“အမှောင်ချဖို့ကြံတဲ့ စစ်ကောင်စီ VPN ဖြုတ်ချရေးနဲ့ ပြည်သူလူထုအခက်အခဲ”

Author ကိုထားဝယ်၊ အညာသား၊ မင်းထက်၊ လဂွန်းအိမ်၊ မိသက်
Categories
Published on Jun 23, 2024

မြန်မာပြည်တွင်းမှာ စစ်ကောင်စီရဲ့ VPN ဖြုတ်ချမှုစစ်ဆင်ရေးနဲ့အတူ အစစ်အဆေးတွေတင်းကျပ်နေတာကြောင့် ပြည်သူလူထု အလွန်အခက်အခဲဖြစ်နေပါတယ်။ လုံခြုံရေးအရထက် ငွေညှစ်ချင်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုန်းတွေကို စစ်ဆေးနေကြတာဖြစ်ပါတယ်။ ဖုန်းထဲ VPN App တွေ့တာနဲ့ ဖုန်းသိမ်းတဲ့အပြင် အနိမ့်ဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ တောင်းနေတယ်လို့ ပြည်သူအများက ပြောဆိုနေကြပါတယ်။ ဒါကြောင့် ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍအတွက် VPN ကြောင့် ဒုက္ခတွေ့နေသူတွေရဲ့ တိုးရှိုးသံတွေကို ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

“ VPN ပါတဲ့ဖုန်းတွေ အပြင်ယူမသွားနဲ့နော်တဲ့ ”

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှ အမျိုးသမီးတစ်ဦး

 

ဖမ်းနေဆဲပဲ။ အဲဒါကြောင့် အပြင်သွားရင်ဖုန်းမယူသွားရဲဘူး။ ဟိုတစ်နေ့က အသိရဲအရာရှိတစ်ယောက်ရဲ့အမေကသတိပေးတာ VPN ပါတဲ့ဖုန်းတွေ အပြင်ယူမသွားနဲ့နော်တဲ့။ သူတောင် မယူသွားဘူးလို့ပြောသွားတယ်။ ကျွန်မကတော့ အစစ်တော့ မခံရဖူးသေးပါဘူး။ အစစ်ခံရတဲ့သူတွေပြောတာကြားတာတော့။ ဖုန်းလည်းသိမ်းတယ်။ ငွေလည်းတောင်းတယ်တဲ့။ မပေးရင်ဖမ်းမယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်လို့ပြောတယ်။

****************************************

“ လိုင်းကောင်းမယ့် VPN ရှာပြီးသုံးတော့ သုံးဖြစ်နေသေးတယ် ”

 

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်သန္တာ

 

အိမ်မှာပဲ အဆင်ပြေတဲ့ VPN ရှာပြီးပြောင်းသုံးနေရတာ။ အပြင်ထွက်ရင်တော့ ဖုန်းယူမသွားဘူး။ လိုင်းကတော့ အရင်လောက်မကောင်းဘူး။ လိုင်းကောင်းမယ့် VPN ရှာပြီးသုံးတော့ သုံးဖြစ်နေသေးတယ်။ VPN စသုံးတုန်းကလို အခြေနေမျိုးပြန်ဖြစ်နေတယ်။ လမ်းမှာ ဆိုင်ကယ်ကိုတားစစ်ရင် ယာဉ်မောင်းလိုင်းစင်အပြင် ဖုန်းကိုပါစစ်တယ်။ ဖမ်းတာကတော့ တစ်ကယ်ဖမ်းနေတာ။ အခုနောက်ပိုင်း ဖုန်းတွေတအားစစ်တယ်။ အပြင်ထွက်ရင် မော်တော်ပီကယ်တွေက လိုင်စင်တွေတောင်မစစ်တော့ဘူး။ ဖုန်းပဲအဓိကထား စစ်နေတော့တာ။ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ဖုန်းနှစ်လုံးထားပြီး သုံးကြတယ်။ ဖုန်းတစ်လုံးပဲရှိတဲ့သူကတော့ အပြင်သွားရင် ရှင်းပြီးသွားလိုက်။ အိမ်ရောက်ရင် ပြန်ဒေါင်းလိုက်နဲ့ လိုင်းသုံးဖို့အတွက် အလုပ်ကိုရှုပ်နေတာပဲ။

****************************************

“ ကြောက်လို့ အပြင်သွားတိုင်း ဖုန်းမယူသွားရဲဘူး ”

 

