စုကလိစခန်းသိမ်းတိုက်ပွဲမှ တပ်ခွဲမှူး ဗိုလ်မှူးကြီးအပါအဝင် ၂၁ ဦးဖမ်းမိတဲ့အပြင် လက်နက်နဲ့ ကျည်အမျိုးအစား ၃၀ နီးပါးသိမ်းဆည်းရမိ

Author အကြင်နာ
Categories
Published on Jun 23, 2024

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အ‌ခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းကို ဇွန်လ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းအဖွဲ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထံမှ သိရပါတယ်။

 

ထိုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးသလို ဒဏ်ရာအများအပြားရပြီး ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အပြင် စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ဝဏ္ဏတိုးအပါအဝင် ၂၁ ဦး ဖမ်းဆည်းရမိခဲ့တယ်လို့ KNU က ဒီနေ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့ဘက်က ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လက်နက်ခဲယမ်းအမျိုးအစား ၂၉ မျိုးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗိုလ်မှူးကြီး ဝဏ္ဏတိုးနဲ့ ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်တဲ့ ထိုတပ်စခန်းကို KNLA ဘက်က ယခုနှစ် မတ်လ ၂၅ မှ ၃၀ ရက်အထိ လက်နက်ချအလင်းဝင်ဖို့ စာဖြင့် အသိပေးအကြောင်းကြားခဲ့ပေမဲ့ မလိုက်နာလို့ KNLA နဲ့အတူ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)နဲ့ပူးပေါင်းအဖွဲ့ဟာ မတ်လ ၃၀ ရက်မှ ဇွန်လ ၁၆ ရက်အထိ စခန်းပြင်ပမှတိုက်ခိုက်မှုတွေအမျိုးမျိုးပြုလုပ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

 

အဲဒီနောက် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကစပြီး စခန်းထဲဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လေးရက်အကြာ ဇွန် ၂၁ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ၆၀ မမ (ပြောင်းရှည်) – တစ်လက်

(၂) ၆၀ မမ (ပြောင်းတို) – တစ်လက်

(၃) RPG – 7 – တစ်လက် (ပျက်စီး)

(၄) MA-1 – ၁၂ လက် (လေးလက် ပျက်စီး)

(၅) MA-2 – ၁၅ လက် (လေးလက် ပျက်စီး)

(၆) MA-3 – လေးလက် (တစ်လက် ပျက်စီး)

(၇) MA-79 – နှစ်လက်

(၈) ငါးကြင်းမှီး စက်လက် – တစ်လက် (ပျက်စီး)

(၉) ၈၁ မမ ကျည် – ၃၇ လုံး

(၁၀) ၆၀ မမ ကျည် – ၃၉ လုံး

(၁၁) ရှေ့ထွက်မိုင်း (အကြီး) – သုံးလုံး

(၁၂) ရှေ့ထွက်မိုင်း (အသေး) – ၂၇ လုံး

(၁၃) နင်းမိုင်း – ၁၁ လုံး

(၁၄) ခွင်းဗုံး – ဆယ်လုံး

(၁၅) တိုက်မိုင်း – ၁၄ လုံး

(၁၆) လက်လုပ် သံပိုက်မိုင်း – ရှစ်လုံး

(၁၇) ဆက်သွယ်ရေး စက်ကြီး – နှစ်လုံး

(၁၈) MA-1,2,3,4 ကျည်ဘောက် – ၇၀ ဘောက်

(၁၉) MA-1,2,3,4 ကျည် – ၆၅၀၁ တောင့်

(၂၀) MG3 ငါးကြင်းမှီး စက်လက် ကျည် – ၇၉၂၃ တောင့်

(၂၁) RPG-7 ကျည် – ၇၇ လုံး

(၂၂) ပို့ယမ်း – ၅၄ တောင့်

(၂၃) မိုင်းရှင်းစက် – တစ်ခု

(၂၄) ဒရုန်း အသေး – တစ်စီး

(၂၅) Jammer – တစ်ခု

(၂၆) ဆက်သွယ်ရေး စက်အသေး – နှစ်လုံး

(၂၇) ဆက်သွယ်ရး (အထိုင်) စက်တိုင် – နှစ်ခု

(၂၈) ER ဘောက် – ၁၃၀ ခု

(၂၉) ကျည်ကာ ဦးထုပ် – ရှစ်လုံး စတဲ့ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

 

ဓာတ်ပုံ – KNU