ကွန်ဂို(DRC)မှာ လှေနစ်မြုပ်မှုကြောင့် လိုက်ပါလာသူ လူ ၈၀ ကျော်စလုံး သေဆုံး

Author အဂ္ဂ
Categories
Published on Jun 13, 2024

အာဖရိကတိုက် အလယ်ပိုင်းက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)မှာ ခရီးသွားစက်လှေတစ်စင်း နစ်မြုပ်လို့ လှေပေါ်ပါလာတဲ့ လူ(၈၀)ကျော်စလုံး သေဆုံးခဲ့ရတယ်လို့ သမ္မတဖြစ်သူ ဖိလစ် ရှီဆဲကေဒီ (Felix Tshisekedi) က ကြေညာခဲ့ပါတယ်။

 

လှေနစ်မြုပ်မှုဟာ မိုင်အန်ဒွန်ဘီ(Mai- Ndombe)ပြည်နယ်၊ မူရှီ(Mushie)မြို့ကနေ ကီလိုမီတာ ၇၀(၄၃ မိုင် ဝန်းကျင်)ကွာဝေးတဲ့ ကွာမြစ်(Kwa)အတွင်းမှာ ဗုဒ္ဓဟူးနေ့ ဇွန် ၁၂ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

“သမ္မတက အခုလိုမျိုး ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ရဲ့ အကြောင်းအရင်းအမှန်ကို စုံစမ်းစစ်ဆေးဖို့နဲ့ နောင်များမှာ အခုလို ဖြစ်ရပ်ဆိုးတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် တောင်းဆိုနေပါတယ်” လို့ သမ္မတရုံးက လူမှုကွန်ရက် X(ယခင် Twitter)မှာတင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

သမ္မတ ရှီဆဲကေဒီဟာ အခုအဖြစ်အပျက်အတွက် ဝမ်းနည်းကြေကွဲရကြောင်းကို သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ချစ်ရသူတွေဆီ ပေးပို့ခဲ့ပြီး အခုဖြစ်ရပ်အတွက် အရေးယူဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ဖို့နဲ့ ထိခိုက်ခံစားခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လှေဟာ ညဘက်ကြီးမှာ ရွက်လွှင့်ခဲ့တာကြောင့် နစ်မြုပ်ခဲ့ရတာဖြစ်တယ်လို့ မိုင်အန်ဒွန်ဘီပြည်နယ် အုပ်ချုပ်ရေးမှူး ရီတာဘိုလာဒူလာ (Rita Bola Dula) ကဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

 

လူအသေအပျောက်များတဲ့ လှေမတော်တဆမှုတွေဟာ ကွန်ဂိုနိုင်ငံ(DRC)မှာ အဖြစ်များလေ့ရှိပြီး အဲဒီလို ဖြစ်ရတာကလည်း လှေတွေဟာ သူတို့တင်ဆောင်နိုင်တဲ့ ဦးရေထက်ပိုမိုပြီး တင်ဆောင်လေ့ရှိတာကြောင့်လို့ သိရပါတယ်။

 

ကွန်ဂိုနိုင်ငံ(DRC)ဟာ သစ်တောဧရိယာထူထပ်ပြီး ကတ္တရာလမ်းလို ကုန်းလမ်း အနည်းအကျဉ်းသာ ရှိတဲ့အတွက် ရေကြောင်းကိုပဲ အဓိကထား သွားလာလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

 

(အာဖရိကတိုက်အလယ်ပိုင်းမှာ ကွန်ဂိုအမည်နဲ့ နိုင်ငံနှစ်နိုင်ငံရှိပြီး ယခုစက်လှေနှစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(Democratic Republic Congo- DRC)နဲ့ ကွန်ဂို သမ္မတနိုင်ငံ(Congo-Brazzaville လို့ လူသိများ)ဆိုတဲ့ နှစ်နိုင်ငံဟာ မတူညီကြပါဘူး။)

 

ဓာတ်ပုံ – Luke Dennison/AFP

 

ကိုးကား – Al Jazeera

 

Related News

Depend on news