ရုရှား သမ္မတ ပူတင် မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ သွားမယ်

Author အဂ္ဂ
Categories
Published on Jun 18, 2024

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်ထဲ ဖိတ်ကြားမှုအရသွားမယ့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ၂၄ နှစ်အတွင်း မြောက်ကိုရီးယားခရီးစဉ်ကို သက်ဆိုင်ရာနှစ်နိုင်ငံစလုံးက အတည်ပြုပြောဆို လိုက်ကြပါပြီ။

 

ကနဦး ရုရှားအစိုးရဘက်ကပဲ အတည်ပြုထားတဲ့ ဒီခရီးစဉ်ကို ယခုအခါမှာ မြောက်ကိုရီးယားနိုင်ငံဘက်ကပါ အတည်ပြုလိုက်တဲ့အတွက် လုံးဝသေချာသွားခဲ့ပြီဖြစ်ပါတယ်။

 

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) ရဲ့ အကြီးအကဲဖြစ်သူ ကင်မ်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ ဗလာဒီမာပူတင်ဟာ ဇွန်လ ၁၈ ရက်ကနေ ၁၉ ရက်အထိ နှစ်ရက်ကြာချစ်ကြည်ရေး ခရီးစဉ် သွားရောက်မှာ ဖြစ်တယ်လို့ ကရင်မလင်နန်းတော်ဘက်က တနင်္လာနေ့ ဇွန် ၁၇ ရက်မှ သတင်းထုတ်ပြန်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ KCNA ဘက်ကလည်း ပူတင်ရဲ့ ခရီးစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

 

ပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံကို သူရုရှားနိုင်ငံသမ္မတအဖြစ် ပထမဦးဆုံးအကြိမ် ရွေးချယ်ခံရပြီး လေးလကြာပြီးတဲ့နောက် ၂၀ဝ၀ ခုနှစ် ဇူလိုင်လထဲမှာ နောက်ဆုံးအကြိမ်ရောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက မြောက်ကိုရီးယားကိုအုပ်ချုပ်နေတဲ့ ကင်မ်အီဆွန်း (ကင်မ်ဂျုံအန်၏ ဖခင်)နဲ့ တွေ့ဆုံခဲ့တာပါ။

 

ယူကရိန်းနယ်မြေမှာဆောင်ရွက်နေတဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို မြောက်ကိုရီးယားက ထောက်ခံခဲ့မှုကို အလွန်ကျေးဇူးတင်ပါကြောင်းနဲ့ အဲဒီလိုထောက်ခံမှုဟာ “နီးကပ်ပြီး အကျိုးကျေးဇူးများတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်” လို့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေ ရှေ့မှာ ရုရှားဘက်က ပြောဆိုခဲ့တဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးက ကောင်းမွန်နေတာလည်းဖြစ်ပါတယ်။

 

ကင်မ် နဲ့ ပူတင်တို့တွေ့ဆုံမှုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားဘက်က အသည်းအသန်လိုအပ်နေတဲ့ ခဲယမ်းမီးကျောက်တွေကို မြောက်ကိုရီးယားဘက်က ထောက်ပံ့ပေးပြီး အပြန်အလှန်အားဖြင့် ကင်မ် ရဲ့ နျူးကလီးယားလက်နက်နဲ့ ဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်တွေအတွက် လိုအပ်တဲ့ နည်းပညာလွှဲပြောင်းပေးတာ၊ စီးပွားရေးအရ အထောက်အပံ့ပေးတားမျိုးတွေကို ပူတင်ဘက်က ပြန်လည်ပြီး လုပ်ဆောင်ပေးမှာကိုလည်း နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

 

ဒီနှစ်နိုင်ငံ တွေ့ဆုံမယ့်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သောကြာနေ ဇွန် ၁၄ ရက်နေ့က အမေရိကန်နဲ့ တောင်ကိုရီးယားတို့က နိုင်ငံခြားရေး ဝန်ကြီးတွေ ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

 

