“ရွှေဈေး၊ ငွေဈေးနောက် လိုက်လာတဲ့ ကုန်ဈေးနှုန်းတွေ”

Author ကိုထားဝယ်၊ မင်းထက်၊ လင်းနွေဦး၊ လဂွန်းအိမ်
Categories
Published on Jun 09, 2024

စစ်ကောင်ပေးတဲ့ဒုက္ခတွေထဲ ကုန်ဈေးနှုန်းဆိုတာကြီးကလည်း တစ်ခုအပါအဝင်ပါပဲ။ လူတွေ နေ့စဉ် စားသောက်၊ အသုံးပြုနေရတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ သုံးနှစ်ကျော်ကာလအတွင်းမှာ အခုနှစ်ဆန်းပိုင်းထဲ သုံးဆလောက်တက်နေတာကနေ မေလ တတိယပတ်ထဲ ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ အဆမတန်မြင့်တက်သွားအပြီးမှာတော့ လေးဆလောက်အထိ ဆက်လက်မြင့်တက်သွားပါပြီ။ ဒါကြောင့် ပြည်သူလူထုဟာ ကျပ်ပြီးရင်း ကျပ်၊ ခက်ပြီးရင်း ခက်လို့နေဆဲဖြစ်ပါတယ်။ ဒီလိုအခက်အခဲအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး CJ Platform ရဲ့ အပတ်စဉ် “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ”ကဏ္ဍကနေ တိုင်းနဲ့ ပြည်နယ်အစုံက ဒေသခံအရပ်သားတွေရဲ့ တိုးရှိုးသံတွေကို ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

 

“ခြင်ဆေးခွေ တစ်ဘူး နှစ်ထောင်၊ နှစ်ထောင်ငါးရာဖြစ်သွားပြီ”

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး

 

ကုန်ဈေးနှုန်းတွေကတော့ တော်တော်တက်တက်ပဲ။ တလောလေးတုန်းကပဲ ကော်ဖီမစ်တစ်ထုပ် ၃၀၀ ကနေ အခု ၄၀၀ ရောင်းနေရတယ်။ ဘာလို့ဆို တစ်ပါကင် တစ်သောင်းကျော်သွားပြီလေ။ အိုဗာတင်းအထုပ်သေးတစ်ထုပ် အရင် ၅၀၀ ကနေ အခု ၉၀၀ လောက်ဖြစ်သွားပြီ။ ရွှေဈေး၊ ဒေါ်လာဈေးက စံချိန်တင်သွားတာကို။ ကုန်ဈေးနှုန်းကလည်း နောက်က တောက်လျှောက်လိုက်တော့တာပေါ့။ စားဆီတွေဆိုလည်း အရင် ရာအိမ်မှူးတွေက တစ်အိမ်တစ်ကတ်လိုက်ဝေတာကို တစ်ပိဿာ ငါးထောင်ကျော်နဲ့ရောင်းပေးတာမျိုး အခုမရှိတော့ဘူး။ မပေးတော့ဘူး။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ သွားဝယ်လို့ရတော့တယ်။ ဒါတောင် တစ်ပိဿာ ၁၁,၀၀၀ တဲ့။ တခြား ပုံးနဲ့ဆီတို့၊ နှစ်ပိဿာခွဲပါတဲ့ ဘူးကြီးတို့ဆို အနားတောင် မကပ်ရဲတော့ဘူး။ ဆန်ဆိုလည်း အရင်ကရောင်းတယ်။ အခုတော့ ရောင်းဖို့ ဈေးတောင် မမေးရဲတော့ဘူး။ တက်လွန့်လွန်းလို့။ ခြင်ဆေးခွေ တစ်ဘူး နှစ်ထောင်၊ နှစ်ထောင်ငါးရာဖြစ်သွားပြီ။ တစ်ခွေခြင်းဆို ၄၀၀ လောက်နဲ့ရောင်းမှကိုက်တော့တယ်။ ကွမ်းဈေးတွေကလည်း မကောင်းတကောင်းတောင် တစ်ပိဿာ ၂၀,၀၀၀ ဈေးဖြစ်သွားပြီ။ ထိပ်စဆို ၂၅,၀၀၀၊ ၃၀,၀၀၀ ဖြစ်သွားပြီ။ 92 နဲ့ ကွမ်းတစ်ယာ၊ (ပိုက်ဆံ)၁၀၀ ဖြစ်သွားပြီ။ ဆင်ဂနယ်နဲ့ဆို တစ်ထောင်ဖိုး လေးယာပဲရတော့တယ်။ ပြောကိုမပြောချင်တော့ပါဘူး။ ကိုယ်တွေလည်း နေ့စဉ် ဈေးနှုန်းတွေပဲ နားစွင့်နေရတယ်။ အမြဲတမ်း တက်ပဲတက်နေလို့။

****************************************

 

“ဆန်ဆိုလည်း ဆန်ကြမ်းတစ်ပြည် ထောင်ဂဏန်းကနေ ခုဆို ၄၅၀ဝ/၅၀ဝ၀”

 

ရခိုင်(တောင်ပိုင်း)၊ တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦး

 

ခုတိုက်ပွဲတွေပိုဖြစ်လာပြီး ရက္ခိုင့်တပ်တော်(AA)က ရခိုင်တစ်ပြည်လုံးသိမ်းမယ်ဆိုပြီး ပြောလာတာမျိုးတွေရှိတယ်။ သိမ်းဖို့ကျန်တဲ့ထဲမှာလည်း အစ်မတို့ တောင်ကုတ်ပါတယ်လေ။ လမ်းတွေကတော့ အစကတည်းက စစ်တပ်ဘက်က တင်းကြပ်ထားတာလေ။ သူတို့နဲ့ ပေါင်းပြီး ကုန်သည်တွေလုပ်စားတာကြာပြီ။ ဈေးတွေက အရင်အပတ်တွေတုန်းကနဲ့ ပြောင်းသွားတာမျိုးမရှိပါဘူး။ တိုးလာတာပဲရှိတာ။ ကြက်သွန်နီတစ်ပိဿာ အစက သုံးထောင် ဝန်းကျင်ကနေ အခုဆို တစ်သောင်းကျော်၊ ကြက်သွန်ဖြူဆိုလည်း ၄၀ဝ၀ လောက်ကနေ ခုဆို ၂၅,၀ဝ၀၊ ခေါက်ဆွဲကြော်တဲ့ ကုလားအုပ်ခေါက်ဆွဲ တစ်ထုပ်ဆိုလည်း ရာဂဏန်းကနေ ခုဆို တစ်ထုပ် ၃၅၀ဝ၊ ရိုးရိုးဓာတ်ဆားတစ်ထုပ် အရင်က ၂၀ဝ/၃၀ဝ ကနေ ခုဆို ၉၀ဝ/၁၀ဝ၀၊ ဆီဆိုလည်း ဆယ်ပိဿာပုံး တစ်ပုံးကို အရင်က ငါးသောင်းကျော်၊ ခြောက်သောင်းလောက်ကနေ ခုဆို တစ်သိန်း ခုနစ်သောင်း၊ ဆန်ဆိုလည်း ဆန်ကြမ်းတစ်ပြည် ထောင်ဂဏန်းကနေ ခုဆို ၄၅၀ဝ/၅၀ဝ၀ ၊ ရခိုင်ပေါ်ဆန်း တစ်အိတ်ဆိုလည်း ၅/၆ သောင်းကနေ ခုဆို တစ်သိန်းခွဲ၊ ရွှေဘိုတစ်အိတ်ဆိုရင် နှစ်သိန်းကျော်ပြီ။ ဝက်သား တစ်ပိဿာဆို အရင်က သောင်းဂဏန်းမကျော်ဘူး။ ခုဆို တစ်ပိဿာ နှစ်သောင်းခွဲ၊ အမဲသားဆို နှစ်သောင်း ရှစ်ထောင်၊ သုံးသောင်းနီးပါး၊ ကြက်သား CP ကြက်မရတော့ဘူး။ ကြက်ဥဆို အရင်က ဘယ်သူမှတောင် လှည့်မကြည့်တာ။ ခုဆို တစ်လုံး ၆၅၀၊ ဘဲဥတစ်လုံး ၈၀ဝ၊ ဆေးပေါ့လိပ်ဆိုလည်း အရင်က တစ်ထုပ် နှစ်ထောင်၊ နှစ်ထောင့်ငါးရာကနေ အခုဆို တစ်ထုပ် ခြောက်ထောင်ကျော်ပြီ။ အရက် ဘီယာတွေလည်းဈေးတက်တယ်။ Andaman Gold ဘီယာဆို အရင် ထောင်ကျော်ကနေ ခုဆို တစ်ဘူး ၅ ထောင်ကျော်၊ ရခိုင်ကချက်တဲ့ ဓနိအရက် တစ်လီတာဆို အရင်က ၁၂၀ဝ ပဲ၊ ခုဆို တစ်လီတာ ၆၀ဝ၀၊ Grand Royal ဝီစကီ ပွိုင့် ၇ ပွိုင့် ၅ တစ်ပုလင်း ၂၈,၀ဝ၀၊ အစစအရာရာ အကုန်တက်တာ၊ အီကြာကွေး တစ်ခု ၁၃၀ဝ၊ စမူဆာ တစ်ခု ၈၀ဝ နဲ့ ကိုယ့်ဝမ်းတောင် ကိုယ်မသဒ္ဒါချင်တော့ဘူး။

****************************************

 

“ခုဆို လက်ဖက်ရည် ၁၅၀ဝ နဲ့ မုန့်က သေးသွားပြီး ၆၀ဝ ပေးရတယ်။ တခြား မုန့်တီ၊ မုန့်ဟင်းခါးတစ်ပွဲ ၁၈၀ဝ”

 

စစ်ကိုင်းမြို့ခံ ပဲပြုတ်ရောင်းသူ အမျိုးသမီးတစ်ဦး

 

ခုက နိုင်ငံရေးမကောင်း ကုန်လမ်းကြောင်းတွေ ပိတ်လို့ဆိုပြီး ဈေးတွေတအားထိုးတက်တယ်။ စားတော်ပဲ တစ်ပြည်ကို ၇၀ဝ၀ ကျော်ပေးရတယ်။ ညီမတို့က ဖောက်သည်ပျက်မှာဆိုးတော့ တက်ဈေးလည်း ဝယ်၊ ကျဈေးလည်းဝယ်ပြီး ပဲပြုတ်ရောင်းနေရတယ်။ အမြတ်သိပ်မကျန်ပေမဲ့ ဖောက်သည်မပျက်ရေးကတော့ ရောင်းရတာပဲလေ။ လတ်တလောဆိုလည်း စားဆီတပိဿာဈေး ၁၁,၀ဝ၀ ထိတက်တယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ၉၀ဝ၀ ပဲရှိတာ။ တက်ရိပ်ကြီးပဲ။

လက်လုပ်လက်စားတွေအတွက်ကတော့ အဆင်မပြေဘူးလေ။ အစစအရာရာဈေးကြီးနေတာ။ ကိုယ့်နေ့စဉ်စားတဲ့ ထမင်းဆိုလည်း ဆန်ကြမ်းပဲ ဝယ်နိုင်တော့တယ်။ တစ်ပြည်ကို ၅,၀၀၀ အနည်းဆုံးရှိတယ်။ ပြီးတော့ ဟင်းစားအတွက်ဆို ကြက်သားက ၁၆,၀ဝ၀ ရှိတယ်။ တစ်ခါမှ မကြားဘူးတဲ့ဈေးပဲ။ အရင်က ဆို ၁၂,၀ဝ၀ နဲ့ ၁၄,၀ဝ၀ ကြားပဲရှိတာ။ အမဲသားက ၁၈,၀ဝ၀ နဲ့ ဝက်သားဆို ၂၀,ဝ၀ဝ ထိပဲ။ ဝယ်စားဖို့တောင် ချင့်ချင့်ချိန်ချိန်ဝယ်စားနေရတယ်။ ညီမတို့တွေအတွက်ကတော့ ချင့်ချိန်ရင်း အသားဟင်းတော့ ဝယ်စားဖို့ရာ မတတ်နိုင်ဘူးပေါ့။ ခရမ်းချဉ်သီးတောင် ၂၀၀၀၊ ၂၅၀၀ လောက်ကနေ တစ်ပိဿာ ၅၂၀၀ တဲ့ ကဲ။ အသီးအရွက်ကလည်း အသားဈေးနီးနီး။ မုန်ညှင်းထုပ်တွေလည်း တစ်ပိဿာ ၄၀ဝ၀၊ အရင်က ၂၀ဝ၀ ကျော်ဆို လှည်းကျိုးအောင်ရနေတဲ့ကိစ္စ။ အသားဟင်းဝယ်မနိုင်လို့ ကြက်ဥလိုမျိုးဝယ်မယ်ဆိုရင်တောင် တစ်လုံး ၃၀ဝ/၃၅၀ တစ်ပိဿာ ၇၆၀ဝ တဲ့လေ။ ပန်းမုန်လာဆို ၂၅၀ဝ သူဌေးစာတွေပဲ။ အပျင်းပြေ နေကြာစေ့ဝါးဖို့ ဝယ်မယ်ဆိုရင်တောင် အရင်က နှစ်ရာတန်က ခု ၆၀ဝ ထိရှိနေတာ။ အရင်က ၅၀ တန် မုန့်တွေတောင် ၁၅၀ လောက်ရှိနေတာ။ အရင်ကဆို ညီမတို့မနက်ပိုင်း ပဲပြုတ်ထွက်ရောင်းရင် အဆာပြေ လက်ဘက်ရည်နဲ့ မုန့်လေးစားတာပေါ့နော်။ အဲဒီချိန်က လက်ဖက်ရည်က တစ်ထောင်လောက်နဲ့ မုန့်(အီကြာကွေး) ၆၀ဝ ဆိုရတယ်။ ခုဆို လက်ဖက်ရည် ၁၅၀ဝ နဲ့ မုန့်က သေးသွားပြီး ၆၀ဝ ပေးရတယ်။ တခြား မုန့်တီ၊ မုန့်ဟင်းခါးတစ်ပွဲ ၁၈၀ဝ။

