အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စတင်စုဆောင်းနေပြီဆိုတဲ့သတင်းကို စစ်ကောင်စီငြင်း

Author ကိုထားဝယ်
Categories
Published on Jun 04, 2024

စစ်မျက်နှာတိုင်း စစ်ရှုံးနေသော စစ်ကောင်စီဟာ အင်အားလိုအပ်ချက်ကိုဖြည့်တင်းဖို့ အရပ်သား လူငယ်လူရွယ်တွေကို စစ်သားသစ်စုဆောင်းနေရာကနေ အမျိုးသမီးငယ်တွေကိုပါ အတင်းအကျပ် စတင်စုဆောင်းနေပြီလို့ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့သတင်းဌာတွေရဲ့ ရေးသားချက်ကို မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကိုပါ အတင်းအကျပ် စတင်စုဆောင်းနေပြီလို့ ဒေသခံတွေပြောကြားချက်ပေါ်မူတည်ရေးသားထားတဲ့သတင်းတွေဟာ သတင်းတု၊ သတင်းမှားတွေသာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ မီဒီယာတွေက ရေးသားဖော်ပြလာတာဖြစ်ပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းတွေက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က တာဝန်ရှိသူတွေကို စစ်ကောင်စီထိန်းချုပ်ခံသတင်းစာတွေက ဆက်သွယ်မေးမြန်းရာမှာ အမျိုးသမီးတွေကို စစ်သားသစ်စုဆောင်းတယ်ဆိုတာမမှန်ဘူးလို့ သူတို့ အပြောအရ သိရပါတယ်။

 

ဒါဟာ တည်ငြိမ်အေးချမ်းရေးကိုမလိုလားသူတွေက ပြည်သူတွေမလိုလားတဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတွေကြောက်ရွံ့အောင် ကောလာဟလတွေရေးသားဖြန့်ဝေနေတာမလို့ ပြည်သူတွေအနေနဲ့ စစ်မှုထမ်းဆိုင်ရာသတင်းမှန်တွေကို သိလိုပါက ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ ဖုန်းနံပါတ်ကနေ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထပ်ဆင့်ဖော်ပြထားပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ အတည်ပြုနိုင်ဖို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူတွေဆီ ဆက်သွယ်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘဲ စစ်မှုထမ်းသတ်မှတ်အရွယ် အမျိုးသားဦးရေ ခြောက်သန်းထဲက ခြောက်သောင်းနီးပါးကို ခေါ်ယူသင်တန်းပေးမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်တုန်းက စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကို ပြောကြားထားပါတယ်။

 

ဒါပေမဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကိုလည်း သင်္ကြန်ပြီးမှ ခေါ်ဖို့လုပ်မယ်လို့ သူက ပြောခဲ့ပေမဲ့ ဖေဖော်ဝါရီလထဲမှာတင် စစ်ကောင်စီတပ်သားတွေဟာ စစ်သားစုဆောင်းရေးတွေစလုပ်ပြီး ဧပြီလထဲမှာပဲ သင်တန်း စတင်ခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသားဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၂၇ နှစ်အထိ၊ တတ်သိပညာရှင်(အမျိုးသား)တွေဆိုရင် အသက် ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် ၃၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

 

အမျိုးသားတွေရဲ့ အပတ်စဉ် ၁ ကို ဧပြီလထဲမှာ လူငယ်လူရွယ် ၅၀၀၀ ခန့်နဲ့စတင်ခဲ့သလို အပတ်စဉ် ၂ ကို မေလ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီက စတင်သင်တန်းပေးနေပြီဖြစ်ပါတယ်။

 

သူတို့ရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုတဲ့လူငယ်လူရွယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတာတစ်မျိုး၊ ပြည်ပထွက်ခွာတိမ်းရှောင်တာတစ်သွယ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လာဘ်ထိုးပြီး စာရင်းမပါအောင် ကြိုးပမ်းတာမျိုးတွေ စသဖြင့် နည်းအမျိုးမျိုးအသုံးပြုနေကြရပါတယ်။

 

စစ်ကောင်စီ အပတ်စဉ် ၁ မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စာရင်းကောက်မဲနှိုက်တဲ့ပုံစံနဲ့ စစ်သားစုဆောင်းခဲ့ပြီး အပတ်စဉ် ၂ မှာ လမ်းပေါ်တွေ့သမျှ လူငယ်တွေကို နေ့ညမရွေး ဖမ်းဆီးတာအပြင် အိမ်ပေါ်ထိ တက်ဖမ်းတာမျိုးအထိ ပြုလုပ်ပြီး ကြမ်းကြမ်းတမ်းတမ်း စစ်သားသစ်စုဆောင်းခဲ့ကြပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဟာ အပတ်စဉ် ၃ အတွက် စစ်သားစုဆောင်းဖို့ကိုလည်း ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့အပါအဝင် သူတို့ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ညဘက်ထွက်တဲ့လူငယ်တွေကို ခေါ်ယူစစ်မေးပြီး ကိုယ့်သဘောအလျောက် စစ်မှုထမ်းတယ်ဆိုတဲ့ကတိပြုစာမှာ အတင်းအကျပ်လက်မှတ်ခိုင်းတာမျိုးနဲ့ စုဆောင်းဖို့ပြုလုပ်နေကြပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်