ရှမ်းမြောက်မှာ စစ်ကောင်စီ လက်နက်နဲ့ လူအင်အားဖြည့်တင်းပြီး စစ်ပြင်နေလို့ TNLA ဆို TNLA ထိန်းချုပ်နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Jun 05, 2024

ရှမ်းပြည်(မြောက်ပိုင်း)က မြို့နယ်တချို့မှာ စစ်ကောင်စီက လက်နက်ခဲယမ်းတွေနဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကာ စစ်ရေးပြင်ဆင်နေတယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြောပါတယ်။

 

ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပြည့်အဝမထိန်းချုပ်ထားနိုင်တဲ့မြို့တွေဖြစ်တဲ့ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နဲ့ မိုးမိတ်မြို့တို့မှာ စစ်ကောင်စီတပ်တွေက စစ်ရေးဟန်ပြင်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေက အရပ်သားပြည်သူတွေရှိရာ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ TNLA က ထုတ်ပြန်ပြောဆိုပါတယ်။

 

စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့တစ်ရက်တည်း နောင်ချိုမြို့နယ်က ဆီးဖြူပင်ကျေးရွာဘက်ကို လေးကြိမ်၊ မိုးမိတ်မြို့နယ်က မန်ဖွယ်ရွာဘက်ကို လေးကြိမ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အပြင် နောင်ချိုမြို့နယ်ထဲက TNLA တပ်စခန်းကိုလည်း ဇွန်လ ၂ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလိုပစ်ခတ်မှုတွေကြောင့် လူနဲ့ အဆောက်အအုံ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ TNLA က ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ထိုပစ်ခတ်တိုက်ခိုက်မှုတွေကို နောင်ချိုမြို့နယ်၊ ကန်ကော်ရွာဘက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မိုးမိတ်မြို့နယ် မိုးမိတ်ဗျူဟာကုန်း ခလရ-၂၂၃ နဲ့ ၂၄၈ တပ်စခန်းတွေကနေ မေလ ၂၉ ရက်ကနေ ဇွန်လ ၄ ရက်နေ့အထိ နေ့စဉ်ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖော် ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဆီက နယ်မြေများစွာရရှိခဲ့ပြီးနောက် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးခဲ့မှုနဲ့ ဒီနှစ် ဇန်နဝါရီ ၁၁ ရက်တုန်းက ရှမ်းမြောက်မှာ အပစ်ရပ်ခဲ့ကြပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကျောက်မဲမြို့နယ်ရှိ TNLA ထိန်းချုပ်ရာ ငြိမ်းချမ်းရေးကုန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ TNLA ဘက်က နောက်ဆုတ်ပေးခဲ့ပြီး ထိုအချိန်က အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတာကို စစ်ကောင်စီက ချိုးဖောက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – မြောက်ပိုင်းညီနောင်သုံးဖွဲ့