မူဆယ်မှာ ကျွဲခတ်ခံရလို့ တစ်ဦးသေဆုံးတဲ့အပြင် လူ ၂၀ နီးပါး ဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Jun 24, 2024

ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအတွင်း ကျွဲတစ်ကောင် ဝင်ရောက်ခတ်ရမ်းလို့ အမျိုးသမီးတစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ် လူ ၁၉ ဦးအထိဒဏ်ရာတွေရရှိခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၂၂ ရက် ညနေပိုင်းမှာ ကားတစ်စီးပေါ်က လွတ်မြောက်လာတဲ့ ကျွဲတစ်ကောင်ဟာ မိုင်းယု (၁၀၅)မိုင်ရွာထဲကို ဝင်ရောက်လာပြီး ဒေသခံတွေ ရန်ပြုခဲ့တာပဲဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေကို ၁၀၅ မိုင်ရှိ ဆေးခန်းတွေမှာ ကုသနေခဲ့ရာမှ ပြင်းထန်ဒဏ်ရာရသူတွေကို ကွတ်ခိုင်ဆေးရုံကို တင်ပို့ကုသစဉ် ဒေါ်ကြာအေး အသက်(၅၂)နှစ်ဆိုသူ ကျွဲခတ်ခံရတဲ့ဒဏ်ရာတွေနဲ့အတူ ယနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ PSLF/TNLA ထံမှ သိရပါတယ်။

ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနဲ့ ရင်ဘတ်တို့မှာ ဒဏ်ရာအပြင်းအထန်ရထားသူ သုံးဦးကိုလည်း လက်ရှိ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့အပြင် ပေါင်နဲ့ လက်တို့မှာ ဒဏ်ရာအနည်းငယ်ရရှိသူ (၁၆)ဦးကိုတော့ (105)မိုင်ဆေးခန်းနဲ့ ကြက်ခြေနီရုံးဆေးခန်းတို့မှာ ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

အဲဒီကျွဲဟာ ဖမ်းဆီးလို့မရဖြစ်နေလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွဲခတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို ကုစားပေးနိုင်ဖို့ ကျွဲပိုင်ရှင်နဲ့အတူ TNLA က ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်းမှာ ကျွဲခတ်လို့ သေဆုံးခဲ့ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ကျွဲခတ်ခံရလို့ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ-PSLF/TNLA