ဟာ့ဂျ်ဘုရားဖူး သေဆုံးသူ တရားဝင်စာရင်း ၅၀၀ ကျော်အထိရှိလာ၊ မြေပြင်မှာ ယခုထက် နှစ်ဆကျော်ရှိနိုင်လို့ဆို

Author အဂ္ဂ
Categories
Published on Jun 22, 2024

ယခုနှစ်အတွက် အစ္စလာမ်ဘာသာဝင်တို့အထွဋ်အမြတ်ထားရာ မက္ကာမြို့ကို သွားရောက်ကြတဲ့ ဟာ့ဂျ်ဘုရားဖူး ခရီးစဉ်အတွင်း ပြင်းထန်တဲ့အပူချိန်ကြောင့် သေဆုံးသူဦးရေ တရားဝင်အတည်ပြုထားနိုင်တဲ့ စာရင်းများအရ ၅၀ဝ ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒါ့အပြင် အီဂျစ်ကလာတဲ့ ဘုရားဖူး ၆၀ဝ ကျော်ဟာလည်း မက္ကာမြို့ခရီးစဉ်အတွင်း ပြင်းထန်တဲ့အပူချိန်ကြောင့် ဆုံးပါးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အဆိုပါ သတင်းကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် သေဆုံးသူ ဦးရေဟာ နှစ်ဆကျော်သွားမှာဖြစ်ပါတယ်။

 

လတ်တလောအတည်ပြုနိုင်တဲ့ သေဆုံးသူတွေကတော့ မလေရှားနိုင်ငံသား (၁၄) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၁၆၅) ဦး၊ ဂျော်ဒန်နိုင်ငံသာ (၇၅)ဦး၊ ပါကစ္စတန်နိုင်ငံသား (၃၅) ဦး၊ တူနီရှားနိုင်ငံသား (၄၉) ဦး၊ အီရန်နိုင်ငံသား (၁၁) ဦးနဲ့ အိန္ဒိယနိုင်ငံသား (၉၈) ဦးတို့ဖြစ်တယ်လို့ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နောက်ထပ် ဂျော်ဒန်နိုင်ငံသား (၂၇) ဦးကို ဆေးရုံတင်ထားရပြီး (၁၄) ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်း အမေရိကန်နိုင်ငံသား အများအပြားလည်း သေဆုံးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားခဲ့ပါဘူး။

 

“ဆော်ဒီအာရေဗျမှာ အမေရိကန်နိုင်ငံသားအများအပြားသေဆုံးခဲ့တာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ မိသားစုဝင်တွေကိုတော့ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း အရိုးသားဆုံး ပြောကြားလိုပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

အပူဒဏ်နဲ့ အခြားအခြေအနေတွေကြောင့် ဒါဇင်နဲ့ချီတဲ့ အီရန်နိုင်ငံသားတွေကိုလည်း ဆေးရုံတင်ထားရတယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရန်လခြမ်းနီ အဖွဲ့က ဗုဒ္ဓဟူးနေ့ ဇွန် ၁၉ ရက်မှာပြောခဲ့တယ်လို့ အီရန်အစိုးရရဲ့ ဆက်စပ်နေတဲ့ Tansim သတင်းဌာနက ဆိုပါတယ်။

 

CNN သတင်းဌာနရဲ့ စာရင်းဇယားတွေအရ ယခုနှစ် ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်း သေဆုံးခဲ့ရသူဟာ အနည်းဆုံး (၄၈၀) ရှိတယ်လို့လည်း သိရပါတယ်။

 

ဆော်ဒီအာရေးဗျနဲ့ အီဂျစ်နိုင်ငံတို့က သေဆုံးသူဦးရေကို တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးတာကြောင့် အစစ်အမှန် သေဆုံးသူအရေအတွက်ဟာ အခုထက်ကို ပိုပြီးများလာနိုင်ပါတယ်။

 

ဒါ့အပြင် နိုင်ငံအသီးသီးက အစိုးရတွေဟာ သူတို့နိုင်ငံကရရှိတဲ့ ခွဲတမ်းတွေအရပဲ ဘုရားဖူးသွားတဲ့ ခရီးသည်အရေအတွက်ကို သိရတာဖြစ်ပြီး ဘုရားဖူးသွားဖို့ မှတ်ပုံတင်မထားဘဲ သွားရောက်သူတွေလည်း ရှိနိုင်တာကြောင့် သေဆုံးသူအရေအတွက် အတိအကျသိနိုင်ဖို့လည်း ခက်ခဲပါတယ်။

 

