တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ စစ်ကောင်စီကြေညာ

Author လဂွန်းအိမ်
Categories
Published on Jun 09, 2024

စစ်ကောင်စီက ၂၀၂၄ ခုနှစ် မတ်လမှာကျင်းပခဲ့တဲ့  တက္ကသိုလ်ဝင်စာမေးပွဲနဲ့ ဧပြီနဲ့မေ မှာ အထူးအစီအစဉ်အဖြစ်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေရဲ့ အောင်စာရင်းတွေကို အခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာ‌တွေကနေ တစ်ဆင့် သိရပါတယ်။

 

ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 ကို အဆင့် A, B , C, D ဆိုပြီး ခွဲထုတ်ကာ ထုတ်ပြန်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မဟုတ်ရင် ဘယ်ဟာကိုမှ အတည်ပြုလို့ မရဘူးလို့လည်းဆိုထားပြီး အရင်နှစ်တွေနည်းတူ ပုံစံပြောင်းလဲမှုမရှိ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

 

အောင်စာရင်းတွေကို စစ်ကောင်စီပညာရေးဝန်ကြီးဌာန လက်အောက် စာစစ်ဌာန website မှာ ကြေညာထားမှာဖြစ်တဲ့အပြင် စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ဇွန် ၁၁ ရက် နံနက် ၆ နာရီကနေစတင်ပြီး ကပ်ထားမှာဖြစ်တယ်လို့ ဆိုထားပြီး ဝေးလံသည့်ဒေသတွေမှာရှိတဲ့ ကျောင်းတွေကိုတော့ စစ်ကောင်စီ မီဒီယာတွေကနေပဲ ဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီအခြေခံပညာအထက်တန်းပေါ့နော် ဒီ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းသည် ယခင်နှစ်များကဲ့သို့သာဖြစ်ပါတယ်လို့ပြောကြားလိုပါတယ်။ ပုံစံပြောင်းလဲ ဆောင်ရွက်တယ်ဆိုရင် ဒါကို လက်ခံနိုင်အောင် ကြိုတင်အသိပေး ကြေညာပြီးမှ စနစ်တစ်ခု system တစ်ခုဆိုတာ‌ ပြောင်းလို့ရတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီအပေါ်မှာလည်း စိတ်ပူပန်မှုမဖြစ်စေချင်ပါဘူး။ထွေပြားမှုလည်း မဖြစ်စေချင်ပါဘူး ရှင့်” လို့ စစ်ကောင်စီ ရန်ကုန်တိုင်းပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က သူတို့ရဲ့ ဝါဒဖြန့်ချိရေး သတင်းတွေမှာ ဆိုပါတယ်။

 

စစ်ကောင်စီသည် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးထားသူ ၁၄၆၅၂၃ ရှိသည့်အနက် ၁၂၈၇၂၅ သာ ဖြေဆိုခဲ့တာပါ။

 

၂၀၂၂/၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၁၇၉၈၄၃ယောက် ရှိခဲ့ပြီး ဖြေဆိုသူ ၁၆၁၆၃၃ယောက် ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို COVID-19 ကပ်ရောဂါကြောင့် စစ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခဲ့ပြီး COVID ကာလအတွင်း စစ်အာဏာသိမ်းမှုတွေကြောင့် ၂၀၂၀/၂၀၂၁ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ခြင်းမရှိပဲ စစ်ကောင်စီက ၁ နှစ်အတွင်း ၂ ကြိမ် အစားထိုးဖြေဆိုခဲ့ခြင်းတွေ ပြုလုပ်ခဲ့တာပါ။

 

အရပ်သား အစိုးရလက်ထက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေမှာ  နှစ်စဉ် ၉ သိန်းဝန်းကျင်အထိ ရှိခဲ့သော်လည်း စစ်အာဏာသိမ်ပြီးကာလ စစ်ကောင်စီက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲများတွင် ၂၀၂၁/၂၀၂၂ ပညာသင်နှစ်မှာ ဖြေဆိုသူဦးရေ ၃ သိန်းနီးပါး အထိ ကျဆင်းလာခဲ့တာဖြစ်ပြီး ၂၀၂၂/၂၀၂၃ ပညာသင်နှစ်မှာ ဖြေဆိုသူဦးရေ ၁ သိန်း ၇ သောင်းကျော်အထိ လျော့ကျလာခဲ့ပြီး ၂၀၂၃/၂၀၂၄ ပညာသင်နှစ်မှာတော့ ဖြေဆိုသူဦးရေ ၁ သိန်း ၄ သောင်းကျော်အထိထပ်မံကျဆင်း လာခဲ့တာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC