“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇွန် ၂ ရက်မှ ၈ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jun 09, 2024

ဒီတစ်ပတ်(ဇွန် ၂ ရက်မှ ၈ ရက်အထိ)အတွင်း မြန်မာနိုင်ငံထဲ တိုက်ပွဲသတင်းတွေထက် စစ်ကောင်စီရဲ့ မင်းကင်း၊ မတောနဲ့ စစ်တွေ၊ ဗျိုင်းဖြူရွာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသတင်းတွေနဲ့အတူ “စစ်ကောင်စီရဲ့ ဓားစာခံများ” လို့ခေါင်းစဉ်ပေးထားတဲ့ ရွှေနဲ့ ငွေဈေးတွေတက်လာတိုင်း ရန်ရှာခံရလေ့ရှိတဲ့ လုပ်ငန်းရှင်တွေ ဖမ်းဆီးပွဲသတင်း၊ NLD နာယကကြီး သူရ ဦးတင်ဦးရဲ့ နောက်ဆုံး ဈာပနကျင်းပတဲ့ သတင်းနဲ့ “စစ်ကောင်စီပေးတဲ့ VPN ဒုက္ခ” ပိုမိုကြီးထွားလာတဲ့သတင်းတွေကို တစ်ပတ်အတွင်း ထိပ်တန်းရောက်သတင်းတွေအဖြစ် CJ Platform က ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“စစ်ကောင်စီ ဓားစာခံများ”

 

ကမ္ဘာ့ရွှေ၊ အမေရိကန်ဒေါ်လာတို့ စံချိန်တင် တက်ခဲ့လို့ မြန်မာ့ရွှေဈေးဟာလည်း တစ်ကျပ်သား သိန်း ၆၀ နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ရသလို ကန်တစ်ဒေါ်လာကိုလည်း ၅၀၀၀ ကျပ်နီးပါးအထိ မေလ နှောင်းပိုင်းထဲ မြင့်တက်ခဲ့ပါတယ်။

 

ဒါဟာ ဈေးကွက်သဘောတရားအရလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ရှုမြင်ခဲ့ကြပေမဲ့ စစ်ကောင်စီ ထိန်းချုပ်ခံထားရတွေကတော့ အဲဒီလိုမမြင်ခဲ့ပါဘူး။

 

ဒါဟာ သူတို့ကို ချောက်ချချင်တဲ့သူတွေရဲ့ ပယောဂကြောင့်လို့ မှတ်ယူခဲ့ပါတယ်။ အဲဒါကြောင့် ရွှေနဲ့ ဒေါ်လာ လုပ်ကိုင်သူလုပ်ငန်းရှင်အသိုင်းအဝိုင်းထဲ လူဖမ်းပွဲကြီး ကျင်းပခဲ့ပါတယ်။

 

စစ်ကောင်စီဟာ မေလ ၂၆ ရက်ကစလို့ အွန်လိုင်း ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်တွေကနေ နိုင်ငံခြားငွေလဲလှယ်၊ ရောင်းချတဲ့ လုပ်ငန်း ၁၆ ခုနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးစစ်ဆေး အရေးယူခဲ့ပါတယ်။

 

အဲဒီနောက် စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့မှာ ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အောင်သမာဓိ၊ ဇွဲထက်တို့ရဲ့ ပိုင်ရှင်တွေအပါအဝင် နာမည်ကြီးရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

 

ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်(AD)ရထားတဲ့ ငွေလဲကောင်တာ(Money Changer)တွေက လူ ၁၁ ဦးကို ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး ဖမ်းဆီးစစ်ဆေးဖို့လုပ်ဆောင်ခဲ့ပေမဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 

ဒီလိုဖမ်းဆီးမှုတွေကြောင့် ရွှေနဲ့ နိုင်ငံခြားဒေါ်လာဈေးကွက်ဟာ ရပ်တန့်သွားပြီး အရောင်းအဝယ် လုပ်သူမရှိသလောက် ဖြစ်သွား ခဲ့ရပါတယ်။

 

အဲဒီလို ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့အဖမ်းအဆီးတွေကြောင့် ရွှေဆိုင်တွေပိတ်ထားတာကို မဖွင့်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဇွန် ၅ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် နောက်နေ့ ဇွန် ၆ ရက်မှာ ရန်ကုန်က ရွှေဆိုင်အတော်များများ ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ မရှိသလောက်ရှားပါးခဲ့တယ်လို့ အဲဒီရွှေဆိုင်တွေက ဆိုကြပါတယ်။

 

YGEA က သူတို့သတ်မှတ်ဈေးအတိုင်း ရွှေအရောင်းအဝယ်လုပ်ကြဖို့နဲ့ စစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူတွေ လာစစ်တဲ့အခါ ညွှန်ကြားချက်ကိုမလိုက်နာရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ထည့်ရေးပါတယ်။

