တက္ကဆက်မှာ လူကုန်ကူးရာနေရာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခံထားရသူ (၂၆)ယောက်ကို ကယ်တင်နိုင်ခဲ့

Author အဂ္ဂ
Categories
Published on Jun 08, 2024

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် တောင်ပိုင်းမှာ လူမှောင်ခိုကူးလုပ်ငန်းလုပ်ကိုင်ရာ နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ လူကုန်ကူးမှုအတွက် သံသယရှိသူ ခုနစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူကုန်ကူးခံရသူ (၂၆) ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ကယ်တင်နိုင်ခဲ့တဲ့ အဲ့ဒီထဲက (၁၁)ယောက် ကိုတော့ ဆေးရုံကို ပို့ဆောင်ပြီး ကုသမှုပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

ကယ်ဆယ်လိုက်တဲ့ (၂၆) ယောက်ဟာ ဒီဒေသကိုသယ်ဆောင်ခံခဲ့ရတဲ့ ခရီးလမ်းတလျှောက်မှာ ဆိုးရွားလှတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ Bexar ကောင်တီ ရဲအရာရှိ ဟာဗီးယား ဆာလာဇာ (Javier Salazar) က ကြာသပတေးနေ့ (ဇွန် ၆ ရက်) နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

ဒီအုပ်စုဟာ ဘယ်အချိန်၊ ဘယ်နေရာကနေ နယ်စပ်ကိုဖြတ်ကျော်လာခဲ့သလဲဆိုတာနဲ့ အမေရိကန်နိုင်ငံထဲ ရောက်နေတာ ဘယ်လောက်ထိကြာနေပြီလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက မသိပါဘူး။

 

လူကုန်ကူးခံရသူတွေကို အယောင်ဆောင် ထရပ်ကားတစ်စင်းရဲ့ အကန့်တွေထဲမှာ ထည့်ပြီး ကြာသပတေးနေ့မှာ သုံးနာရီကြာ ခရီးနှင်လာပြီးတဲ့နောက်မှာတော့ လေအေးပေးစက်မရှိ၊ ရေမရှိတဲ့အပြင် အိမ်သာတက်ဖို့ ပုံးတွေကို အသုံးပြုရတဲ့ အိမ်ဆီကို ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်မယ်လို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။

 

စုံထောက်တွေကလည်း အဲဒီနေအိမ်ဟာ အရင်တုန်းက တိရစ္ဆာန်တိုက်ပွဲတွေ ပြုလုပ်ကျင်းပရာနေရာ ဖြစ်တယ်လို့ ယူဆထားတယ်လို့လည်း ရဲမှူးက ပြောပါတယ်။

 

“အဲ့ဒီအိမ်ထဲက အခြေအနေဟာ တကယ်ကိုဆိုးရွားပြီး ပူလောင်အိုက်စပ်နေတာပါပဲ၊ ကံကောင်းတာကတော့ ဒီလူတွေ ဒီနေရာကနေ ခရီးမဆက်ခင်မှာ ကျွန်တော်တို့ ဖမ်းလိုက်နိုင်တာပါပဲ”လို့ အခင်းဖြစ်ရာ အိမ်အနီးအနားမှာရပ်ရင်း ရဲမှူးဆာလာဇာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

လူကုန်ကူးခံရသူတွေထဲမှာ အသက်အငယ်ဆုံးလို့ ယူဆရတဲ့ အသက်(၁၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဂွာတီမာလာကနေ ဒီလိုနေရာ (အမေရိကန်ထဲ) ရောက်ဖို့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ (၁၆,၀၀၀) ပေးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြပြီး အခြားသူတွေရဲ့ လာရင်းနိုင်ငံတွေကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

 

ဆေးရုံပို့ပြီး ကုသမှုခံယူနေရတဲ့သူတွေကတော့ အပူချိန်မြင့်မားမှုကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေနဲ့ သာမန်ထိခိုက်ဒဏ်ရာ အသေးစားတွေ ရရှိခဲ့တယ်လို့လည်း ရဲမှူးကဆိုပါတယ်။ ကြာသပတေးနေ့မှာ Bexar ကောင်တီရုံးစိုက်ရာ San Antonio မြို့မှာ အပူချိန်က ၁၀၂ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“ဒီလူတွေဟာ ဒီကနေ့မနက်မှာပဲ နယ်စပ်ကို ဖြတ်ကျော်လာတာလား ဒါမှမဟုတ် နယ်စပ်က အခြားပြည်နယ် တစ်ခုခုက သူတို့ကိုဖွက်ထားတဲ့အိမ်ကနေ ဒီကိုခေါ်လာတာလားဆိုတာ သေချာမသိရသေးပါဘူး၊ ပြီးတော့ ဒီနေရာကို သူတို့ စိတ်ဆန္ဒမပါဘဲ အတင်းအကျပ် မှောင်ခိုကူးလာတာ ဟုတ်မဟုတ် ဆိုတာလည်း မသိရသေးပါဘူး၊ အခုလောလောဆယ် ကိစ္စတွေကို သေချာမသိရသေးပါဘူး” လို့ ရဲမှူးက ဆိုပါတယ်။

 

