လူ့သက်တမ်းမှာ တစ်ခါပဲ မြင်နိုင်မဲ့ နိုဗာကြယ်ပေါက်ကွဲမှု ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားမယ်
နှစ်ပေါင်း ၈၀ ကျော်ကြာမှ တစ်ခါ၊ လူ့သက်တမ်းနဲ့ဆိုရင် လူတစ်ယောက်ကို ဘဝတစ်သက်မှာ တစ်ကြိမ်ပဲ ကြုံနိုင်ခွင့်ရှိတဲ့ နိုဗာအမျိုးအစား ကြယ်ပေါက်ကွဲမှုတစ်ခု ဒီနှစ်ပိုင်းထဲ ဖြစ်ဖို့ ရှိပါတယ်။ အဲဒီကြယ်ပေါက်ကွဲမှုက ကမ္ဘာနဲ့ နီးတာမို့ ကမ္ဘာကနေလဲ မြင်ရပါမယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်လို့ အောက်မှာ ဆက်ဖတ်နိုင်ပါပြီ။
****************************************
တီ ကိုရိုနေး-ဘိုရီရဲလစ် နှစ်လုံးတွဲကြယ်စုစနစ်
တီ ကိုရိုနေး-ဘိုရီရဲလစ် (T Coronae Borealis) ဆိုတာ ကြယ်နှစ်လုံး တွဲရက်ရှိတဲ့ ကြယ်စုစနစ်တစ်ခု (Binary Star System) ကို ခေါ်ဝေါ်တာပါ။ အဲဒီလို နှစ်လုံးတွဲကြယ်စုစနစ်အများစုမှာ ကြယ်ဖြူပု (White Dwarf) တစ်လုံးနဲ့ နေလိုမျိုး ပင်မစဉ်တွင်းကြယ် (Main Sequence)၊ ကြယ်ကြီး (Subgiant) နဲ့ ဧရာမကြယ်နီ (Red Giant) တို့လို ကြယ်တစ်လုံးစီ ပါဝင်လေ့ရှိပါတယ်။ လက်ရှိ တီ ကိုရိုနေး-ဘိုရီရဲလစ်ကတော့ ကြယ်ဖြူပုနဲ့ ဧရာမကြယ်နီကြီး တွဲရှိနေတဲ့ ကြယ်စုပေါ့။
ကြယ်ဖြူပုဆိုတာ သေဆုံးပြီးသား ကြယ်ကို ဆိုလိုတာပါ။ စကြဝဠာထဲမှာ ရှိသမျှ ကြယ်အားလုံးရဲ့ ၉၇ ရာခိုင်နှုန်းလောက်က ကြယ်ဖြူပုအဖြစ်နဲ့ သူတို့ရဲ့ ကြယ်ဘဝကို နိဂုံးချုပ်ကြရပါတယ်။ ဧရာမကြယ်နီဆိုတာကတော့ အဲဒီကြယ်ဖြူပုဘဝကို မရောက်ခင် သေဆုံးခါနီး ဖြစ်နေတဲ့ ကြယ်ပါ။ ကြယ်ဖြူပုတွေက အရွယ်အစားသေးငယ်ပေမဲ့ ဒြပ်ထုအင်မတန်သိပ်သည်းသလို အပူချိန်လဲ တအားမြင့်ပါတယ်။ ကမ္ဘာ့အရွယ်လောက်ပဲ ရှိပေမဲ့ နေလောက် ဒြပ်ထုကို ပိုင်ဆိုင်ထားပြီး နေထက် အဆ ၄၀ လောက် ပြင်းတဲ့ အပူချိန်ကို ပိုင်ဆိုင်ထားတဲ့ ကြယ်မျိုးတွေပါ။ ဧရာမကြယ်နီတွေကတော့ အဲဒီကြယ်ဖြူပုအဆင့်ကို ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့ လောင်စာကုန် ဆီခမ်းခါနီး နီနီရဲရဲကြယ်ကြီးတွေပေါ့။
တီ ကိုရိုနေး-ဘိုရီရဲလစ် နှစ်လုံးတွဲ ကြယ်စနစ်မှာ ပါဝင်တဲ့ ကြယ်ဖြူပုနဲ့ ဧရာမကြယ်နီကြီးတွေက တခြားကြယ်စုတွေ နည်းတူ ဒြပ်ထုဗဟိုချက် (Centre of Mass) တစ်ခုကို တည်ပြီး တစ်လုံးနဲ့ တစ်လုံး လှည့်ပတ်နေကြပါတယ်။ အဲဒီလို လှည့်ပတ်နိုင်ဖို့လဲ သူတို့အကြား ချည်နှောင်ပေးထားတဲ့ ‘ဒြပ်ဆွဲငင်အား’ ရှိနေရပါတယ်။ ဒါပေမဲ့ ချုပ်နှောင်ဆွဲငင်မှုတွေ များပြားကြီးမားလာတဲ့အခါ . . .။
****************************************
နိုဗာဆိုတာ . . .