 

ဒါပေမဲ့ တကယ့်ဈေးကွက်ထဲက ဈေးနဲ့ သူတို့ထုတ်တဲ့ဈေးဟာ အနိမ့်ဆုံး တစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် ကွာဟတာကြောင့် သူတို့ဈေးနဲ့ ရွှေဆိုင်နဲ့ ကုန်သည်တွေက အလုပ်မကြဘူးလို့ ဆိုကြပါတယ်။ YGEA ရဲ့ ရွှေဈေးနှုန်းဟာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ကျပ် ၄၈ သိန်းဝန်းကျင်ဈေးဖွင့်ပေမဲ့ တကယ်တမ်း ဈေးကွက်ထဲမှာ ကျပ်သိန်း ၅၀ ကျော်နဲ့ပဲ အလုပ်လုပ်နေကြတာဖြစ်တယ်လို့ အမှန်တကယ် အရောင်းအဝယ်ပြုလုပ်သူတွေဆီကနေ သိရပါတယ်။

 

ဒါကြောင့် ဒီလို စစ်ကောင်စီက ကြမ်းကြမ်းရမ်းရမ်းနဲ့ လူဖမ်းပွဲကြီးလုပ်ခဲ့ပေမဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေဟာ အမှန်တကယ်ကျဆင်းခြင်းမရှိဘဲ အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ လုပ်ငန်းရှင်တွေသာ ဖမ်းဆီးခံရသူကဖမ်းခံရ၊ ပြေးသူက ပြေးနဲ့ စစ်ကောင်စီရဲ့ ဓားစာခံတွေဖြစ်ခဲ့ကြရပါတယ်။

****************************************

 

“စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုသမိုင်းဆိုးစာရင်းထဲဝင်သွားရတဲ့ မတောရွာ ဗုံးကြဲခံရမှု”

 

ကိုယ့်လူမျိုးအပေါ် စစ်ကောင်စီတပ်တွေကလူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေရာမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာလည်း စာရင်းဝင်သွားပါတယ်။

 

အင်္ဂါနေ့ ဇွန် ၃ ရက်မှာ ချင်းတွင်းမြစ်ကမ်းနံဘေးက မတောရွာထဲ ပြည်သူ့ကာကွယ်တပ်ဖွဲ့(မင်းကင်း)က တပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးရဲ့ မင်္ဂလာပွဲကျင်းပနေချိန် စစ်ကောင်စီက ပေါင် ၅၀ဝ ဗုံးနှစ်လုံးကြဲချခဲ့လို့ လူ ၃၀ နီးပါးသေဆုံးခဲ့ရတဲ့အပြင် ၆၆ ဦးဒဏ်ရာရခဲ့ပါတယ်။

 

“သေဆုံးသူတချို့ဆိုရင် ခန္ဓာကိုယ်ပုံမပေါ်တာတွေ၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်တော့လောက်တဲ့အထိ ရုပ်ပျက်တာတို့၊ အသားစတွေပြန့်ကျဲနေတာ တစ်စချင်းကောက်ရတယ်” လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဒဏ်ရာရသူတချို့ သွေးရူးသွေးတမ်းထွက်ပြေးတာမျိုးတွေရှိခဲ့သလို ယခုလို တိုက်ခိုက်ခံရတာမျိုး ထပ်ဖြစ်လာမှာစိုးလို့ တချို့ဒေသခံတွေဟာ ဒဏ်ရာရသူမိသားစုဝင်တွေနဲ့အတူ ရွာထဲကနေ ထွက်ခွာသွားကြပါတယ်။

 

“မြင်ကွင်းက တော်တော်ဆိုးသွားတော့ တချို့က သွေးရူးသွေးတန်းနဲ့ ထွက်ပြေးသွားကြလို့ လိုက်ရှာရတယ်ဗျ။ ဒဏ်ရာတွေနဲ့ ပြေးသွားကြတာတွေရော ကျွန်တော်တို့ နောက်ရက်(ဇွန် ၄)ထိ ဆက်ရှာရတယ်” လို့ ကူညီကယ်ဆယ်ရေး ပါဝင်ဆောင်ရွက်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒဏ်ရာရထားသူတွေကို နေရာသုံးခုလောက် ခွဲပြီး ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။ အခုဖြစ်ရပ်ကြောင့် မတောရွာခံတွေကို နေရေး၊ စားရေးအတွက် စီစဉ်ထားပြီးပေမဲ့ ဒဏ်ရာပြင်းထန်သူများနေလို့ ဆေးဝါးကုသမှုအတွက် လိုအပ်ချက်များစွာရှိနေပါတယ်။

