လားရှိုးမှာ စစ်လက်နက်အကြွင်းကျန်တစခုကို ဆော့ကစားမိတဲ့ကလေးငယ် လက်နှစ်ဖက်ထိခိုက်ခဲ့ရ

Author လဂွန်းအိမ်
Categories
Published on Jun 22, 2024

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၇) ရပ်ကွက် ရပ်ကွက်ရုံးရှေ့မှာ ဇွန်လ ၂၀ရက်နေ့က အမျိုးအမည်မသိ စစ်လက်နက်အကြွင်းအကျန်တစ်ခု ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ကာ အတူဆော့ကစားနေတဲ့ ကလေးငယ်သုံးဦးပါ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ရတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါနေ့ နေ့လယ်ပိုင်းမှာ ကလေးငယ်တွေက ဘယ်ဒေသကနေ ယူဆောင်လာမှန်း မသိတဲ့ အမျိုးအမည်မသိ စစ်လက်နက်အကြွင်းကျန်ကို ရပ်ကွက်ရုံးရှေ့မှာ ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

 

ပေါက်ကွဲမှုကြောင့် အသက် (၁၂)အရွယ် ကလေးငယ်ဟာ လက်နှစ်ဖက်ပြတ်တောက်ခဲ့ပြီး မျက်လုံးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အတူဆော့ကစားနေတဲ့ တခြား ကလေးငယ်သုံးဦးလည်း အသီးသီးဒဏ်ရာတွေ ရရှိခဲ့ပြီး နှစ်ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

 

ပေါက်ကွဲမှုဖြစ်စဉ်အပြီး ကလေးငယ်တွေကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီးတော့ ဆေးကုသမှုပေးအပ်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

ရှမ်းပြည် မြောက်ပိုင်းမှာ အခုဇွန်လ တစ်လအတွင်းမှာပဲ စစ်လက်နက်အကြွင်းအကျန် ပစ္စည်းတွေကြောင့် ကလေးငယ် ၆ ဦး အထိ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

Related News

Depend on news