NUG နဲ့ ဩစတြေးလျအစိုးရတို့ မြန်မာပြည်တွင်းအရေး တွေ့ဆုံဆွေးနွေး

Author ကိုထားဝယ်
Categories
Published on Jun 06, 2024

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးတို့ဟာ ဩစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာမှာ ဇွန်လ ၄ ရက်နေ့က မြန်မာပြည်တွင်းအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

 

ဒေါ်ဇင်မာအောင်နဲ့ H.E. the Hon Penny Wong တို့ဟာ လက်ရှိပြည်တွင်းအခြေအနေတွေကို အဓိက ဆွေးနွေးနွေးခဲ့ကြသလို မြန်မာပြည်သူတွေအတွက် ဩစတြေးနိုင်ငံက ကူညီပံ့ပိုးနိုင်မယ့် လမ်းကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ NUG ဝန်ကြီးက ထည့်သွင်းပြောဆိုပါတယ်။

 

ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံသားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေ အကူအညီပေးနိုင်ရေး၊ ဩစတြေးလျနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အကြောင်း ဆွေးနွေးခဲ့သလို NUG ရဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေး ကတိကဝတ်ကို ဩဇီ နိုင်ငံခြားရေးဝန်ကြီးဆီမှာ ထပ်အတည်ပြုပြောခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

 

အဲဒီလိုပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီ ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာအထူးအကြံပေးရေးကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီက NUG ရုံးကို လာရောက်ခဲ့ပါတယ်။

 

အဲဒီမှာ မစ္စ ရန်ဟီးလီနဲ့ မစ္စတာ ခရစ် စီဒိုတီ တို့ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

သူတို့ဟာ မြန်မာပြည်တွင်းအရေးအပါအဝင် NUG ရဲ့ နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုလုပ်ငန်းတွေနဲ့ မကြာခင်က SACC-M က ထုတ်ပြန်ခဲ့တဲ့ Effective Control in Myanmar 2024 အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – NUG