လူငါးဦးသေဆုံးခဲ့ရတဲ့ ဒီပဲယင်း တည်တောရွာကိစ္စ ပါဝင်ပတ်သက်နေသူတွေ ဘာပြောလဲ။

Author မင်းထက်
Categories
Published on Jun 03, 2024

မေလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ တည်တောရွာမှာ လူငါးဦးသေဆုံးခဲ့ရ တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်သံတွေ ညံညံစီခဲ့ကြပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုလည်း လူထုက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ အခုထိတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိ အဖွဲ့အစည်းတွေကလည်း တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သံသယရှိသူ ၁၂ ဦးကို စစ်ဆေးနေတယ်လို့ ရွှေဘိုခရိုင် ၁၂ တပ်ရင်းကတော့ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီလို လူငါးဦးသေဆုံးခဲ့ရတဲ့အပြင် သုံးလသားအရွယ်ကလေးတစ်ဦးနဲ့ ငါးနှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာတွေရခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်ပတ်သက်မှုရှိသူတွေကို CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

“ကျည်တစ်တောင့်တောင် မပေါက်ပါဘူး။”

 

ရွှေဘိုခရိုင် တပ်ရင်း ၁၂ မှ တာဝန်ရှိသူတစ်ဦး

 

ပြောလို့ရတာက ကျွန်တော်တို့တပ်ရင်းအနေနဲ့ အဖိနှိပ်ခံလူထုဘက်ကို ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာမဟုတ်ပါဘူး။ အချိန်မရွေး၊ နေရာမရွေး မှတ်ကျောက်တင်ခံနိုင်ပါတယ်။ ရပ်ရွာက ဆန္ဒပြ၊ လမ်းပိတ်၊ သေနတ်လု၊ ဆဲဆိုတာတောင် ကျွန်တော်တို့ဘက်က တုံ့ပြန်တာမရှိပါဘူး။ ကျည်တစ်တောင့်တောင် မပေါက်ပါဘူး။

အပြန်အလှန် ပစ်ခတ်မှုမှာက သေဆုံးသွားခဲ့တဲ့လူတွေထဲ Black Tiger အဖွဲ့ဟောင်းရယ်၊ အဖွဲ့ဝင်ဟောင်းနဲ့ မိသားစုဝင်တွေပါ။ သေနတ်နဲ့ ဝိုင်းပစ်၊ လက်ပစ်ဗုံးနဲ့ ဝိုင်းပစ်လို့ သေသွားတာပါ။ လသားကလေး၊ ၅ နှစ်ကလေးတွေပါ ဒဏ်ရာရကုန်တာ။

ကင်းစောင့်ပြန်လာတဲ့ လူငယ်တစ်ယောက်ကို Black Tiger အဖွဲ့ဝင်ဟောင်းက ဓားနဲ့ခုတ်တာမျိုး၊ ဖုန်းနဲ့သေနတ်တွေ သိမ်းဆည်းယူဆောင်သွားတာတွေလုပ်ဆောင်တာက ဘာကြောင့်ဆိုတာ ကျွန်တော် ပြောလို့မရဘူးဗျ။ အဲဒါက တရားရေးနဲ့ အုပ်ချုပ်ရေးက ဖြေတာ ပိုသင့်တော်ပါမယ်။ တစ်မိသားစုလုံး အသတ်ခံရပြီး ကလေးတွေ ဒဏ်ရာရတဲ့ကိစ္စကို ပြည်သူ့အုပ်ချုပ်ရေးယန္တရားက မနိုင်လို့ ကျွန်တော်တို့ကို အကူအညီတောင်းတယ်။ ကျွန်တော်တို့က လူသတ်တရားခံ ဖမ်းဖို့လုပ်တယ်။ ရွာက တားဆီးတယ်။

****************************************

 

“သူတို့လက်မြှောက်ထွက်သွားရင်လည်း ဒီလိုကြီးဖြစ်သွားမှာမဟုတ်ဘူးပေါ့။”

 

တည်တောရွာခံ အမျိုးသမီးတစ်ဦး  

 