နိုဗာဆိုတာ နှစ်လုံးတွဲ ကြယ်စုတွေမှာ မြင်ရလေ့ရှိတဲ့ ကြယ်ပေါက်ကွဲမှု အမျိုးအစားတစ်ခုပါ။ အပေါ်မှာ ပြောခဲ့သလို ကြယ်ဖြူပုတွေက အရွယ်နဲ့ မမျှအောင်ကို သိပ်သည်းကြတာမို့ သူတို့တွေရဲ့ ဆွဲငင်အားကလဲ အတော်ပြင်းထန်ပါတယ်။ ဒါကြောင့် ဗဟိုချက်တစ်ခုကို တည်ပြီး လည်ပတ်ချိန်မှာ အဖော်ဧရာမကြယ်နီရဲ့ အပေါ်ယံလွှာက ဟိုက်ဒြိုဂျင်ဒြပ်တွေကို သူက အရှိန်အဟုန်နဲ့ ဆွဲပါတော့တယ်။ အဲဒီလို လည်ရင်း ဆွဲရင်း အချိန်တစ်ခုကို ရောက်တဲ့အခါ ကြယ်ဖြူပုရဲ့ အပေါ်ယံလွှာထဲ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့တွေ ထုထည်နဲ့ စုစည်းမိလာတာပေါ့။ ကြယ်ဖြူပုရဲ့ မျက်နှာပြင်အပူချိန်က အင်မတန်မြင့်တာမို့ ဓာတ်ငွေ့တွေကလဲ ပူလာပါတယ်။ ဖိအားပမာဏတစ်ခုလဲ ရှိလာတာကြောင့် ဖျူရှင် (Fusion) လို့ခေါ်တဲ့ နျူကလီးယားဒြပ်ပေါင်းစည်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာပါ။ အဲဒီဖျူရှင်ဓာတ်ပြုမှုကြောင့် စွမ်းအင်ပမာဏ အမြောက်အမြားထွက်လာ (သာမိုနျူကလီးယား ပေါက်ကွဲမှုဖြစ်) ပြီး ကြယ်ဖြူပုရဲ့ အပေါ်ယံအလွှာကလဲ အာကာသအပြင်ဘက်ထဲ လွှင့်ထွက်သွားပါတယ်။ ဒါကို နိုဗာပေါက်ကွဲမှု (Nova) လို့ ခေါ်တာပေါ့။
နှစ်လုံးတွဲကြယ်စုစနစ်တွေရော ရိုးရိုးနေအဖွဲ့အစည်းတွေမှာပါ ဖြစ်လေ့ရှိတဲ့ စူပါနိုဗာ (Supernova) ပေါက်ကွဲမှုကတော့ နိုဗာထက် အဆအများကြီး ပိုပြင်းထန်လေ့ ရှိပါတယ်။ စူပါနိုဗာပေါက်ကွဲမှုတွေက ထွက်လာတဲ့ ရောင်စဉ်လှိုင်းတွေဆိုရင် အင်မတန်တောက်ပတာမို့ ဂလက်စီတစ်ခုလုံးကိုတောင် လင်းလက်တောက်ပသွားစေနိုင်တာပါ။
ဒီရှင်းပြချက်ငယ်အောက်မှာ စာဖတ်သူတို့ အလွယ်တကူနားမလည်နိုင်တဲ့ သဘောတရားတချို့ ပါဝင်နိုင်ပါတယ်။ ကြယ်တွေရဲ့ သံသရာစက်ဝန်းတွေ၊ နျူကလီးယားဓာတ်ပြုမှုတွေအကြောင်းကို CJ Platform က ညွှန်းပေးချင်တဲ့ ဆောင်းပါးတွေ ရှိပါတယ်။ ဒါတွေနဲ့ တွဲရက်ဖတ်ရှုရင် ပိုအဆင်ပြေနိုင်မှာပါ။
ကြယ်တာရာတွေရဲ့ နေဝင်ချိန် – https://blog.facthub-mm.org/2023/09/02/how-do-stars-die-html/
ကြယ်တွေ ဘယ်လိုမွေး၊ ဂြိုဟ်တွေ ဘယ်လိုဖြစ် – https://blog.facthub-mm.org/2023/09/02/how-do-stars-die-html/
Fission, Fusion အမေးအဖြေ – https://blog.facthub-mm.org/2023/05/25/fission-fusion-questions-and-answers/
****************************************
တီ စီအာဘီရဲ့ အတောမသတ်နိုင်တဲ့ ပေါက်ကွဲမှုတွေ . . .