ရှမ်းပြည်(တောင်ပိုင်း)တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦး

VPN တွေစစ်နေတယ်။ ကြောက်လို့ အပြင်သွားတိုင်း ဖုန်းမယူသွားရဲဘူး။ ကိုယ့်အိမ်နားက ဈေးသွားတာတောင် မယူသွားဘူး။ ဖမ်းမှာကြောက်လို့။ သူတို့က ပြောလို့ရတာမဟုတ်ဘူး။ အခုတောင်ကြီးမှာကြားနေရတာ။ ဖုန်းသိမ်းတာတော့ တော်တော်များများပြောကြတယ်။ ပိုက်ဆံတောင်းတာကတော့ တချို့လည်း တစ်သိန်းတဲ့၊ တချို့က နှစ်သိန်းတဲ့၊ အများဆုံးတောင်းတယ်လို့ကြားမိတာကတော့ သုံးသိန်းလို့ပြောနေကြတယ်။

****************************************

“ ဖုန်း အလုံး(၂၀) လောက်မိသွားတယ်ပြောတယ် ”

 

ပြည်မြို့ခံ အမျိုးသမီးတစ်ဦး

 

VPN တွေဖမ်းတယ် ပြည်မှာဆို ညတိုင်းဖမ်းတာ။ လမ်းမတော် အင်းဝဘဏ်ရှေ့၊ မြို့သစ်လမ်းဆုံနဲ့ ပါရမီရှင်ဆေးရုံရှေ့။ မြို့သစ်မှာ ရုံးက ကျွန်မအသိ ကောင်မလေးတောင် ကပ်သီလေးလွတ်သွားတာ။ ဖုန်း အလုံး(၂၀) လောက်မိသွားတယ်ပြောတယ်။

****************************************

“ VPN စစ်ဆေးခံရပြီး ဒဏ်ငွေသုံးသောင်းပေးခဲ့ရတယ် ”

ပြည်မြို့က ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦး

ဇွန်လ ၁၂ ရက်နေ့က ကျွန်မတို့ဆိုင်က အမျိုးသားဝန်ထမ်း ပစ္စည်းဖြန့်ချိဖို့အတွက် ရွှေတောင်ကိုသွားတာ ရွှေတောင်မြိုလမ်းမပေါ်မှာ VPN စစ်ဆေးခံရပြီး ဒဏ်ငွေသုံးသောင်းပေးခဲ့ရတယ်။

****************************************

“ VPN တွေ့လို့ ဖမ်းထားပြီး ခြေထိပ်တစ်ရက် ခတ်ခံခဲ့ရတယ် ”

 

စစ်ကိုင်းမြို့ခံ အမျိုးသမီး

 

အခုလမ်းတွေက စစ်ဆေးရေးဂိတ်တွေ အတော်များများမှာ ကြုံရတယ်။ ဒီဘက်ကနေသွားမယ်ဆို မန္တလေး- မုံရွာအမြန်လမ်းမပေါ်က ဂိတ်တွေတွေ့ရတာပေါ့နော်။ အဲဒီအထဲက ကျွန်မတို့ဆီကထွက်ရင် ပထမဆုံးတွေ့ရတဲ့ နုံးတွင်းဂိတ်ပေါ့။ အဲဒီမှာက လူကြီးလူငယ်အကုန် မှတ်ပုံတင်တွေစစ်တယ်။ ဖုန်းတွေ စစ်တယ်။ ဖုန်းတွေထဲက နိုင်ငံရေးနဲ့ပတ်သက်တာတို့၊ VPN တို့အဓိကစစ်တယ်။ VPN တွေ့ရင် ဖမ်းတယ်။ ဒဏ်ငွေပေးရတယ်။ ကျွန်မကိုယ်တိုင်မဟုတ်ပေမဲ့ အသိမောင်လေးတစ်ယောက်ဆိုရင် ခရီးသွားရင်း အဲဒီဂိတ်မှာပဲ ဖုန်းစစ်ခံရတယ်။ VPN တွေ့လို့ ဖမ်းထားပြီး ခြေထိပ်တစ်ရက် ခတ်ခံခဲ့ရတယ်။ တစ်ခါတလေကျလည်း ဒဏ်ငွေ သုံးသိန်းလောက်အထိ တောင်းတာတွေ ကြုံရတာတွေ ရှိတယ်။ အခုနောက်ပိုင်းဘာဖြစ်လဲဆို ခရီးသွားရင် လမ်းကြောပေါ်တက်တော့မယ်ဆို ဖုန်းထဲ VPN ပါမပါပြန်စစ်ဖျက်ရ၊ ကိုယ်သုံးချင်ရင် ပြန်ကူးရဒေါင်းရ အလုပ်ပိုတာပေါ့။

****************************************

“ ဒုက္ခတစ်မျိုးပေါ့လေ ခုဖျက်လိုက်ရ၊ ဒေါင်းလိုက်ရနဲ့ ”