 

ဒါလေးတွေစားရင်တောင် ကိုယ့်အမြတ်ထဲကပါသွားပြီး တက်ဈေးပဲရှိနေတော့ ပြန်ရင်းဖို့ရာက ကိုယ့်ဝယ်ဈေး ရနိုင်ချင်မှရမှာလေနော်။ ခုချိန်ကတော့ နိုင်ငံရေးမကောင်း လမ်းတွေပိတ်တော့ ဈေးတွေက တစ်ဆင့်တစ်ဆင့်တက်နေတာ အဆင်မပြေဘူး။ ကိုယ်က ဒီတစ်ခုပဲလုပ်တတ်တော့ ဒါပဲဆက်လုပ်နေရတာ။ ဈေးရောင်းရတာလည်းလေ ဖောက်သယ်မပျက်အောင်သာရောင်းနေရတာ။ အမြတ်မရှိသလို နေ့စဉ်တာဝန်တစ်ခုလိုပဲ လုပ်နေရတာ။ ကိုယ်လုပ်သလောက် ကိုယ့်ဝမ်းကိုယ်တောင် မဖြည့်နိုင်ဘူး။

****************************************

 

“နေမကောင်းလည်း မဖြစ်ရဲဘူး။ ဖြစ်ရင်သေဖို့ပဲ တွေးထားရမှာ”

 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က အမျိုးသားတစ်ဦး

 

နေဖို့ စားဖို့ရှိတဲ့သူအနေနဲ့တော့ ဘယ်လိုမှမ‌ဖြစ်ပေမဲ့ မရှိတဲ့သူတွေအဖို့တော့ မငတ်ဖို့ရုန်းနေရတာပါပဲ။ ကုန်ဈေးနှုန်းတွေတက်လာတာနဲ့အမျှ အိမ်ငှားခတွေလည်း တက်လာတယ်။ အစက ၂ သိန်း၊ ၂ သိန်းခွဲ ရှိနေရာကနေ အခု ၃ သိန်း၊ ၄ သိန်းဖြစ်သွားပြီ။ မြေညီထပ်ဆို ၅ သိန်း၊ ၆ သိန်းပဲ။ ဆန်ဆိုရင် ၈၀,ဝ၀ဝ ကနေ ၁၆၀,ဝ၀ဝ ဖြစ်တာ။ အကုန်လုံးကတော့ သိသိသာသာကို ထိုးတက်သွားတာ။ မတက်တာဆိုလို့ လစာပဲရှိတယ်။

 

ကြက်သားတောင် အရင်ဆို ၃၀၀၀ ဖိုး ဝယ်လို့ရသေးတယ်။ အခု အနည်းဆုံး ၅၀၀၀ ဖိုးမှ ရောင်းတော့တယ်။ စားဆီဆိုလည်း တန်းစီပြီးဝယ်နေရသေးတယ်လေ။ တချို့ကတော့ သူတို့ပေးတာ ရောဂါရလို့မစားဘူး။ အပြင်မှာ တစ်ပိဿာ ၁၂,၀ဝ၀ နဲ့ဝယ်စားကြတယ်။ ဖိနပ်ဆိုလည်း နှစ်ဆ လောက်တက်သွားတာ။ ဒီရက်အတွင်းကို သိသိသာသာရော မသိမသာရော အကုန်ဈေးတွေခုန်တက်တာ။ ဒီနိုင်ငံမှာ နေရတာတော့ အကုသိုလ်ပဲ။

 

