ရုရှား သမ္မတ ပူတင် မြောက်ကိုရီးယားကနေ ဗီယက်နမ်ကို ခရီးဆက်

Author အဂ္ဂ
Categories
Published on Jun 20, 2024

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရှေ့အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားကနေ ဒီနေ့ ကြာသာပတေးနေ့ ဇွန် ၁၉ ရက်မှာ ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်းကို မနက်အစောပိုင်းမှာ ရောက်ရှိလာပါတယ်။

 

အနောက်အုပ်စု အပယ်ခံ မစ္စတာ ပူတင်ဟာ သူနဲ့ ဆက်ဆံ‌ရေး ကောင်းတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေ မြှင့်တင်ဖို့ ကြိုးပမ်းနေပြီး အနောက်အုပ်စုက သူ့ကို အထီးကျန်အောင် လုပ်ဆောင်နေတာဟာ ဘာသက်ရောက်မှုမှ မရှိဘူးဆိုတာမျိုး လုပ်ပြနေတာဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဆိုပါတယ်။

 

ပူတင်ရဲ့ နှစ်ရက်ကြာမြင့်မယ့် ဗီယက်နမ်ခရီးစဉ်ဟာ အမေရိကန်အတွက်တော့ စိတ်သောက ရောက်စရာခရီးစဉ် တစ်ခုဖြစ်ခဲ့ပြီး ဟနွိုင်းမြို့က အမေရိကန်သံရုံး တာဝန်ရှိသူက “ဘယ်နိုင်ငံကမှ ပူတင်ရဲ့ ရန်လိုတဲ့ စစ်ပွဲကို အရှိန်မြှင့်တင်ပေးတာမျိုး၊ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်လိုဖြစ်အောင် လုပ်နေတာတွေကို ခွင့်မပြုသင့်ပါဘူး” ဆိုပြီး ပူတင်ရဲ့ ခရီးစဉ်ကို ဝေဖန်ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှာ ရေးသားဖော်ပြပါတယ်။

 

ပူတင်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန်(Nguyen Phu Trong)၊ သမ္မတသစ် တိုလမ်(To Lam)တို့အပါအဝင် ဗီယက်နမ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် သတင်းဌာနဖြစ်တဲ့ TASS က ဖော်ပြပါတယ်။

 

ပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်မတိုင်ခင် ယူကရိန်းစစ်ပွဲအပေါ် ဗီယက်နမ်နိုင်ငံရဲ့ မျှတတဲ့ သဘောထားရပ်တည်ချက်အတွက် ပူတင်က ကျေးဇူးတင်စကားဆိုခဲ့တယ်လို့ ကရင်မလင် နန်းတော် ထုတ်ပြန်ချက်ကို ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ တရားဝင်သတင်းစာမှာ ဖော်ပြခဲ့ပါသေးတယ်။

 

“ယူကရိန်းအကျပ်အတည်းအပေါ်မှာ မျှတတဲ့ သဘောထားရပ်တည်ချက်နဲ့ ငြိမ်းချမ်းစွားဖြေရှင်းဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ရှာဖွေရာမှာ ကူညီပေးလိုတဲ့ စိတ်ဆန္ဒရှိကြတဲ့ ကျွန်တော်တို့ရဲ့ ဗီယက်နမ် မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့တွေရဲ့ ဆက်ဆံရေးတွေရဲ့ အနှစ်သာ၊ သဘောသဘာဝတွေနဲ့ ကိုက်ညီပါတယ်” လို့ ပူတင်က ပြောဆိုခဲ့တာပါ။

 

ရုရှားနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး ဒန်မင်ကွိုင်(Dang Minh Koi)ကလည်း ပူတင်ခရီးစဉ်အပေါ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေသလို အပြန်အလှန် ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မယ့်အခွင့်အလမ်းဖြစ်တယ်လို့ ဗီယက်နမ်သတင်းဌာနတွေကိုကိုးကားပြီး TASS က ဖော်ပြပါတယ်။

 

မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ပေးရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ဗီယက်နမ်နဲ့လည်း ကုန်သွယ်ရေးနဲ့ စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍတွေ အပါအဝင် အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီမှုတွေ အမြောက်အမြားပါဝင်တဲ့ ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာနိုင်တယ်လို့ ရုရှားသမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက်တစ်ဦးဖြစ်သူ ယူရီယူရှကော့(Yury Ushakov)က ပြောခဲ့တယ်လို့ TASS မှာ ဖော်ပြပါတယ်။

 

ရုရှားနိုင်ငံဟာ ဆိုဗီယက်ခေတ်ကာလကတည်းက ဗီယက်နမ်နိုင်ငံကို လက်နက်တွေ အဓိကထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပြီး အခုတစ်ခေါက်တွေ့ဆုံမှုမှာလည်း လက်နက်နဲ့ စွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုတွေ အစည်းအဝေးအစီအစဉ်ထဲ ပါဝင်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

 

အိန္ဒိယနိုင်ငံလိုပဲ နိုင်ငံခြားရေးမူဝါဒကို ဟန်ချက်ညီအောင်လုပ်ဆောင်လေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံဟာ သူ့အတွက် အရေးပါတဲ့ ကုန်သွယ်ဖက်လည်းဖြစ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေလည်းဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့နဲ့ ကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ဗီယက်နမ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကို လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။

 

စင်္ကာပူနိုင်ငံ ISEAS – Yusof Ishak Institute က ဗီယက်နမ်လေ့လာရေးအစီအစဉ်ရဲ့ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ လီဟုန်ဟစ် (Le Hong Hiep) ကတော့ “ဗီယက်နမ်နိုင်ငံရဲ့ ရှုထောင့်ကနေကြည့်ရင် ရုရှားဟာ နက်ရှိုင်းတဲ့ သမိုင်းဝင်ဆက်ဆံရေးမျိုးရှိပြီး ဗီယက်နမ်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမူဝါဒတွေမှာ ရုရှားဟာ အရေးပါတဲ့ မိတ်ဖက်အဖြစ်ရှိနေဆဲဖြစ်ပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

 

သို့သော် ဗီယက်နမ်ဟာ ရုရှားနဲ့ အလွန်နီးကပ်လွန်းတယ်လို့ အမြင်မခံရဖို့လည်း အရေးကြီးတယ်လို့ဆိုသလို အဘယ့်ကြောင့်ဆိုသော် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ ဗီယက်နမ်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပိုပြီးအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ပူတင်ကို ဗီယက်နမ်က အခုလို လက်ခံတွေ့ဆုံခဲ့တာဟာ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ဗီယက်နမ်ကို စိတ်ပျက်ကောင်းပျက်နိုင်ပေမဲ့ ဗီယက်နမ်ဟာ အခြားသူရဲ့(ပူတင်ရဲ့)အာဏာတည်ဆောက်ရေး မျှော်မှန်းချက်တစ်ခုတည်းအတွက်နဲ့ တခြားမိတ်ဖက်တွေကို စတေးမှာမဟုတ်ကြောင်း၊ အခုလို တွေ့ဆုံတာဟာ ဘက်တစ်ဘက်ကို ရွေးချယ်တာမျိုးမဟုတ်ဘဲ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့်သုံးတာသာဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မဟာဗျူဟာကို လိုက်နာကျင့်သုံးတာသာ ဖြစ်တယ်လို့ လီက သုံးသပ်ပါတယ်။

 

အနောက်နိုင်ငံတွေက ရုရှားကို တသီးတခြားဖြစ်စေဖို့ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေပေမဲ့လည်း ပူတင်ဟာလည်း သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို စုစည်းပြီး အနောက်ယိမ်းအုပ်စုကို ဆန့်ကျင်မယ့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ရပ်ကိုလည်း တောက်လျှောက်ကြိုးပမ်းလျက်ရှိပါတယ်။

 