သေဆုံးတာနဲ့ပတ်သက်ပြီး တခြားအဝေးကြီးကိုမတွေးနဲ့။ အိမ်တစ်အိမ်မှာ နှစ်ထပ်အိမ်ပေါ့နော်။ အပေါ်ကကြမ်းခင်းပါမယ်။ နံကပ်တိုက် နှစ်ထပ်အိမ် အောက်ဆုံးထောင့်ခန်းမှာ အပြင်ကနေ လက်ပစ်ဗုံးနဲ့ ပစ်မယ်ဆိုရင်လည်း ဘယ်ကဝင်မတုန်း။ ပြတင်းပေါက်ကနေဝင်မယ်ဆိုရင်လည်း ပြတင်းပေါက်ဖောက်ထားတာမဟုတ်ဘူး။ အပေါ်ကနေပစ်မယ်ဆိုရင်လည်း အမိုးတွေ ပေါက်နေတာ၊ ကြမ်းခင်းတွေပေါက်နေတာမရှိဘူး။ သူတို့က အဲဒါတွေ ဖုံးကွယ်ထားတာ။ ထိခိုက်သေဆုံးခဲ့တဲ့ထဲက မိသားစုက ကိုယ်နဲ့လည်း ဆွေမျိုးမကင်းသေးပါဘူး။ အဲဒီမိသားစုက တကယ်ထွက်မယ်ဆို ထွက်ချိန်ရှိတယ်။ သူ့သားကပဲ မထွက်ခိုင်းလို့လား။ ဒါမှမဟုတ် အဲဒီမိသားစုကပဲ တစ်ဖက်အဖွဲ့အစည်းထဲသူတို့ပါ တစ်ချိန်က ပါခဲ့လို့ တဖက်စိတ်များဖြစ်နေတာလား။ ဘာကြောင့်မလို့ မထွက်တာလဲမသိဘူး။ ထွက်မယ်ဆိုထွက်ချိန်ရှိတယ်။ စစ်ကောင်စီဘက်က လူတွေတောင် လက်မြှောက်ထွက်လာရင် ကျွန်မတို့ပြည်သူတွေက လက်မခံနိုင်စရာမရှိဘူး။ လက်မြှောက်ထွက်လာရင်တောင် ဘယ်သူကပစ်မှာတုန်း။ ဒီကာကွယ်ရေးဆိုတာကလည်း၊ ကျောင်းသားအဖွဲ့ဆိုတာလည်း ကလေးတွေ၊ ပညာတတ်လေးတွေနဲ့ဖွဲ့စည်းထားတာ။ ဒါပေမဲ့ သူတို့အပြင် လူမှုရေးကျယ်ကျယ်ပြန့်ပြန့်မသိသေးဘူး။ ဒီကလေးတွေဆိုတာက လူသတ်နေတဲ့ကောင်တွေမဟုတ်ဘူးလေ။ တော်လှန်ရေးကို ရွတ်ရွတ်ချွန်ချွန်တိုက်ချင်လို့ စိတ်အားထက်သန်တဲ့လူငယ်လေးတွေနဲ့ဖွဲ့ထားတာပဲရှိတာ။ သူတို့လက်မြှောက်ထွက်သွားရင်လည်း ဒီလိုကြီးဖြစ်သွားမှာမဟုတ်ဘူးပေါ့။

 

