ဦးခင်ရီနှင့်ဦးချစ်နိုင် စစ်ကောင်စီအဖွဲ့၏ ဝန်ကြီးရာထူးများမှ ဖယ်ရှားခံရ ကိုယ့်ကိုယ်ကိုယ်ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်ဆက်ကြေညာ

Author CJ Platform
Categories
Published on Aug 16, 2022

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ယနေ့ ဩဂုတ်လ ၁၉ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဦးခင်ရီနှင့် ဦးချစ်နိုင်တို့ကို ပြည်ထောင်စု ဝန်ကြီးရာထူးအသီးသီးမှ ဖယ်ရှားကာ မည်သည့်တာဝန်မှ ပြောင်းလဲပေးအပ်ခဲ့ခြင်း မရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် တွေ့ရှိရသည်။

မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထည့်သွင်း ဖော်ပြထားပြီး ရဲချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လဝကဝန်ကြီးဟောင်း ၂၀၁၅ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲရှုံးနိမ့်ခဲ့သူ ဦးခင်ရီကို လဝကဝန်ကြီးအဖြစ် စတင်ဖွဲ့စည်းစဉ်တွင် ထည့်သွင်းထားခဲ့သော်လည်း ပြင်ဆင်ဖွဲ့စည်းသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဟုဆိုသည့် အဖွဲ့တွင် ဖယ်ရှားခဲ့ပြီး ယခင်အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို အစားထိုးခန့်ထားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုအစိုရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးကို ဦးချစ်နိုင်ကိုလည်း ရာထူးမှဖယ်ရှားခဲ့သည်။

ရာထူးမှ ဖယ်ရှားခဲ့သူများကို စစ်ကောင်စီမှ မည်သည့်နေရာများသို့ ပြောင်းလဲပို့ဆောင်သည်ကိုမူ သီးခြားထုတ်ပြန်လာခြင်း မရှိသေးပေ။

ထို့အပြင် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အကျင့်ပျက်ချစားမှုကြောင့် အရေးယူခံခဲ့ရသည့် ဒေါက်တာညွှန့်ဖေကို ပညာရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားကြောင်း တွေ့ရသည်။

မင်းအောင်လှိုင်သည် ၎င်းနောက်လိုက်များကို ပြင်ဆင်ဖွဲ့စည်းရုံသာမက စစ်ကောင်စီ စစ်တိုင်းမှူးများကိုလည်း နေရာပြောင်းရွေ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။