 

အဲဒီမှာ စစ်ကောင်စီကြဲတဲ့ ဗုံးနှစ်လုံးထဲ ပထမတစ်လုံးဟာ မင်္ဂလာဆောင်နေရာကို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ဗုံးတစ်လုံးကတော့ မီတာခြောက်ဆယ်ခန့် အကွာအဝေးမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်ရဲ့ အိမ်အပြင်ဘက် အနီးနားက နေအိမ်တချို့လည်း ပျက်စီးခဲ့ရပါတယ်။

 

မတောရွာမင်္ဂလာဆောင်ဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ သတင်းမီဒီယာတွေက အတည်ပြုရေးသားထားကြပါတယ်။

 

မတောရွာ မင်္ဂလာဆောင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်ပြီး ပေါင် ၅၀ဝ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ သူတို့က ရေးသားကြသလို အဲဒီတိုက်ခိုက်မှုအတွင်း PDF တွေ သေဆုံးတယ်လို့လည်း ရေးသားပါတယ်။

 

ဒါ့အပြင် PDF တွေဟာ မင်းကင်းမြို့ကိုတိုက်ဖို့ မတောရွာ မင်္ဂလာဆောင်မှာပဲ ဆွေးနွေးနေချိန် စစ်တပ်က လေကြောင်းကနေ ရှင်းလင်းခဲ့တာလို့ စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုရေးသားကြပါတယ်။

****************************************

 

“သတ်မြဲ ဖြတ်ဆဲ စစ်ကောင်စီရဲ့ ဗျိုင်းဖြူရွာ လူ ၈၀ နီးပါးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု”

 

ဒီတစ်ပတ်ထဲ မင်းကင်း၊ မတော်ရွာလိုပဲ စစ်ကောင်စီကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးရမှုတစ်ခု ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗျိုင်းဖြူကျေးရွာက ကလေးငယ်ကအစ သက်ကြီးသူတွေပါမချန် လူထောင်ကျော်ကိုဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ရာမှာ ၇၆ ဦးရဲ့ အလောင်းတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က တွေ့ရှိခဲ့တဲ့အကြောင်း အင်္ဂါနေ့ ဇွန်လ ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီနဲ့အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ စစ်ကောင်စီရဲ့ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး မေ ၂၉ ရက်ကနေ ဇွန် ၁ ရက်အထိ လေးရက်အတွင်း လူ ၅၀ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တွေ့ရှိခဲ့တာပါ။ အဲဒီနောက် ဇွန် ၄ ရက်မှာ ထပ်မံပြီး အလောင်းတွေတွေ့ရှိခဲ့တာကြောင့် ၇၆ ဦးအထိ သေဆုံးသူတိုးလာခဲ့တာလို့ AA က ဆိုပါတယ်။

အရင်ထုတ်ပြန်ထားတဲ့ လူ ၅၀ ကျော်စာရင်းမှာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အထိ လူငယ်နဲ့ လူလတ်ပိုင်း တစ်ဝက်ခန့်ပါဝင်ခဲ့ပြီး အဓမ္မကျင့် အလောင်းဖျောက်ခံရသူ အမျိုးသမီး သုံးဦးအထိရှိတယ်လို့ AA ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

 

ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ရှုတ်ချခဲ့သလို အမေရိကန်ပြည်ထောင်စု၊ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က စိုးရိမ်တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မကျူးလွန်ဘူးလို့ ဇွန် ၅ ရက်နေ့မှာ ငြင်းချက်ထုတ်သလို ဒါဟာ AA ရဲ့ သူတို့အပေါ် ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်တယ်လို့ သူက ပြန်လည်တုံ့ပြန်ပါတယ်။

****************************************

 

“စစ်ကောင်စီပေးတဲ့ VPN ဒုက္ခ ပိုကြီးလာ”

 

Virtual Private Network(VPN)တွေကို နိုင်ငံအတော်များများမှာ မိမိရဲ့တစ်ကိုင်ရည် အွန်လိုင်းလုံခြုံရေးအတွက် အသုံးပြုကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာမှ VPN ဆိုတာနဲ့ ရင်းနှီးသမှုရှိလာခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က မြန်မာနိုင်ငံမှာ အသုံးအများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ရက်အသုံးပြုခွင့်ကို ကန့်သတ် ပိတ်ပင်လိုက်တာကြောင့်ပါ။

 

မြန်မာနိုင်ငံထဲမှာတော့ အခမဲ့ VPN တွေကို အသုံးပြုမှု ထွန်းကားခဲ့ပြီး အခုတော့ အဲဒီယဉ်ကျေးမှုတစ်ခု အဆုံးသတ်အောင် စစ်ကောင်စီက ကြိုးပမ်းနေတာဟာ သုံးနှစ်ကျော်အကြာမှာ ခရီးတစ်ခု ရောက်လာခဲ့ပါပြီ။

 

ဒီနှစ် မေ ၃၀ ရက်ကစပြီး စစ်ကောင်စီရဲ့ VPN ဖြတ်ချမှုအရေးကြိုးပမ်းမှု အောင်မြင်ခဲ့တယ်လို့ ဆိုရဖွယ်ရှိပြီး ဒီတစ်ပတ်ထဲမှာတော့ အင်တာနက်သုံးစွဲသူတွေ အထူးသဖြင့် Facebook သုံးစွဲသူတွေအတွက် အတော်လေး အခက်အခဲတွေ့ နေကြရပါတယ်။

 

စစ်ကောင်စီရဲ့ VPN အကန့်အသတ်ကြောင့် တစ်နေကုန် Facebook သုံးစွဲခွင့်ရရေး VPN ရှာရင်း လူထုကြား အချိန်ကုန်ခဲ့ကြရပါတယ်။

 

ဒီလိုပိတ်ခံရမှုကြောင့် အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေ အထိအခိုက်တွေရှိခဲ့တယ်လို့ အသံထွက်လာခဲ့ပြန်ပါတယ်။

 

အွန်လိုင်းကနေ ဘာသာစကားသင်တန်းပို့ချသူ၊ အရောင်းအဝယ်လုပ်ငန်းလုပ်သူ၊ Live လွှင့်ရောင်းချသူ စတဲ့ အွန်လိုင်းအားကိုး ဝင်ငွေရှာနေသူတွေ အတော် ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် VPN ဒုက္ခဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။

 

ဒီဂျစ်တယ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီအရွေ့မှာ Facebook Platform ကနေ တခြား YouTube, X(Twitter), Telegram နဲ့ Viber လို လူမှုကွန်ရက် Platform တစ်ခုခုကို ရွှေ့ကြဖို့ တိုက်တွန်းနေကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အွန်လိုင်းအသုံးပြုမှုကို လျှော့ချနိုင်သမျှ လျှော့ချဖို့ တိုက်တွန်းနေကြပါတယ်။

 

အခုလို ပြည်သူတွေ VPN သုံးဖို့ ခက်ခဲနေချိန်မှာ စစ်ကောင်စီဘက်က Myspace Myanmar ဆိုတဲ့ လူမှုကွန်ရက် App တစ်ခုကို မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ Android စနစ်သုံးဖုန်းတွေမှာ App တွေ ဒေါင်းလုပ်ယူနိုင်တဲ့ Play Store မှာ Myspace Myanmar ကို တင်ခဲ့ပေမဲ့ လူအများ သိလျင်သိချင်း နာရီပိုင်းအတွင်း ပြုတ်ကျသွားခဲ့ရပါတယ်။

****************************************

 

“ဆယ်ဦး နှစ်ဦး”

 

သူ့ကျွန်ဘဝကလွတ်အောင်တိုက်ဖို့ တပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ တည်ထောင်ခဲ့ပါတယ်။ နှစ် ၈၀ အတွင်း တပ်ခေါင်းဆောင် ၁၀ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

 

အဲဒီထဲ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် တပ်ခေါင်းဆောင်ပီသခဲ့သူတစ်ဦးရှိပါတယ်။ သူကတော့ သူရဘွဲ့ရ ဗိုလ်ချုပ်ကြီး ဦးတင်ဦးပဲဖြစ်ပါတယ်။

 

သူဟာ အခုတော့ လူ့လောကထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ သူဟာ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ဈာပနကို ဇွန် ၅ ရက် ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။ သူ့ကို ဂူသွင်းသင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။

 

သူ့ဈာပနကို စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်မှုအောက်ကနေ ကျင်းပခဲ့ရပေမဲ့ အခမ်းအနားဟာ သူတပ်ချုပ်တာဝန်ထမ်းခဲ့စဉ် အမြင်မကြည်ခံခဲ့ရတဲ့ သမ္မတ နေဝင်းရဲ့ဈာပနထက် များစွာပိုမိုစည်ကားခဲ့ပါတယ်။

 

NLD နာယကကြီးရဲ့ ဈာပနကို ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်ဇနီးလာရောက်ပို့ဆောင်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ လွမ်းသူ့ပန်းခြင်းပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်၊ ဒေါက်တာ ဇော်မြင့်မောင်၊ နန်းခင်ထွေးမြင့်တို့လည်း လွမ်းသူ့ ပန်းခြင်းတွေပို့ခဲ့ကြပါတယ်။