အခုဟာက သူတို့က အခန်းတစ်ခန်းရဲ့  ကုတင်အောက်မှာဝပ်နေကြတာ။ အပြင်က ပစ်ခတ်မယ်။ အပြင်ကနေ လက်ပစ်ဗုံးနဲ့ပစ်ပေါက်မယ်ဆိုရင်တောင် သူတို့ရဲ့အိမ်ရှေ့မျက်နှာစာအကျယ်ကြီးပဲ။ သူတို့အတွင်းကနေ လှမ်းပစ်တဲ့လက်ပစ်ဗုံးကတော့ သံပုရာပင်နားမှာ သူတို့ရဲ့ အနီးနားလေးမှာ တစ်လုံးပေါက်ကွဲနေတာ တွေ့တယ်တဲ့။ အပြင်ကနေ ပစ်တယ်ဆိုရင် ပြတင်းပေါက်လိုဟာမျိုး အပေါက်တပေါက်တော့ရှိရမယ်။ အပေါ်ကကျတဲ့အပေါက်လည်း ရှိရမယ်။ တကယ်လို့ ကုတင်အောက် ပုန်းနေလို့ကျမယ်ဆိုရင် ကြမ်းပြားတွေ၊ ဖျာတွေလွင့်ထွက်သွားရမယ်။ ခုဟာက ကုတင်ရဲ့ကြမ်းတွေ၊ ဖျာတွေလွင့်ထွက်မသွားဘူး။ ကုတင်အောက်မှာပဲ ခြေထောက်တွေ အပြင်ထွက်ပြီး အတွင်းမှာ ပုန်းနေဟန်တူပါတယ်။ ပုန်းနေရာကနေ အဲဒီထဲမှာလည်း စနက်စ်ကွင်းတွေ လေးငါးဆယ်ကွင်းရှိတယ်။ အဲဒီဟာတွေကိုလည်း ရင်း ၁၂ က လူတွေကိုယ်တိုင် သူတို့ လက်ဝါးပေါ်တင်ပြီး ဓာတ်ပုံရိုက်ထားတဲ့ သက်သေတွေလည်းရှိပါတယ်။ အဲဒီလိုကျတော့ ဒီသက်သေတွေကို သိရဲ့သားနဲ့ ဒီဟာတွေကို မမြင်ဘဲနဲ့ သပ်သပ်မဲ့ ကလေးတွေကိုပုံချပြီး အမှုတစ်ခုကိုစစ်မယ်ဆို တရားခံ အမှုသွားအမှုလာနဲ့ စစ်ပေါ့။ အဲဒီလိုမဟုတ်ဘူး။ သူတို့က အကုန်လုံးကိုလိုချင်တာ။ သူတို့က ကျောင်းသားအဖွဲ့ရှိလာပြီဆို သူတို့တွေက ဒီကလေးတွေကိုမရှိစေချင်တာ။ အဖွဲ့စည်းတိုင်းက အမြဲအတိုက်အခိုက်ရှိတယ်။ ဒီကလေးတွေရဲ့သမိုင်းကျောင်းကို ဒီပဲယင်းက တည်တောသူ၊ တည်တောသား၊ ဒီပဲယင်းနယ်သူ၊ နယ်သားတွေကိုပဲဖြစ်ဖြစ် သူတို့သမိုင်းကြောင်းဘယ်လိုရှိလဲဆိုတာလေ့လာပြီး လိုက်လို့ရတယ်နော်။ သူတို့သမိုင်းဘယ်လိုရှိတယ်။ သူတို့တွေ ဘယ်မှာဘယ်လိုလုပ်ကြတယ်ဆိုတာ ကောင်းကောင်းသိမယ်။ နောက်ဆုံးသူတို့တွေ KIA ကျောင်းသားအဖွဲ့က ထွက်လိုက်တယ်ဆိုတာက သူတို့တွေ တအားအဖိနှိပ်ခံရလို့။ မခံစားနိုင်တော့လို့။ သူတို့ရဲဘော်ဆုံးရှုံးခဲ့ရလို့။ ကျွန်တော်တော်တို့တော်လှန်ရေး လုပ်တာက တခြားနေရာကနေတာဝန်ယူတော့မယ်ဆိုပြီး သူတို့ကိုယ်တိုင်ပဲ လက်နက်ခေါ်အပ်ခဲ့တာ။ ခေါ်အပ်တော့ သူတို့က ကိုယ့်မိသားစု၊ ကိုယ့်ရွာ ကိုယ်ကာကွယ်တော့မယ်ဆိုပြီး ပကဖဖွဲ့စည်းဖို့ကို မြို့နယ်က သူတို့ပကဖ စာရင်းထဲ လက်မခံတော့ ကျေးရွာကာကွယ်ရေးအနေနဲ့ လက်လုပ်လေးတွေဘာလေးတွေနဲ့ စည်းစည်းလုံးလုံး လှုပ်ရှားနေတာ။ ရွာက လှူဒါန်းထားတဲ့ဟာလေးတွေနဲ့ အစစ်တွေ၊ ကျည်တွေဝယ်တယ်။ ဝယ်ထားတဲ့ဟာလည်း ရင်း ၁၂ က သိမ်းသွားပြီ။ အကုန် အတိုကစပြီး တစ်လက်မကျန် တစ်ခုချင်းလာသိမ်းသွားတယ်။

 