ဘုရားဖူးတွေဟာ အပူချိန် ၄၉ ဒီဂရီဆဲဆီးယက်(၁၂၀ ဒီဂရီ ဖာရင်ဟိုက်)အထိ မြင့်မားတဲ့ အပူချိန်ကြားထဲမှာ ဘုရားဖူးခရီးကြမ်းကို ဖြတ်သန်းခဲ့ကြရတာလည်းဖြစ်ပါတယ်။

 

အီဂျစ်သမ္မတရုံးရဲ့အဆိုအရ လက်ရှိအီဂျစ်နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ဘေးအန္တရာယ်ကို အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် မိုစတာဖာ မတ်ဘိုလီ (Mostafa Madbouly)က တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ဆုံးပါးသွားခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖတ်တက်အယ်ဆီဆီ(Abdel Fattah el-Sisi)ကလည်း သေဆုံးသွားခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို အဆင်ပြေပြေနဲ့ ပြန်လည်ရရှိစေဖို့ ဆော်ဒီအာရေးဗျနိုင်ငံက တာဝန်ရှိသူတွေနဲ့ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 

အီဂျစ်နိုင်ငံရဲ့ ကြာသပတေးနေ့ ဇွန် ၂၀ ရက်နေ့ တရားဝင်ထုတ်ပြန်ချက်အရ အီဂျစ်နိုင်ငံသာ ၂၈ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပေမဲ့ ရိုက်တာသတင်းဌာနအပါအဝင် အခြားသတင်းဌာနတွေကတော့ ဘုရားဖူးခရီးလမ်းတစ်လျှောက်မှာ သေဆုံးခဲ့ရတဲ့ အီဂျစ်နိုင်ငံသားအရေအတွက်က ၅၀ဝ ကနေ ၆၀ဝ ကြား ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။

 

အီဂျစ်အာဏာပိုင်တွေကတော့ သေဆုံးသူတွေနဲ့ ပျောက်ဆုံးသူတွေရဲ့ စာရင်းကို အတိအကျရရှိဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စာရင်းတွေကွာနေရတာကလည်း နိုင်ငံခွဲတမ်းအရ ဘုရားဖူးဖို့ မှတ်ပုံတင်ပြီးသွားတဲ့သူတွေထက်ကို မှတ်ပုံမတင်ဘဲ သွားရောက်သူတွေက အများအပြား ရှိနေတာကြောင့်လည်းဖြစ်ပါတယ်။

 

ဘုရားဖူးဖို့အတွက် ပြင်းထန်တဲ့အပူချိန်အောက်မှာ အစ္စလာမ်ဘာသာဝင်ပေါင်း ၁ ဒသမ ၈ သန်းဝန်းကျင် စုဝေးခဲ့ကြပြီးတဲ့နောက် လူထောင်ပေါင်းများစွာ အပူဒဏ်ကြောင့် ဆေးဝါးကုသမှုခံယူခဲ့ကြရပါတယ်။

 

ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနကတော့ ဘုရားဖူးဖို့အတွက် တရားဝင်လမ်းကြောင်းမှာ အအေးပေးထားတဲ့ အဆောက်အအုံတွေအပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်တွေအပြင် ဘုရားဖူး ခရီးသွားတွေကို ထီးဆောင်းကြဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများ သောက်ကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။

 

ဒါပေမဲ့ အခုနှစ် ဘုရားဖူးကာလကတော့ လူပေါင်းများစွာသေဆုံးခဲ့ရပြီး ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေတာကြောင့် သဘာဝ ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ရှိမရှိကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီနှစ်ဖြစ်ရပ်ဟာ ဘုရားဖူးခရီးစဉ်အတွက် တရားဝင်ခွဲတမ်းနဲ့ ခွင့်ပြုချက်တွေ မရရှိပေမဲ့ သူတို့တွေရဲ့ ဘာသာရေးခံယူချက်၊ ဘာသာရေးတာဝန်ကို ကျေပွန်လိုသူတို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟာ့ဂျ်ခရီးစဉ်ကို လာရောက်တဲ့အခါမှာ နားခိုရာ တရားဝင်အဆောက်အအုံတွေကို သုံးစွဲခွင့်မရတဲ့အတွက် ဘေးအန္တရာယ်တွေ ပိုပြီးကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးလာရောက်ပြီး ဘာသာရေးဓလေ့ထုံးစံတွေ ပြုလုပ်နေစဉ်အတွင်း အပူဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ ဂျော်ဒန်နိုင်ငံသားတွေထဲက(၆၈)ဦးကိုတော့ သူတို့မိသားစုဝင်တွေရဲ့ ဆန္ဒအရ မက္ကာမြို့မှာပဲ မြုပ်နှံဖို့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တယ်လို့ ဂျော်ဒန်နိုင်ငံရဲ့ စစ်ဆင်ရေးနဲ့ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဆူဖီရန် ကျူဒါ(Sufian Qudah)ကပြောပါတယ်။