စူပါနိုဗာတွေ ဖြစ်တဲ့အခါ ကြယ်တွေက လုံးလုံးကြီးကို ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါပေမဲ့ နိုဗာပေါက်ကွဲမှုတွေ ဖြစ်တဲ့အခါမှာတော့ အဲဒီကြယ်တွေက အပြီးတိုင် ပျက်စီးပျောက်ကွယ်မသွားပါဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ ကြယ်ဖြူပုတွေက အကောင်းအတိုင်း ကျန်ခဲ့လေ့ရှိပြီး နောင်တစ်ချိန်မှာ သူ့ရဲ့ အဖော် ကြယ်ဆီက လောင်စာတွေကို ထပ်ယူရင်း ထပ်ပေါက်ကွဲပြန်ပါတယ်။ အဲဒီလိုမျိုး ထပ်ခါတလဲလဲ ဖြစ်လေ့ရှိတဲ့ နိုဗာတွေကို ပြန်ထပ်နိုဗာ (Recurrent Nova) လို့ ခေါ်ပြီး ပေါက်ကွဲမှုတွေ တစ်ခုနဲ့ တစ်ခုဖြစ်ဖို့ကြား နှစ်ဆယ်ချီကနေ ရာစုနှစ်၊ ထောင်စုနှစ်တွေအထိ ကြာညောင်းလေ့ရှိပါတယ်။
တီ စီအာဘီ (T CrB – T Coronae Borealis) ကတော့ နှစ်ပေါင်း ၈၀ ကို တစ်ခါ ပေါက်ကွဲလေ့ရှိတဲ့ နှစ်လုံးတွဲ ကြယ်စနစ်မျိုးပါ။ နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့တာက ၁၉၄၆ ခုနှစ်တုန်းက ဖြစ်ပြီး အဲဒီအရှေ့ . . . ၁၈၆၆၊ ၁၇၈၇ နဲ့ ၁၂၁၇ ခုနှစ်တို့မှာလဲ မှတ်တမ်းတွေ ရှိခဲ့ဖူးပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရတော့ လက်ရှိ ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ် ထပ်ပေါက်ကွဲမှာပါ။
****************************************
ဘယ်အချိန်လဲ၊ ဘယ်နေရာလဲ . . .?
၂၀၂၄ ခုနှစ်ရဲ့ စက်တင်ဘာလ (ဒါမှမဟုတ်) စက်တင်ဘာလ မတိုင်ခင် စပ်ကြားကာလ တစ်ခုခုမှာ တီ စီအာဘီရဲ့ ပေါက်ကွဲမှုကို မြင်တွေ့နိုင်မယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။ အချိန်အတိအကျကိုတော့ လတ်တလော မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဒီနိုဗာပေါက်ကွဲမှုက ကမ္ဘာနဲ့ အလင်းနှစ် ၃၀၀၀ ဝေးတဲ့ နေရာမှာ ဖြစ်ပွားမှာမို့ ကမ္ဘာကနေ မျက်စိဗလာနဲ့ ကြည့်နိုင်တယ်လို့လဲ ပါတာပါ။ နေရာက Northern Crown နက္ခတ်မှာ ဖြစ်ပြီး အဲဒီနက္ခတ်ကို ရှာဖို့ မြောက်ဘက်ကောင်းကင်ယံမှာရှိသမျှထဲ အလင်းဆုံးကြယ်နှစ်စင်းဖြစ်တဲ့ အာ့က်တူးရက်စ် (Arcturus) နဲ့ ဗီဂါ (Vega) ကို အရင်ရှာဖို့ လိုပါတယ်။ အဲဒီကြယ်နှစ်စင်းကို တွေ့ပြီဆိုရင် မျက်စိထဲ လိုင်းလေးတစ်ခုနဲ့ မြင်ယောင်ပြီး ဆက်ကြည့်လိုက်ပါ။ အဲဒီအာ့က်တူးရက်စ်ရဲ့ ဘေးကပ်ရက်မှာ Northern Crown နက္ခတ်ရှိပါတယ်။ အဲဒီနည်းနဲ့ မတွေ့ရင် ခုနှစ်စဉ်ကြယ်ကို အရင်ရှာပါ။ ခုနှစ်စဉ်ကြယ်ကို မတွေ့ရင်တော့ ဓူဝံကြယ်ကို အရင်ရှာပြီး အဲဒီကနေ ခုနှစ်စဉ်ကြယ်ရဲ့ လေးထောင့်ကျကျ ရှိနေတဲ့ ကြယ်လေးလုံးကို တွေ့အောင် ရှာပါ။ အဲဒီကနေ လက်တံဘက်မှာ ရှိတဲ့ ကြယ်တွေဆီ ဆင်းရင်း ခုနှစ်စဉ်ကြယ်တန်း ဆုံးတဲ့ နေရာရဲ့ အောက်ဘက်မှာ ရှိတဲ့ ခပ်လင်းလင်းကြယ် (အာ့က်တူးရက်စ်) ကို တွေ့အောင် ရှာလိုက်ရင် အဆင်ပြေပါပြီ။ အာ့က်တူးရက်စ်နဲ့ ဗီဂါကို ဆက်ထားတဲ့ လိုင်းတစ်လျှောက်ရဲ့ ဝန်းကျင်မှာ Northern Crown နက္ခတ် ရှိပါတယ်။ Stellarium နဲ့ Sky Tonight တို့လို ကောင်းကင်လမ်းညွှန်ဆော့ဝဲတွေ သုံးပြီး ရှာရင် အလွယ်တွေ့နိုင်ပါကြောင်း . . .။
****************************************
ဘယ်လိုမြင်ရမှာလဲ . . .?
ရုပ်ရှင်တွေ၊ အင်တာနက်ဗီဒီယိုတွေထဲကလို ရောင်စဉ်လှိုင်းတွေ ဖြာထွက်ပြန့်ကျဲပြီး ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းသွားမှာမျိုးတော့ မဟုတ်ပါဘူး။ မျက်စိဗလာနဲ့ ကြည့်သူတွေဆိုရင် မြောက်ဘက်ကောင်းကင်ယံမှာ ကြယ်အသစ်တစ်လုံး ရုတ်တရက်ပေါ်လာသလို ပုံရိပ်မျိုး တွေ့ရပါလိမ့်မယ်။ အားကောင်းတဲ့ တယ်လီစကုပ်တွေ ခံပြီး ကြည့်ရင်တော့ လှိုင်းရောင်စုံ ခွဲဖြာထွက်လာတာတဲ့ အစအနကို မြင်ရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
****************************************
နှစ်ပေါင်း ၈၀ အကြာ (သို့) တစ်သက်မှာ တစ်ခါ . . .
တယ်လီစကုပ်တွေနဲ့ အာကာသလေ့လာရေးတွေကနေ လေ့လာတွေ့ရှိထားတာအရ နဂါးငွေ့တန်းကြယ်စုထဲ ပြန်ထပ်နိုဗာပေါက်ကွဲမှုဖြစ်နိုင်တဲ့ ကြယ်စနစ်မျိုးက ဆယ်ဂဏန်းပဲ ရှိပါတယ်။ အဲဒီထဲက တီ စီအာဘီ နှစ်လုံးတွဲကြယ်စနစ်ကပဲ ကမ္ဘာနဲ့ နီးတာပါ။ ကမ္ဘာနဲ့ အနီးဆုံးမှာ ရှိပေမဲ့ အဲဒီလိုပေါက်ကွဲမှုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ဖို့က နှစ်ပေါင်း ၈၀ တောင် စောင့်ရမှာမို့ လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းတစ်ရပ်စာ ရှိတယ် ဆိုရပါမယ်။ ဒီတော့ အခုတစ်ခေါက် လွတ်ရင် နောက်တစ်ကြိမ် ပြန်မြင်ရဖို့ မဖြစ်နိုင်တော့တာမို့ ဝါသနာရှင် ကြယ်ငေးသူတွေအဖို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ နိုင်ငံတကာ အာကာသအေဂျင်စီတွေမှာ ရှိတဲ့ မြေပြင်တယ်လီစကုပ်တွေ၊ နာဆာက ဂျိမ်းစ်ဝဘ်တယ်လီစကုပ်နဲ့ ဖာမီ ဂမ်မာရောင်ခြည်ဖမ်း တယ်လီစကုပ်တွေနဲ့ နက္ခတ်ဗေဒပညာရှင်တွေကလဲ ဒီကြုံတောင့်ကြုံခဲဖြစ်စဉ်ကို မှတ်တမ်းတင်ဖို့ အသင့်ဖြစ်နေကြပါပြီ။