ကျွန်မတို့မှာ သက်သေတွေရှိနေပေမဲ့ ကျွန်မတို့လုပ်မရဘူး။ မရဘူးဆိုတာက ပြည်သူတစ်ယောက်အနေနဲ့ အကုန်လုံး လူတွေသိသွားအောင် မီဒီယာတွေမှာရော လူတွေအတော်များများသိသွားအောင် ​အမှန်တိုင်းပြောရမယ်။ ကျွန်မတို့နယ်မှာလည်းရှိပါတယ်။ ဟာ မိုက်ရိုင်းတယ် လူသတ်မှု ငါးယောက်သတ်သွားတာ။ သူရဲ့ဖြစ်စဉ်တွေ ဓာတ်ပုံတွေက သူတို့ဘက်မှာ တင်ထားတာမရှိနေတော့ သတ်တယ်ဆိုတဲ့အမြင်ပဲရှိနေကြတယ်။ ကျွန်မတို့ ကိုယ်တွေ့ဆို အိမ်မှာ ခင်ဗျားသားရှိလားဆိုပြီး ဖမ်းမယ့်ပုံစံမျိုးနဲ့ တစ်ယောက်မှ မလှုပ်နဲ့ဆိုပြီး သေနတ်ပြောင်းလှည့်ပြီး ဝိုင်းထားတယ်။ ရှာတယ်ပေါ့။ တစ်ယောက်မှ မတွေ့ရင် လူကြီးလိုက်ခဲ့လို့ ပြောတယ်။ တကယ်ဆို ကျွန်မတို့ ဟိုဘက်နားမှာက ပျူရွာတွေရှိတယ်။ တည်တောမှာ ဝိုင်းတဲ့အင်အားနဲ့ ပျူရွာတွေကိုသိမ်းမယ်ဆိုရင်တောင် သိမ်းပြီးနေပြီ။ ခုရှာဖွေရာမှာ ရင်း ၁၂ က တပ်သားတွေ အိမ်တွေထဲက ခေါင်းအုံးတွေအောက်တွေ လှန်တာ ရှိတယ်။ ဗီဒိုတွေဖွင့်တာရှိတယ်။ ရွှေထည်ပစ္စည်းတွေ၊ ငွေတွေ ယူသွားတဲ့ အဖြစ်တွေရှိတယ်။ သူတို့ငယ်သားတွေက ယူသွားတာတွေရှိတယ်။ ပြည်သူတွေက လိုက်တောင်းရင် ပြန်ပေးတာရှိတယ်။ မတောင်းရင်မပေးဘူး။ ကဲ အဲဒါတွေ ဘယ်လိုလုပ်မတုန်း။

 

ကျွန်မတို့တော်လှန်ရေးလုပ်တဲ့တူတူ ဒီတစ်ပွဲနဲ့တင်ကို တည်တောရွာကပြောနေပြီ။ PDF မဝင်နဲ့။ ​‌ေ-ွး ပဲလိုလိုကိုဖြစ်သွားပြီ။ ခုတော့ နာမည်စာရင်းလေးပါပြီး ယူနီဖောင်းလေးဝတ်ပြီး အဲဒီလူတွေက ရွာထဲကို သောင်းကျန်းသွားတာ။ ကျွန်မတို့ တရားခံ ထားပါတော့ သူတို့ပြောတဲ့ တရားခံ လူလေးယောက်လိုတယ်ဆိုလို့ အပ်ပြီးပြီ။ အဲဒီလူတွေကို ဖမ်းစစ်နေတဲ့သူတွေက မျက်နှာဖုံးတွေနဲ့တဲ့။ ဖမ်းစစ်တဲ့လူက မျက်နှာကို ဘာလို့အုပ်ရတာလဲ။ PDF မလို့လား။ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့စည်းထဲက တစ်ယောက်ယောက်က ဝင်ပြီးလုပ်နေတာလား။ သံသယတော့ဝင်နေပြီလေ။ အဲဒါတွေကို ကျွန်မက အကုန်လုံးကို သိစေချင်တာ။ မဟုတ်ဘူးဆိုရင် ဒီထက်ပိုပြီး ဆိုနေဦးမှာ။

 