“ဒါပေမဲ့ ဒါဟာ လူတွေကို အန္တရာယ်များလွန်းတဲ့ အခြေအနေတွေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုကူးနေတဲ့ သွေးဆာနေတဲ့ အဖွဲ့အစည်းတွေရဲ့ အမှားပါပဲ”လို့လည်း ရဲမှူးက ဖြည့်စွက် ပြောပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့  အမေရိကန်-မက္ကဆီကိုနယ်စပ်ကို တရားမဝင် ကျော်ဖြတ်လာကြတဲ့ ရွေ့ပြောင်းနေထိုင်သူတွေဟာ နေ့စဉ်ကန့်သတ်ချက်တွေပြည့်မီပေမယ့်  အချို့သော ကင်းလွတ်ခွင့်တွေ မပြည့်မီခဲ့ရင် ခိုလှုံခွင့်ကို တားမြစ်ပိတ်ပင်မယ့် အစီအမံတစ်ရပ်ကို ကြေညာပြီးတဲ့နောက် နှစ်ရက်အကြာမှာပဲ ရဲမှူးဆာလာဇာရဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (ဇွန် ၅ ရက်) ကနေစပြီး အသက်ဝင်တဲ့ အဆိုပါ အရေးယူဆောင်ရွက်မှုဟာ အရင် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေနဲ့ တူညီနေတယ်လို့ တိုးတက်ရေး အမြင်ရှိသူတွေနဲ့ အခြားသူတွေက ဝေဖန်ထောက်ပြမှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။

 

ကြာသပတေးနေ့ မနက်ပိုင်းမှာ လူမှောင်ခိုကူးနေတယ်လို့ သံသယရှိနေတဲ့နေရာအကြောင်းကို ရဲတပ်ဖွဲ့က သတင်းရပြီးတဲ့နောက်မှာ အခုလို ဝင်ရောက်စီးနင်းမှုကို လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မှောင်ခိုကူးတယ်လို့ ထင်ရတဲ့သူတွေဟာ ရဲတပ်ဖွဲ့တွေစတင်စောင့်ကြည့်ခဲ့တဲ့ နောက်တွဲယာဉ် အရှည်နဲ့ လူတွေကို သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ရဲမှူးဆာလာဇာက ပြောပါတယ်။

 

လူနှစ်ဒါဇင်ကျော်လောက်ရှိတဲ့ အုပ်စုကြီးဟာ ကုန်တင်ခန်းထဲက သံဇကာကွက်ထဲမှာ ကြမ်းပြင်အမာပေါ် လှဲလျက်သားအနေအထားနဲ့ ပစ္စည်းတွေရဲ့အောက်မှာ ရေမရှိဘာမရှိနဲ့ နာရီအတော်ကြာတဲ့ထိ နေခဲ့ရတယ်လို့သိရပါတယ်။ နောက်တွဲယာဉ်ကို ခဏအကြာမှာ နေအိမ်ထဲကို ဆွဲယူသွားတာကိုလည်း တွေ့ရတယ်လို့ ရဲမှူးကဆိုပါတယ်။

 

“အဲ့ဒီနောက်တွဲယာဉ်ရဲ့ ဘေးမှာသွားပြီးရပ်ထားရင်တောင်မှ အဲ့ဒီထဲမှာ လူ (၂၆) ယောက်ပါတယ်ဆိုတာ လွယ်လွယ်မသိနိုင်ပါဘူး၊ အဲ့ဒါကြောင့်လည်း အခုလို မောင်းလာလို့ရတာပါ”လို့ သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာတော့ လူကုန်ကူးမှုအတွက် သံသယရှိသူတွေကို အချုပ်ထောင်ဆီဖမ်းဆီးခေါ်ဆောင်သွားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာကြောင့် ထပ်မံဖမ်းဆီးမှုတွေလည်း ရှိလာနိုင်တယ်လို့လည်း ရဲမှူးက ဆိုပါတယ်။

 

အာဏာပိုင်တွေက အိမ်နောက်ဖေးမှာ ကျည်ကာအင်္ကျီတွေနဲ့ ပြောင်းရှည်သေနတ်တွေကိုလည်း ရှာတွေ့ခဲ့ပါသေးတယ်။ ရဲမှူးကတော့ ကြာသပတေးနေ့က စီးနင်းမှုဟာ ပိုပြီးကြီးမားတဲ့ လုပ်ငန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပြီး “အခုလို လုပ်နေတာတွေက အချိန်အတော်ကြာနေလောက်ပြီ” လို့လည်း ဆိုပါတယ်။

 

ဒေသဆိုင်ရာ အေဂျင်စီ၊ ဗဟိုအစိုးရ အေဂျင်စီနဲ့ အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အေဂျင်စီတွေကပါ အခုအမှုမှာ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

 

အခင်းဖြစ်ပွားရာအိမ်ကို ကြာသပတေးနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က စပြီး ဝင်ရောက်စီးနင်းခိုက်မှာ လူတချို့  ထွက်ပြေးသွားတာရှိပေမယ့် အခုလက်ရှိ ဖမ်းမိထားသူတွေက လူအကုန် ဖြစ်ပါလိမ့်မယ်လို့လည်း ရဲမှူးက ပြောပါတယ်။

 

“အခုချိန်မှာ တယောက်ယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး တနေရာရာမှာ ပုန်းခိုနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ရပ်ကွက်နေပြည်သူတွေကို သတိပေးလိုတာကတော့ တံခါးတွေကို လုံလုံခြုံခြုံ ပိတ်ထားဖို့ပါပဲ၊ ကိစ္စကြီးကြီးမားမားတွေ မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း ဘာမဆိုဖြစ်သွားနိုင်တာမို့ အကယ်၍ သံသယဖြစ်စရာ လှုပ်ရှားမှုတစ်ခုခုတွေ့ခဲ့ရင်၊ သံသယဖြစ်စရာ တယောက်ယောက်ကို တွေ့ခဲ့ရင် ကျွန်တော်တို့ဆီ သတင်းပို့ပါ” လို့ ရဲမှူးဆာလာဇာက အသိပေးပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – KENS

 

ကိုးကား- CNN