 

မန္တလေး-စစ်ကိုင်း ကုန်ကူးနေတဲ့ ကုန်တင်ယာဉ်မောင်း

 

အခုနောက်ပိုင်း VPN တွေအတော်လေးစစ်တယ်။ တစ်ခါတလေလေးကို မေ့ပြီးပါလာမှာ စိုးလို့ ကားမထွက်ခင် ဖုန်းထဲစစ် VPN ဖျက်၊ အဲဒီလိုဖျက်တာတောင် Facebook တွေ့ရင် မင်း ဒါကျဘာနဲ့သုံးတာလဲ။  ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ရစ်တာကြုံရတယ်။ သူတို့နဲ့ ကင်းတဲ့နေရာလေးရောက်ရင် ပြန်ဒေါင်းပြီး ချိတ်ကြည့်လိုက်တာပဲ။ ဒုက္ခတစ်မျိုးပေါ့လေ ခုဖျက်လိုက်ရ၊ ဒေါင်းလိုက်ရနဲ့။

****************************************

“ VPN ဥပဒေဆိုပြီး ပေါ်လာရင်လည်း ဒါဟာ လူအခွင့်အရေးချိုးဖောက်တာပါ ”

 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှ လူငယ်တစ်ဦး

 

VPN တွေစစ်တော့ အပြင်တစ်ခါထွက်ရင်ကို ဖုန်းထဲကဟာ ရှင်းရတာအလုပ်တစ်လုပ်။ ပြန်ရောက်ရင် ပြန်ဒေါင်းပေါ့။ စစ်ကောင်စီက ဥပဒေတိတိကျကျမထုတ်ဘဲ သေနတ်ပြပြီး ခြိမ်းခြောက်တာလေ။ လူတွေကိုဖုန်းတွေယူစစ်မယ်။ အဲဒီလိုတွေလုပ်ကတည်းက လူတွေလန့်နေရပြီလေ။ ဥပဒေရှိတာ၊ မရှိတာကဘေးမှာနေပဲ။ သူတို့ပါးစပ်ထဲရှိတာ သူတို့ ဥပဒေလေ။ အဲဒီတော့ကြောက်ရတာပေါ့။

အပေါ်က အကောင်ကြီးတွေက နည်းအမျိုးမျိုးနဲ့ ဖန်တီးပေးလိုက် အောက်ကကောင်တွေက ပြည်သူဆီ လည်ပင်းညှစ်လိုက်နဲ့။ သေနတ်ပြ၊ ရာထူးပြ စီးပွားရှာစားနေတဲ့ ခေတ်ပဲ။ ကျွန်တော်တို့ ပြည်သူတွေကတော့ ဟုတ်လည်းခံ၊ မဟုတ်လည်းခံပေါ့။ တကယ်လို့ VPN ဥပဒေဆိုပြီး ပေါ်လာရင်လည်း ဒါဟာ လူအခွင့်အရေးချိုးဖောက်တာပါ။ လူအခွင့်အရေးမှာပါဝင်ထားတဲ့ နိုင်ငံအနေနဲ့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်တာပါပဲ။ လက်နက်ရှိသူကိုကြောက်နေရတာဟာ လူတိုင်းလိုလိုပါပဲ။ အဓိကကတော့ စစ်တပ်ကထင်ရာလုပ်နိုင်နေတာ လူတစ်ယောက်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကြေးတောင်းနေလို့ ရနေတာပဲ။ သူတို့ခေတ်လေ လူတစ်ယောက်က ဘာပြစ်မှုမှလုပ်မထားရင်တောင် ခြိမ်းခြောက်ငွေညှစ်နေတဲ့ ကိစ္စတွေ ရန်ကုန်မှာအများကြီးပါ။ ကိုယ်ကိုယ်တိုင်လည်း ကြုံခဲ့ရဘူး။ ပေးခဲ့ရဘူးတာပါပဲ။

VPN တွေကြောင့် Online Shop တွေ အခက်ကြုံရတယ်။ သူတို့မှာ Facebook ကိုအားထားပြီး Live လွှင့်ရောင်းရတာလေ။ အခုလိုဖမ်းတယ်ဆီးတယ်ဆိုတော့ တော်ရုံ သိပ်မသုံးဖြစ်ကြတော့ သူတို့အတွက် ထိခိုက်တာပေါ့။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်နေရတဲ့ အလုပ်တချို့တွေမှာလည်း Report တစ်ခုပို့ဖို့အတွက် အချိန်စောင့်ရတယ်။ သတင်းအချက်အလက်မျှဝေဖို့အတွက်လည်း အခက်အခဲဖြစ်သွားတာပေါ့။ ကြောက်ခေတ်ကို မှောက်ပစ်သာပြောတာ တော်တော်များများက ကြောက်နေရတာပါပဲ။