မနက်ကတော့ အပြင်ထွက်မယ့်သူတွေဘာတွေဆို လက်မှတ်ထိုးထွက်ရတယ်။ ဒီကနေ့ ဖြေလျှော့တယ်ဆိုတာကလည်း သူတို့ ပြောတဲ့တရားခံတွေထားပါတော့၊ အဲဒီလူတွေရသွားလို့ဖြေလျှော့ပေးတာလည်း ဖြစ်နိုင်တယ်။ ထွက်မယ်ဆိုရင်လည်း လက်မှတ်ထိုးပြီးထွက်၊ လက်မှတ်ထိုးပြီးပြန်ဝင်။ အဲဒီလိုဖြစ်နေတယ်။ မနေ့က နေ့လယ်ခင်း မိုးရွာထဲမှာဆိုရင် ပဲကောက်ပြန်လာတဲ့ မိန်းမတွေ ၆ ယောက်ကို မိုးရွာထဲမှာ ထိုင်ခိုင်းထားပြီး နင်တို့အထဲမဝင်ရဘူး။ အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။ အသံဖိုင်တွေ ကျွန်တော့်ဆီမှာ အကုန်ရှိတယ်။ နင်တို့ အထဲမဝင်ရဘူး။ ငါတို့ရေသောက်ရင်သောက်ရမယ်။ ငါတို့ထမင်စားရင် စားရမယ်လို့ပြောတယ်။ အဲဒီချိန်မှာ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး နင်တို့က ငါတို့ပို့ထားတဲ့ ထမင်းထုပ်တွေစားပြီး ငါတို့ကိုဒီလိုပြန်ပြောတာ ငါတို့ကရင်နာတယ်။ ငါတို့ နင်တို့ကျွေးတဲ့ထမင်းမစားဘူး။ ငါတို့ဟာ ငါတို့ အငတ်ခံမယ်ဆိုပြီး ပြည်သူတွေက အဲဒီနားမှာ ထိုင်ပြီးပဲနေတာ။

 

ဖမ်းထားတဲ့သူတွေ သူတို့ပြန်လွှတ်ပေးတယ်ဆိုတာက မဆိုင်တဲ့လူတွေလေ။ ရွာထဲမှာရှိတဲ့ မဆိုင်တဲ့လူ မိန်းမတွေ ပြန်လွှတ်ပေးတယ်။ ပြန်လွှတ်ပေးတယ်ဆိုရင် ဦးဝင်းအေးနဲ့ ရပ်မိရပ်ဖဖြစ်တဲ့ ဦးကျော်ဝင်းနဲ့  ရပ်မိရပ်ဖဖြစ်တဲ့ဦးမောင်နွယ်တို့ကို မလွှတ်သေးဘူး။ သူတို့လွှတ်တယ်ဆိုတာက ဆန္ဒပြတဲ့အမျိုးသမီးတွေကို နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွားတဲ့သူတွေကို ပြန်လွှတ်ပေးသေးတာ။ အမျိုးသမီး ၉ ယောက်ပါသွားတယ်။ ပထမတော့ တစ်ယောက်တည်းပဲ။ ရှေ့မထွက်နဲ့ဆို ထွက်လို့။ ပြီးရင် သူတို့ကငြင်းမှာ။ သူတို့မသိပါဘူးဆိုပြီး။ သူတို့ရဲ့ လက်အောက်ငယ်သားတွေ လုပ်နေတာကို သူတို့မသိဘူးငြင်းမှာ။ ကျွန်မက တည်တောသူမှန်တယ်။ အကုန်လုံးကို သိနေသူတစ်ယောက်ပေါ့နော်။

 

