စစ်ကောင်စီဖမ်းပေမဲ့ ပြင်ပ ရွှေဈေး ကျပ် ၅၃ သိန်းခွဲနဲ့ ကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဈေးရှိနေ

Author ကိုထားဝယ်
Categories
Published on Jun 10, 2024

စစ်ကောင်စီဟာ မေလနှောင်းပိုင်းကစလို့ ရွှေနဲ့ ဒေါ်လာရောင်းဝယ်သူတွေအပေါ် အဖမ်းအဆီးတွေ ကြမ်းခဲ့ပေမဲ့ ဒီနေ့ထက်ထိ အမှန်တကယ်အရောင်းအဝယ်လုပ်ရာမှာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ အောက်မကျသေးသလို အမေရိကန်တစ်ဒေါ်လာကိုလည်း ၄၃၀၀ ကျပ်အောက်မရောက်သေးဘူးလို့ အဲဒီဈေးကွက်တွေထဲကနေ သိရပါတယ်။

 

ဒီနေ့ ဇွန် ၁၀ ရက် အခေါက်ရွှေဈေးကွက်ထဲ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ကျပ် ၅၃ သိန်းခွဲနဲ့ ကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

“ရွှေသွားရောင်းတာ ၅၂ သိန်းဈေးနဲ့ရခဲ့တယ်။ သူတို့ရောင်းဈေးကတော့ တစ်ကျပ်သား ၅၃ သိန်းခွဲနဲ့လို့ပြောတယ်” လို့ ရန်ကုန်မြို့က ရွှေဆိုင်တစ်ခုမှာ အခေါက်ရွှေသွားရောင်းခဲ့သူတစ်ဦးက ပြောပါတယ်။ “ဒီဈေးနဲ့အရောင်းအဝယ်လုပ်ခဲ့တာကို ဘယ်သူ့ကိုမှ မပြောဖို့လည်း ပြောလိုက်တယ်” လို့ အဲဒီအမျိုးသားက ပြောပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရွှေဈေးနှုန်းကတော့ တစ်ကျပ်သား ကျပ်သိန်း ၅၀ ကို တစ်ခါမှ မကျော်သေးပါဘူး။ YGEA ရဲ့ ဒီနေ့ ဇွန် ၁၀ ရက် သတ်မှတ်ဈေးဟာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၄,၆၅၅,၀၄၇ ကျပ်နဲ့ဖွင့်ပြီး အဲဒီဈေးနဲ့ပဲ ပိတ်ထားတာကို တွေ့ရပါတယ်။

 

စစ်ကောင်စီအလိုကျ လိုက်လံလုပ်ဆောင်ပေးနေတဲ့ အဲဒီအသင်းဟာ စစ်ကောင်စီ ဩဇာပဲခံပြီး ပြင်ပဈေးနဲ့မကိုက်ညီတဲ့ဈေးတွေကို ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။

 

ဇွန်လ ၅ ရက်နေ့က ရွှေဆိုင်တွေ မဖြစ်မနေဖွင့်လှစ်ရောင်းချဖို့၊ သူတို့သတ်မှတ်ဈေးနဲ့ ရောင်းချဖို့ပြောသလို စစ်ကောင်စီ လက်အောက်ခံတွေက လာစစ်လို့ ညွှန်ကြားချက်ကို မလိုက်နာရင် ထိထိရောက်ရောက်အရေးယူမယ်လို့လည်း YGEA က ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ရန်ကုန်က ဈေးကမောက်ကမဖြစ်နေလို့ ပိတ်ထားတဲ့ ရွှေဆိုင်အတော်များများ နောက်နေ့မှာ ပြန်ဖွင့်လာကြတာကို တွေ့ရပါတယ်။

 

အဲဒီလိုပဲ ပြင်ပငွေကြေးဈေးကွက်ထဲ အမေရိကန်ဒေါ်လာဈေးတွေဟာ ၄၃၀၀ ကျပ်နဲ့အထက်သာရှိနေခဲ့ပေမဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဈေးတွေကတော့ ကန်တစ်ဒေါ်လာ ၃၃၀၀ ကျပ်နဲ့အောက်မှာသာ ဈေးဖွင့်ထားတာကို တွေ့ရပါတယ်။

 

“ဟိုတလောက သူတို့(ပုဂ္ဂလိကဘဏ်များ)ဆီ ဒေါ်လာ ၅၀၀ ကို တစ်ဒေါ်လာ ၃၃၀၀ လောက်နဲ့ရမယ်ဆိုလို့ သွားဝယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ တကယ်တမ်းလိုအပ်လို့ အပြင်မှာ လိုက်ဝယ်တာ တစ်ဒေါ်လာ ၄၃၀၀ ကျပ်နဲ့အထက်မှာပဲ ရခဲ့ပါတယ်” လို့ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ငန်းတွေလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီဟာ သူတို့ကြောင့် ကျပ်ငွေဈေးတွေ ထိုးကျလို့ ရွှေဈေးနဲ့ နိုင်ငံခြားငွေကြေးဈေးတွေ စံချိန်တင်မြင့်တက်ခဲ့တာကို ငွေကြေးကစားသူတွေကြောင့်လို့ စွပ်စွဲပြီး အဲဒီလုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီ နှောင်းပိုင်းကနေ ဇွန်လ ပထမပတ်ထဲ ဆက်တိုက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းတာတွေ၊ ဝရမ်းထုတ်တာတွေ လုပ်ခဲ့ပါတယ်။

 

အဲဒါကြောင့် ငွေလဲလုပ်ငန်းလုပ်သူတွေနဲ့ ရွှေကုန်သည်တွေ ထွက်ပြေးရတာတွေအပြင် ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပေမဲ့ ဖမ်းခံရသူတွေ ပြန်လွတ်မလွတ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 

အခုလတ်တလောမှာတော့ ရွှေနဲ့ ငွေကြေးဈေးကွက်တစ်ခုလုံး ငြိမ်သက်နေပါတယ်။

 

ဓာတ်ပုံ – ကိုထက်