ဘယ်မှလည်း မသွားတတ်ဘူးလေ။ သွားဖို့ဆို ကုန်စရာတွေကအများကြီး အကုန်မခံနိုင်တော့ သူတို့ပေးတဲ့ဒုက္ခ လည်ဆင်းခံပေါ့။ ဒါပဲရှိတာ။ ပိုက်ဆံရှိအသိုင်းအဝိုင်းကတော့ ဘားတွေ၊ ကလပ်တွေမှာ ပျော်ကောင်းတုန်းပဲ။ ဘီယာဆိုင်တွေဆို ဝိုင်းလွတ်တောင်မရှိသလောက်ပဲ။ မရှိတဲ့ သူတွေက ကွမ်းယာစားဖို့တောင် အနိုင်နိုင်ဖြစ်နေပြီ ကွမ်း တစ်ယာကို ငွေ ၁၀ဝ ပေးစားရတာလေ။ ရတာမှ တစ်နေ့ ၈၀၀၀၊ ၁၀,၀၀၀။ အိမ်ငှားခ၊ မီတာခ၊ စားစရိတ်နဲ့ ဘယ်လိုမှ မပိုလျှံနိုင်ဘူး။ နေမကောင်းလည်း မဖြစ်ရဲဘူး။ ဖြစ်ရင်သေဖို့ပဲ တွေးထားရမှာ။

****************************************

 

“လူတွေ ဘယ်လောက်ဒုက္ခမျိုးစုံနဲ့တွေ့တွေ့ သူတို့ကတော့ ရသမျှ ယူနီဖောင်းပြ၊ သေနတ်ပြ ခြောက်လှန့်ယူနေတာ”

 

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး

 

ဈေးတက်တဲ့အကြောင်းတော့ ပြောမနေနဲ့တော့။ ဟိုရက်ကဆို ဆိုင်ပါ ပိတ်ထားလိုက်တယ်။ မတတ်နိုင်တော့ တစ်နေ့ဈေးတစ်မျိုး မဟုတ်ဘဲ တစ်နာရီ ဈေးတစ်မျိုးဖြစ်နေတာ။ ဈေးတက်တာကို လိုက်မတက်ဘဲထားရင် ရှုံးမှာပဲ။ လိုက်တက်လို့လည်း မြတ်တယ်မထင်နဲ့။ ဒီအတိုင်းပဲ။ အရင်းရအောင်ကို မနည်းလုံးပန်းနေရတာ။ တစ်နေကုန် ဈေးမရောင်းအားဘူး။ ဈေးပဲပြင်နေရတာ။ လက်ထဲ ငွေမထားရဲဘူး။ ကျပ်ငွေတန်ဖိုးက တစ်နေ့တစ်ခြားကျလာတာလေ ကိုယ့်လက်ထဲ တစ်သိန်းရှိ နောက်နေ့ ၁ သိန်းမတန်တော့ဘူး။

 

အားလုံးက ဒုက္ခရောက်ပြီးရင်း ရောက်ပဲ။ မရှိတဲ့သူတွေဆို ဆန်ပြုတ်ပြုတ်သောက်နေကြရပြီ။ စားသောက်ကုန်ဈေးတွေကလည်း တက်လိုက်တာမှ ခေါင်ခိုက်နေတာပဲ။ အရောင်းအဝယ်လည်း ကောင်းမလာဘူး။ ဒီကြားထဲ ဘာကြေးညာကြေး အခွန်အခတွေဆိုတာ သူတို့ပါးစပ်ထဲရှိသလိုပဲ။ တံတားကြေး၊ လမ်းကြေးတွေတောင် နှစ်ဆတက်သွားပြီ။ အစစအရာရာ ဈေးတက်လို့ လူတွေ လူးလှိမ့်နေရတာ။ သူတို့ ဂိတ်တွေ ဂိတ်တွေဆိုတာ တောင်းကောင်းတုန်း။ ဧရာဝတီအဝင် ပန်တိုင်ဂိတ်ဆို အနည်းဆုံး သုံးနေရာ ပေးရတယ်။ တံတားဖြတ်မှာလား။ တံတားကြေးကသပ်သပ်၊ တံတားအတက်ဂိတ်မှာ တစ်ခါပေး။ အဆင်းဂိတ်မှာ တစ်ခါပေးပဲ။ မသဒ္ဒါလည်း ပေးရတာပဲ။ လူတွေ ဘယ်လောက်ဒုက္ခမျိုးစုံနဲ့တွေ့တွေ့ သူတို့ကတော့ ရသမျှ ယူနီဖောင်းပြ၊ သေနတ်ပြ ခြောက်လှန့်ယူနေတာ။ ဘာတစ်ခုမှ မလွယ်ဘူး။