မလေးရှားမှာ MDF ရန်ပုံငွေ ရှာဖွေရေး ဘောလုံးပြိုင်ပွဲသို့ မြန်မာထောင်နဲ့ချီလာ

Author ဆလိုင်း
Categories
Published on Jun 04, 2024

မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ မရာလဲန်းကာကွယ်ရေးတပ်(MDF)အတွက် ရန်ပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲကို မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဲဒီပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။

 

ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက် My Town ဘောလုံးကွင်းမှာ မနေ့ ဇွန်လ ၃ ရက်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား အယောက် ၁၀ဝ၀ ကျော် လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီပွဲမှာ ချင်းရိုးရာအစားအစာအပြင် မြန်မာ့ရိုးရာအစားအသောက်တွေကိုလည်း ရောင်းချပေးပြီး မရာ(ချင်း)အဆိုတော်တွေ တက်ရောက်ဖျော်ဖြေပေးခဲ့တယ်လို့ ပွဲစီစဉ်သူတွေထဲတစ်ယောက်အပါအဝင်ဖြစ်တဲ့ မလေးရောက် မရာလူမျိုးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အရင်ဆုံးပြောချင်တာက လာရောက်အားပေးတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက် လူတွေ လာရောက်အားပေးကြတယ်။ ဒီကရတဲ့ငွေတွေကို MDF တွေဆီ အကုန်ပေးပို့သွားမှာပါ” လို့ သူက ဆိုပါတယ်။

 

အဲဒီပွဲမှာ MTC/MDF T- shirts၊ ဆဗူးသီး၊ ချင်းရိုးရာအစားအစာနဲ့ မြန်မာရိုးရာ အစားအစာတွေ ရောင်းချခဲ့ရာမှာ မလေးရှားငွေ ၅၂,၀၀၀ ရင်းဂစ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။

 

MDF တပ်ဖွဲ့ဟာ ချင်းပြည်၊ ပလက်ဝ၊ မတူပီနဲ့ ထန်တလန်မြို့နယ်တို့ရှိ မရာ(ချင်း)မျိုးနွယ်စုဝင်တွေက နွေဦးတော်လှန်ရေးကာလမှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

 

ဒါ့အပြင် MDF တပ်ဖွဲ့ဟာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းပြီး ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ ဗျူဟာကုန်းအပါအဝင် တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

 

လက်ရှိမှာ MDF တပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သလို ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 

 

ဓာတ်ပုံ – CJ