“အညာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုးကာလအခက်အခဲ”

Author မင်းထက်
Categories
Published on Jun 16, 2024

မြန်မာလူထုဟာ မိုးရာသီကာလဆိုရင် မိုးရေတွေနဲ့အတူ နွေနဲ့ ဆောင်းထက် အခက်အခဲအကျပ်အတည်းကို ရင်ဆိုင်ရလေ့ရှိတတ်ပါတယ်။ သာမန်ပြည်သူတွေထက် အခက်အခဲပိုရင်ဆိုင်ကြရသူတွေလည်းရှိနေပါသေးတယ်။ သူတို့ကတော့ စစ်အာဏာရှင်ကို လက်နက်ချင်း ပြန်လည်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ နေရေး၊ စားရေး၊ လေ့ကျင့်ရေး၊ စစ်ရေးပြင်ဆင်မှုတွေအတွက် အခက်အခဲများစွာ ကြုံတွေ့ရစေပါတယ်။ ဒါကြောင့် အဲဒီအခက်အခဲတွေကို ဘယ်လို အံတုဖို့ ရင်ဆိုင်ထားသလဲ။ ဘာတွေလိုအပ်မှုရှိနေသလဲဆိုတာတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ တိုးရှိုးသံတွေကို အပတ်စဉ် CJ Platform ရဲ့ ‘ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ’ ဆိုတဲ့ ကဏ္ဍကနေ ဖွင့်ဟပေးလိုက်ပါရစေ။

****************************************

“ ပြည်သူတွေနေရတာ စိတ်ချအောင် ကင်းပါ လုံခြုံရေး ယူပေးရတယ်ဗျ”

 

ရေစကြိုမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတစ်ဦး

 

အညာဆိုတာလည်းသိတဲ့ အတိုင်းပဲ နေက ပူ၊ ရေက ရှားပါးတဲ့ အရပ်ဒေသလေ။ ကျွန်တော်တို့ ခုချိန် ဘာမှ မလုပ်ရသေးဘူး။ ပြည်သူတွေအတွက်ပဲ ဦးစားပေးနေရလို့ပါ။ လတ်တလောကာလမှာ စကစက စခန်းဝင်စီးထားခံရတော့ ခုချိန် ဘယ်သူတွေ မထောက်ပံ့နေနေ ပြည်သူတွေကို ကာကွယ်ဖို့ အတွက်ပဲလုပ်ပေးတယ်။ အခုမိုးတွင်းက အခက်အခဲတော့ အမျိုးမျိုးရှိတယ်ဗျ။

ခုဆို မိုးကာလေးတွေ အဆင်ပြေအောင်လုပ်ပေးနေရတယ်။ မိုးရွာတဲ့ချိန်အဆင်ပြေအောင်နေဖို့အတွက် မိုးကာလေးတွေ၊ တဲလေးတွေနဲ့ လုပ်ပေးတယ်။ ပြည်သူတွေနေရတာ စိတ်ချအောင် ကင်းပါ လုံခြုံရေး ယူပေးရတယ်ဗျ။ ကင်းလည်း သူ့တာဝန်နဲ့ သူ၊ မိုးရွာလည်း သူ့အချိန်နဲ့ သူ စောင့်ရတာပဲဗျ။

ပြီးတော့ ကျွန်တော်တို့ စခန်းမှာကတော့ ကျန်းမာရေး ဆရာဝန်လည်း ရှိတယ်ဗျ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကတော့ စခန်းတဲမှာ စကစစီးတော့ အကုန်ပါသွားတယ်ဗျ။ ဆေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ စကစတွေက အကုန်မီးရှို့သွားတယ်။ ကျွန်တော်တို့မှာလည်း ငွေအင်အားလည်းနည်းတော့ အဲဒါကိုတော့ မစီစဉ်နိုင်သေးဘူးဗျ။ ကျွန်တော်တို့အတွက်က အစစအရာရာ ဘာမှမစီစဉ်နိုင်သေးဘဲ လိုအပ်ချက်တွေအပြည့်ပါပဲဗျာ။

****************************************

“ မြို့နဲ့ အရမ်းနီးစပ်နေတော့ ကင်းကလည်း ထိပ်ဦးပိုင်းမလို့ မိုးထဲရေထဲလည်း ပိုဂရုစိုက်ရတယ်ဗျ”

 

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး

 

ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျွန်တော်လုပ်ထား‌တာတွေရှိပါတယ်။ မိုးတွင်းမှာ အခက်အခဲတွေအများကြီးရှိတယ်။ ပြင်ဆင်ထားတာတွေလည်းရှိတယ်။ ရိက္ခာ၊ လက်နက်၊ ကာကွယ်ရေးပိုင်းစသဖြင့်ပေါ့လေ။

