လက်နက်နဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်လို့ ၄ ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on Jun 22, 2024

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ခင်မွန်ကျေးရွာအနီး လက်နက်နဲ့ ရိက္ခာတွေသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကားအပျက်အစီးရှိခဲ့တယ်လို့ Area 71 People Defence Force ဆီက‌နေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှာဖော်ဆောင်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြိုတင်သတင်းရရှိပြီး စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

မန္တလေးမြို့မှ မုံရွာကို ဦးတည်ပြီးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဦးစွာ တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ငြိမ်သက်သွားပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က အနီးကပ် လက်ပစ်ဗုံး တစ်လုံးနဲ့ ထပ်မံတိုက်ခိုက်နိုင်ခဲ့တယ်လို့ အဲဒီစစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကျွန်တော်တို့ပစ်တော့ သူတို့ကလည်းပြန်ပစ်တယ်။ ဒီဘက်က လက်ဦးလို့။ သေမသေသွားကြည့်ရင်း ဗုံးကို အနီးကပ်သွားထည့်ခဲ့တာပါ။ သူတို့ပြန်ပစ်တာ ၄၀(မမ)တွေရောပါတယ်” လို့ Area 71 People Defence Force မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Theo က CJ Platform ကိုပြောပါတယ်။

 

အဆိုပါ ၄၅ မိနစ်ကြာတိုက်ပွဲအပြီး စစ်ကောင်စီစစ်ကူများရောက်ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမဲ့ ရိက္ခာနဲ့ လက်နက်တွေ မသယ်ဆောင်နိုင်ခဲ့ဘူးလို့ ၎င်းက ဆိုပါတယ်။ ဒါ့အပြင် ထိုစစ်ကူတွေဟာ ခင်မွန်ရွာနဲ့အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

 

အဆိုပါတိုက်ခိုက်မှုကို Area 71 People Defence Force နဲ့အတူ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF) ၊ Chindwin Land Defence Force ၊ ONE Local People Defence Myingyan ၊ MGN Tiger၊ Black Hero Local PDF ၊ Myingyan Danger Dynamite People Defence တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Area 71 People Defence Force