ပြီးခဲ့တဲ့ မေလအတွင်း ပူတင်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအသစ်ကို လက်ခံရယူပြီးနောက် သမိုင်းဝင်နိုင်ငံခြား ခရီးစဉ်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်နိုင်ငံဘေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်ကို ဆန့်ကျင်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ပူတင်ဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။

 

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ရုရှားနိုင်ငံဟာ တရုတ်နဲ့ ရုရှားတို့ ကျောထောက်နောက်ခံပြုထားတဲ့ BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ပါဝင်စုဖွဲ့ထား) စီးပွားရေးအုပ်စုရဲ့ အလှည့်ကျ သမ္မတတာဝန်ကို ထမ်းဆောင်နေတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ လေ့လာသူအဖြစ်တက်ရောက်မယ့် နိုင်ငံတွေကို ရုရှားနိုင်ငံ အနောက်တောင်ပိုင်းက ကာဇန်မြို့မှာ အောက်တိုဘာလအတွင်း လက်ခံတွေ့ဆုံပြီး အစည်းအဝေးကျင်းပမှာလည်း ဖြစ်ပါတယ်။

 

နိုင်ငံပေါင်း သုံးဒါဇင်ကျော်ဟာ အဲဒီအစုအဖွဲ့ထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေကြပြီး ဒီနှစ်အစပိုင်းမှာ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီသီယိုပီးယားနဲ့ အီဂျစ်တို့ တရားဝင်ပူးပေါင်းလာတဲ့ အချိန်မှာ ကမ္ဘာ့အနှံ့ခြေတံလက်တံ ဆန့်ထုတ်ခဲ့သလိုမျိုးပဲ အဖွဲ့ဝင်သစ်တွေဝင်လာခဲ့ရင် ရုရှားဟာ အဲဒီနိုင်ငံတွေကို ကြိုဆိုလက်ခံပြီး ကြီးကြပ်နိုင်မယ့် ပထမဦးဆုံးနိုင်ငံလည်း ဖြစ်လာမှာပါ။

 

တရုတ်နဲ့ ရုရှားအတွက်ကတော့ အခုလိုလုပ်ဆောင်တာဟာ ကမ္ဘာ့စနစ်သစ်တစ်ခုကို လုပ်ဆောင်ဖို့ တွန်းအားတစ်ခုဖြစ်တယ်လို့ ယူဆထားကြပြီး အမေရိကန်ပါဝင်တဲ့ G7 နိုင်ငံတွေရဲ့ ကြီးစိုးခြယ်လှယ်နေမှုကို  ပထဝီနိုင်ငံရေးအရ တန်ပြန်နိုင်ဖို့  စီးပွားရေးအင်အားနည်းပါးတဲ့ နိုင်ငံတွေကိုစည်းရုံးပြီး သူတို့အလိုကျ ပြောင်းလဲပစ်တာမျိုးလည်း ဖြစ်ပါတယ်။

 

မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ သွားရောက်ခဲ့တဲ့ ပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ အလည်အပတ် ခရီးစဉ်ထက်ပိုနိုင်ကြောင်းနဲ့ ပူတင်ကို လက်ခံတွေ့ဆုံခဲ့တာကြောင့် ဗီယက်နမ်နိုင်ငံဟာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့လာရနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

 

“အကယ်၍ ခိုင်မာတဲ့ သဘောတူညီချက်တွေ မရရှိခဲ့ဘူးဆိုရင် ပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ အနောက်နိင်ငံတွေရဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေဟာ အလုပ်မဖြစ်ဘူးဆိုတာကို ပူတင်က ကမ္ဘာကြီးကို ပြချင်တဲ့ သင်္ကတေတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ ပူတင်အတွက် အလွန်အရေးကြီးတဲ့ ခရီးစဉ်တစ်ခုပါ” လို့ ISEAS ရဲ့ အကြီးတန်းအဖွဲ့ဝင် လီက မှတ်ချက်ပြုပါတယ်။

 

ဓာတ်ပုံ – Athit Perawongmetha/Reuters

 

ကိုးကား – CNN