****************************************

“ VPN တစ်ခုကို တစ်သိန်းတဲ့၊ နှစ်ခုပါရင် နှစ်သိန်းပေါ့ ”

 

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ လူငယ်တစ်ဦး

 

VPN တွေကိုဖမ်းတာမဟုတ်ဘူးဗျ။ ပိုက်ဆံတောင်းတာပါ။ ဆိုင်ကယ်တွေစစ်ရင်း ဖုန်းပါစစ်တယ်။ နေ့တိုင်းမစစ်ပေမဲ့ ရက်ခြား ခဏခဏစစ်တာ။ မထင်ရင် မထင်သလို စစ်တယ်။ အဓိက ဆိုင်ကယ်စစ်တယ်ပေါ့ဗျာ။ ပြည့်စုံနေရင် ဖုန်းယူစစ်တယ်ပေါ့။ မပြည့်စုံလည်းစစ်တာပါပဲ။ VPN တစ်ခုကို တစ်သိန်းတဲ့၊ နှစ်ခုပါရင် နှစ်သိန်းပေါ့။ အခုထိတော့ ပေးရတဲ့သူတော့ မကြားသေးပါဘူး။ ကျွန်တော်က အပြင်သိပ်မထွက်ဖြစ်ဘူး။ အပြင်သွားမယ်ဆို ဖုန်းထားခဲ့လိုက်တယ်။ ဒီကောင်တွေနဲ့ စကားမပြောချင်ဘူး။ တချို့ တတ်နိုင်သူတွေတော့ အပြင်သွားရင် Keypad ဖုန်းယူသွားကြတယ်။ တချို့တော့ အပြင်သွားရင် ဖျက်ပေါ့။ ဒါပဲရှိတာ။ ဒီကောင်တွေက စိတ်ရူးပေါက်ရင် ပေါက်သလို အမျိုးမျိုးဆိုတော့ ကိုယ့်ဟာကိုယ် ကာကွယ်ထားတာ အကောင်းဆုံးပါ။

****************************************

“ VPN မသုံးတော့ဘူး။ Facebook လည်းမသုံးတော့ဘူး ရှုပ်လို့တဲ့ ”

 

ပြင်ဦးလွင်မြို့ရှိ လူငယ်အမျိုးသားတစ်ဦး

 

ဖမ်းတာပေါ့။ စစ်သားတွေရော၊ ပြောက်ကျားတွေရော ဖုန်းတွေယူယူစစ်တာ။ လမ်းမှာ ပိတ်ပြီး ဖမ်းတာဗျ။ ကျွန်တော်တို့တော့ မျက်စိလျင်လျင်ထားရတယ်။ တွေ့ပြီဆိုတာနဲ့ အဝေးကတည်းက ပတ်ပြေးတာ။ တစ်ခါတလေ သူတို့ဖမ်းတာစောင့်ပြီး ပြန်သွားမှ သွားတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်တော့ VPN မသုံးတော့ဘူး။ Facebook လည်းမသုံးတော့ဘူး ရှုပ်လို့တဲ့။ သူတို့က ဒါမလုပ်နဲ့ဆို မလုပ်ဘူး။ ဒါမသုံးနဲ့ဆို မသုံးဘူး။ အန္တရာယ်အဖြစ်မခံနိုင်ဘူးဆိုပြီး ဖျက်ထားတာတဲ့ဗျာ။ ကြောက်အားလည်းကြီးပါတယ်။ ဒီကောင်က။

ကျွန်တော်တို့တော့ အပြင်သွားရင်ဖျက်သွားတယ်။ ပြန်လာရင် ပြန်ဒေါင်းတယ်။ တစ်ခါတလေ မဖျက်မိတဲ့အချိန် အပြင်သွားမိလို့ သူတို့စစ်နေတာတွေ့ရင်ကို ကိုယ့်ကိုယ်ကိုယ် မလုံတော့ဘူး။ ပတ်ပြေးရတော့တာပဲ။ ဥပဒေ ရှိတယ်။ မရှိတယ်။ မသိဘူးဗျ။ အထက်ကညွန်ကြားလို့ပါဆိုတာနဲ့ ဥပဒေဖြစ်နေပြီ။ အဲဒီတော့ ဝေးဝေးကပဲ ပတ်ရှောင်တယ်။ သူတို့ ဖမ်းပြီးပိုက်ဆံတောင်းရင်လည်း ကျွန်တော့်မှာ ပေးစရာလည်းမရှိဘူး။