“ပူတင်က ကင်မ် ဆီကိုလာရောက်လည်ပတ်ပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံအကြားစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ရင် ဒါဟာ ဒေသတွင်းက တည်ငြိမ်မှုကို ပျက်ပြားစေမှာ စိုးရိမ်ရတယ်” လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောဆိုခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ကင်မ်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုအနေနဲ့ ရုရှားအရှေ့ဖျားကို သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းကစလို့ နှစ်နိုင်ငံကြားမှာ စစ်ရေး၊ စီးပွားရေးနဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေ သိသိသာသာ လုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

 

ဒါပေမဲ့ ရုရှားဟာ မြောက်ကိုရီးယားနဲ့ တရားဝင် လက်နက်ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ သူတို့ကိုယ်တိုင် အရင်က အတည်ပြုထောက်ခံခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်မှာလည်းဖြစ်ပါတယ်။

 

တောင်ကိုရီးယား ဆိုးလ်မြို့က Kookmin တက္ကသိုလ်က မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ အန်ဒရေ လန်ကော့ဗ်(Andrei Lankov) ကတော့ မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်ခဲယမ်းတွေနဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့ပေးပြီး အပြန်အလှန်အနေနဲ့ ရုရှားဆီကနေ အဆင့်မြင့်နည်းပညာသုံး လက်နက်တွေ ပြန်ရဖို့ မျှော်လင့်ထားတယ်လို့ AP(Association Press)သတင်းဌာနကို ပြောခဲ့ပါတယ်။

 

ဒါ့အပြင် ရုရှားဟာ သူတို့ရဲ့ အဆင့်မြင့်နည်းပညာသုံးလက်နက်နဲ့ နည်းပညာတွေကို မြောက်ကိုရီးယားဘက်ကို ပေးအပ်ဖို့ တွန့်ဆုတ်နေတဲ့အနေအထားမျိုးမှာရှိနေပေမဲ့ မြောက်ကိုရီးယားဆီကနေ လက်နက်ခဲယမ်းတွေကိုတော့ ရယူဖို့ စိတ်အားထက်သန်နေတယ်လို့လည်း လန်ကော့ဗ်က ဖြည့်စွက်ပြောပါတယ်။

 

“(ရုရှားတို့ဟာ) စစ်ပွဲအတွက်လုံလောက်တဲ့ လက်နက်ခဲယမ်းတွေ ရှိမနေပါဘူး၊ စစ်ပွဲဆက်ဆင်နွှဲဖို့ သူတို့အတွက် ကြီးမားတဲ့ လိုအပ်ချက်တွေလည်း ရှိနေပါတယ်” လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့လတွေအတွင်းမှာ ရုရှားဟာ ယူကရိန်းစစ်ပွဲစတင်ချိန်ကစလို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုးတွေ လုပ်လာခဲ့တဲ့အတွက် အမေရိကန်အပါအဝင် သူတို့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဥရောပနဲ့ အာရှနိုင်ငံတွေအတွက် သတိထားစောင့်ကြည့်ရမယ့် အနေအထားမျိုးလည်း ဖြစ်လာခဲ့ပါတယ်။

 

ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ဆက်စပ်ပြီး အနောက်အုပ်စုနဲ့ဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ ပိတ်မိနေခဲ့တယ်လို့ ပူတင်ကဆိုခဲ့ဖူးပြီး အခုလက်ရှိမှာတော့ ကင်မ်ကနေတစ်ဆင့် အနောက်ယိမ်းအုပ်စုကို တစ်ဖက်လှည့်နဲ့ ရန်စနိုင်မယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။

 

ပုံစာ – ၂၀၂၃ ခုနှစ် ရုရှားနိုင်ငံခရီးစဉ်အတွင်း ကင်မ် နဲ့ ပူတင် တို့တွေ့ဆုံခဲ့စဉ်

 

ဓာတ်ပုံ – Vladimir Smirnov/Pool via Reuters

 

ကိုးကား – Al Jazeera