ပထမတစ်ခုအနေနဲ့ပြောရရင် ရှေ့တန်းကာကင်းပေါ့။ အဲဒီမှာ မိုးတွင်းရဲ့အခက်အခဲကတော့ ကျွန်တော်တို့ကင်းစောင့်ရတဲ့အချိန်တွေမှ မိုးရွာရင် ဂရုပိုစိုက်ရတယ်ဗျ။ တစ်ဖက်ရန်သူ ဝင်ရောက်လာရင် ခြေသံမကြား၊ ရုပ်လုံးမမြင်ရဘူးလေ။ မိုင်းတွေကလည်း တိုက်မိုင်း/ကြိုးဆွဲ/ရဗ်စီဗာ အမျိုးမျိုးထောင်ထားတော့ မိုးရွာတော့ထကွဲတာတွေလည်းရှိပါတယ်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျွန်တော်လုပ်ထား‌တာတွေရှိပါတယ်။ ဒါပေမဲ့ ချပြဖို့အဆင်မပြေလို့ပါ။ တစ်ဖက်ရန်သူဆီ သတင်းရောက်သွားရင် သူတို့ကလည်း ကြိုတင်ပြင်ဆင်သွားနိုင်လို့ပါ။

ရိက္ခာပိုင်းဆိုလည်း ပြင်ဆင်မှုအပိုင်းရှိတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်တပ်ရင်း၊ တပ်ခွဲတော့ နီးစပ်ရာ ရွာတွေကနေ ကျွေးမွေးကြပါတယ်။ ပကဖ/ပအဖ/ပလဖတွေ စီစဉ်မှုနဲ့အတူပေါ့။ အမိုးအကာလည်း ဒေသထွက်  ထန်းရွက်နဲ့ မိုးထားတဲ့ တဲလေးဆိုတော့ မိုးလုံတဲ့အနေအထား တစ်ခုသာသာပါပဲ။ ပြီးနောက် အခက်အခဲတစ်ခုကတော့ ကင်းသွားကင်းလာ မိုးမိရင် နှာ‌စီး/ချောင်းဆိုးနဲ့ နေမကောင်းဖြစ်တာတွေရှိတယ်။ ဒါလည်း အရင်နှစ်တွေတည်းက ကြုံနေကြပါပဲ။ မြို့နဲ့ အရမ်းနီးစပ်နေတော့ ကင်းကလည်း ထိပ်ဦးပိုင်းမလို့ မိုးထဲရေထဲလည်း ပိုဂရုစိုက်ရတယ်ဗျ။ ၂၄ နာရီ စောင့်ရတယ်။ ကျွန်တော်နဲ့ ရန်သူက နယ်အပိုင်းခြားလေးဆိုတော့ ကျွန်တော်တို့ တိုက်မိုင်းတွေကို ဆင့်ကဲ ပိတ်ထောင်ထားတယ်။ မိုင်းတွေလည်း ၂၄ ရီ အသက်သွင်းထားပြီး မိုးတွင်းဆိုတော့ မိုးရွာရင်ထကွဲတာတွေရှိတတ်တော့ ပြည်သူတွေကိုလည်း မသွားလာကြဖို့  ရှင်းပြပြောဆိုထားပြီး အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားလိုက်ပါတယ်ဗျ။ တောင်သူလယ်ယာလုပ်ချိန်တွေဆို အချိန်တစ်ခု သတ်မှတ်ပေးပြီး လုပ်ကိုင်ခွင့်လည်းပေးထားပါတယ်ဗျ။ မိုးတွင်းကတော့ လက်နက်ပိုင်းရော နေစရာထိုင်စရာ တွေနဲ့ အခက်ခဲတွေကအများကြီးပါ။ လုံလောက်အောင်တော့ ပြင်ဆင်မထားနိုင်သေးပေမဲ့ တတ်နိုင်တဲ့အတိုင်းအတာတစ်ခုထိတော့ ပြင်ဆင်ထားပါတယ်။

****************************************

“မိုးတွင်းဆို စခန်းတွေကတော့ မိုးလေကြမ်းရင် မိုးအစိုခံရတာပေါ့ဗျာ”

 

မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး

 

ကျွန်တော်တို့နယ်မြေမှာကတော့ စစ်ကြောင်းရှိလာရင်တော့ ခက်ခဲတာပေါ့ဗျာ။ နယ်မြေကာ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးအတွက်လောက်ပဲ အခက်အခဲတွေရှိတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ စစ်ရေးအခြေနေရမလို့ မပြေတော့ပါဘူး။ မိုးတွင်းဆို စခန်းတွေကတော့ မိုးလေကြမ်းရင် မိုးအစိုခံရတာပေါ့ဗျာ။ ဒုက္ခများတယ်။ ပြီးတော့ ထမင်းဟင်းချက်စားဖို့အတွက်လည်း အခက်အခဲဖြစ်တာလေးတွေတော့ ကြုံရတာပေါ့။ ပြင်ဆင်မှုအပိုင်းတွေကတော့ အခြေအနေအရပဲပေါ့။ ဘဏ္ဍာရေးအပိုင်းအခြေအနေအရ ချိန်ညှိနေရတာပဲ။