများဖြစ်လာနိုင်မလား။

UPT       : လွတ်မြောက်နယ်မြေဟုတ်မဟုတ်ဆိုတာထက် သူတို့ထိန်းချုပ်နယ်မြေလို့ ကျွန်တော်တော့ ပြောချင်တယ်။ ထိန်းချူပ်တာတော့ တော့်တော့်ကို ဧရိယာများလာတယ်ပေါ့နော်။ သို့သော်လည်း တချို့ဒေသတွေကတော့ မြို့နယ်နည်းရင်တော့ သူတို့လည်း ဒါအရင်ဆုံးလည်းဖြစ်သွားနိုင်တာပေါ့။ ဒီမှာတော့ ရှစ်မြို့နယ်ကျန်သေးတယ်ဆိုတော့ ဒီရှစ်မြို့နယ်ကို အကုန်လုံးပြတ်ရင်တော့ သူတို့ ထိန်းချုပ်တဲ့ ဧရိယာအတွင်းရောက်သွားမှာပေါ့။ လွတ်မြောက်နယ်မြေဆိုတာက တစ်မျိုးပေါ့နော်။ သူတို့အနေနဲ့ ဘယ်လိုခရီး ဆက်သွားမလဲပေါ့။ ထိန်းချုပ်တဲ့နယ်မြေ အကုန်လုံးစုံမယ်ဆိုရင် ဒါမှမဟုတ် တစ်စုံတစ်ရာအတိုင်းအတာအထိ စစ်ရေးရည်မှန်းချက်ထားပြီးတော့ ဆွေးနွေးတဲ့လမ်းကို ဦးတည်မလားပေါ့။ သူတို့ကတော့ လွတ်လပ်ရေးမခွဲထွက်ဘူးလို့ပြောထားတဲ့အတွက် သူတို့အနေနဲ့ ဆွေးနွေးမှုလမ်းကြောင်းကိုတော့ တစ်ချိန်ချိန်ရောက်လာလိမ့်မယ်လို့ ယူဆတယ်။ ဆွေးနွေးတဲ့အခါမှာ၊ အပေးအယူလုပ်တဲ့အခါမှာ သူတို့ဘက်က အားသာမှုရှိအောင် နယ်မြေတွေအကုန်လုံး သူတို့ရဲ့ ပေါ်လစီအရပေါ့။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ပြည်ထဲမှာ ရန်သူ့စစ်စခန်းတွေ မရှိစေရဘူးဆိုတဲ့ ရည်မှန်းချက်အရ သူတို့တိုက်ယူပြီးတော့ စစ်ရေးရည်မှန်းချက်ပြည့်စုံတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲကို သွားလိမ့်မယ်လို့ ယူဆတယ်။ အဲဒီမှာ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဘယ်လောက်အထိ သူတို့ အပေးအယူညှိနှိုင်းလို့ရမလဲပေါ့။ အဲဒီအပေါ်မှာမှ သူတို့ရဲ့ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ အားသာချက်ပေါ့။ အဲဒီအပေါ်မှာမူတည်ပြီးတော့ အခွင့်အရေးတွေ ရလာနိုင်တယ်လို့ ကျွန်တော်မြင်မိတယ်ခင်ဗျ။

 

ဓာတ်ပုံ – U Pe Than’s Facebook