 

မလေးရှားနိုင်ငံရဲ့ သာသနာရေးဝန်ကြီး ဒေါက်တာမိုဟာမက် နီယန်မော့ခ်တာ(Mohd Na’im Mokhtar)ကတော့ မလေးရှားနိုင်ငံသားဘုရားဖူးတွေဟာ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ သွေးရောဂါတွေကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Bernama ကတစ်ဆင့်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေဟာ ခွဲတမ်းမရဘဲသွားရောက်တဲ့ တရားဝင်ဘုရားဖူးလား၊ စာရင်းမသွင်းဘဲ သွားရောက်တဲ့ ဘုရားဖူးတွေလား ဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပါဘူး။

 

အိန္ဒိယနိုင်ငံသား ဘုရားဖူး(၉၈)ဦးကတော့ သဘာဝကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ သဘာဝ အကြောင်းတရားတွေ၊ နာတာရှည်ဖျားနာမှုနဲ့ အသက်အရွယ်ကြီးရင့်မှုတို့ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ပြည်ပရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့ ဇွန် ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

 

ဒါ့အပြင် တမန်တော်မိုဟာမက်က သူ့ရဲ့နောက်ဆုံးဒေသနာကို ဟောကြားခဲ့တဲ့ နေရာလို့ယုံကြည်ကြတဲ့ အာရာဖတ်တောင်မှာ အစ္စလာမ်ဘာသာဝင်တွေ စုဝေးကြစဉ်မှာလည်း အပူဒဏ်ကြောင့် အိန္ဒိယနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ရသလို အခြားလေးဦးကတော့ မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

 

ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အတွင်းမှာ တူနီးရှားနိုင်ငံသားတွေလည်း သေဆုံးခဲ့တဲ့အတွက် တူနီးရှား သမ္မတ ကိုင်စ်ဆိုက်ဒ် (Kais Saied)က သာသနာရေးဝန်ကြီးကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။ ရာထူးကထုတ်ပယ်ခြင်း မခံရမီ သာသနာရေးဝန်ကြီး အီဗရာဟင် ချိုင်ဘီ (Ibrahim Chaibi ) က ဘုရားဖူးခရီးသွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး “ ကျွန်တော်တို့ ပေါ့ဆမှုတွေ တွေ့နေရပါတယ်။ အခုလောလောဆယ်မှာ ဝန်ကြီးဌာနအတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပျက်ကွက်တဲ့သူဘယ်သူ့ကိုအဆို အပြစ်ပေးအရေးယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

 

ဆော်ဒီအစိုးရက ဒီအပတ် တနင်္လာနေ့ ဇွန် ၁၇ ရက်နေ့ကတည်းက အပူဒဏ်ကြောင့် လူပေါင်း(၂၇၀ဝ)ကျော် ကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ဟာ့ဂျ် ဘုရားဖူးခရီးသွားနေတဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေ ပျောက်ဆုံးနေတယ်လို့ တင်တဲ့သူတွေလည်း အများအပြားရှိခဲ့ပါတယ်။

 

ဘုရားဖူးခရီးသွားတွေကြား သေဆုံးမှုမှာ အဆန်းမဟုတ်သလို အခုနှစ်မှာတော့ အပူချိန်မြင့်မားတဲ့ အချိန်မျိုးမှာ မက္ကာမြို့မှာ လူတွေလာရောက်စုဝေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဘုရားဖူးခရီးသွား ၂၀ဝ ကျော် သေဆုံးခဲ့ပါသေးတယ်။

 

ဟာ့ဂျ်ရာသီဟာ အစ္စလာမ် ပြက္ခဒိန်အရ နှစ်စဉ်အချိန်ပြောင်းလဲနေခဲ့ပြီး ဒီနှစ်မှာတော့ ဆော်ဒီနိုင်ငံရဲ့ အပူဆုံးလဖြစ်တဲ့ ဇွန်လထဲမှာ ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဆော်ဒီအာဏာပိုင်တွေကတော့ ဘုရားဖူးတွေကို အပူချိန် ၄၉ ဒီဂရီဆဲဆီးရပ် (၁၂၀ ဒီဂရီ ဖာရင်ဟိုက်) အထိရောက်ရှိတဲ့အထိ ပြင်းထန်လွန်းတာကြောင့် နာရီပိုင်းအချိန်တွေမှာ ဘုရားဖူး အခမ်းအနားတွေ ခေတ္တရပ်နားကြဖို့ အကြံပြုခဲ့ပါတယ်။

 

ဓာတ်ပုံ-  AP Photo/Rafiq Maqbool

 

ကိုးကား – CNN