သူတို့လွှတ်တဲ့ထဲမှာ ရဲဘော်တွေရဲ့မိသားစုဝင်တွေရောကျန်တယ်။ ပကဖ။ ပကဖဆိုတာက တစ်ချိန်က ပကဖ ခေါင်းဆာင်၊ အခုတော့ ရပ်ဆိုင်းထားတယ်။ ဦးဝင်းအေး၊ ဦးကျော်ဝင်း ဒါ ရွာရပ်ဖိရပ်တွေ။ နောက်ပြီး ရွာမှာ  ကလေးတွေ အမှားဘာညာမရှိအောင် ထိန်းကျောင်းပေးနေတဲ့ ဦးကျော်ဝင်းဆိုတာ အသက် ၇၀ ကျော် ၈၀ လောက်ရှိပါပြီ။ နောက်ပြီး ဦးမောင်နွယ်ရယ် သူတို့ ၃ ယောက်ကိုတော့ လုံးဝပြန်မလွှတ်ပေးသေးဘူး။ ပြီးကျ ကံကောင်းဆိုတာလည်း ပါတယ်။ ကံကောင်းဆိုတာကလည်း တစ်ချိန်က ကျောင်းသားခေါင်းဆောင်မှန်တယ်။ သူက ဒီတော်လှန်ရေးကြီးမှာ ကျောင်းသားခေါင်းဆောင်ကိုမကျေနပ်တဲ့အချက်တွေနဲ့ တခြားအဖွဲ့စည်းတွေကနေ သူ့ရဲ့မကျေနပ်တဲ့အချက်တွေနဲ့ သူ့ရဲ့အမနဲ့ ညီကိုသတ်သွားတဲ့အဖွဲ့ကရှိတယ်။ အဲဒီအဖွဲ့ကလည်း သူ့ဟာနဲ့ သူ့ပြစ်မှုတွေနဲ့သူ ရင်ဆိုင်ပြီးသွားတာရှိပါတယ်။ အဲဒီတော့ အဲဒီကလေးကနေ မခံစားနိုင်တော့ဘူး။ ဒီလောက်တော်လှန်ရေးကြီးကို စိတ်နာပြီး ဒီလောက်တော်လှန်ရေးကိုလုပ်လာတာကို မခံစားနိုင်တော့ စိတ်ပြေလက်ပျောက်ပန့်ဆိုင်ဖွင့်ပြီး သူ့ဟာသူ ဖြေသိမ့်ရင်းနဲ့ သူအမေကို ဖြေသိမ့်ရင်း အမေနဲ့ နေလိုက်ဦးမယ်ဆိုပြီး သူ့ဟာသူနေပြီး ဆီဆိုင်ဖွင့်နေတာ။ အဲဒီကလေးကိုလည်း ဖမ်းသွားတာ မလွှတ်သေးဘူး။ ဒီနေ့တော့ လက်မှတ်ထိုးပြီး ပြန်ထွက်တယ်လို့လည်းပြောတယ်။ ဒါပေမဲ့ ဒီကနေ့ထိ သူတို့လိုချင်တဲ့သူတွေကို နာမည်စာရင်းနဲ့ တောင်းတယ်။ ဒီနေ့ ၁၁ နာရီလောက်ကို နှစ်ယောက်တောင်းလို့အပ်ရသေးတယ်။ ကျွန်မတို့ရွာက လုံးဝကို သူတို့ဖမ်းတာ တစ်ယောက်မှ မမိဘူးနော်။ သူတို့ဖမ်းမိတယ်ဆိုပြီး သုံးထားတာရှိတယ်။ သူတို့ဖမ်းထားတာ တစ်ယောက်မှ မရှိသေးဘူး။ ရွာကနေပဲ အသိစိတ်ဓာတ်ရှိရှိနဲ့ ရွာကို ဒီလို Lock Down ချထားမယ်။ အစာရေစာဖြတ်ထားမယ်။ ရိက္ခာတွေဖြတ်ထားမယ်။ ဘုန်းကြီးသံဃာတွေရော ဆွမ်းဘုန်းဘာညာအခက်အခဲဖြစ်မှာဆိုးလို့၊ ရွာထဲက အိမ်ပြင်မထွက်ရရင် အခက်အခဲဖြစ်မှာဆိုးလို့ ဘုန်းဘုန်းတွေရယ်၊ ရွာရပ်မိရပ်ဖ ကာကွယ်ရေးရယ်၊ ကလေးတွေရယ် တိုင်ပင်ပြီးတော့ အမှန်တရားက ကိုယ့်ဘက်မှာရှိပြီးသား။ အဲ့ကျ တစ်ချိန်ကျ အမှန်တရားပေါ်မယ်။ အဲ့ကျတော့ အားလုံးအတူပူးပေါင်းပြီးတော့ အမှန်တရားအတွက် ဖြေရှင်းကြတယ်။ သူတို့က လေးယောက်တောင်းလိုက်၊ ခြောက်ယောက်တောင်းလိုက် အဲဒါတွေကို ရွာက ရပ်မိရပ်ဖ၊ ဘုန်းဘုန်းတွေနဲ့တိုင်ပင်ပြီးတော့ သူတို့ကို မြို့နယ်ပကဖကရော၊ ရင်း ၁၂ က ရင်းမှူးတွေရော သူတို့တွေအကုန်အာမခံပါတယ်။ ဘာမှမဖြစ်စေရဘူး။ သူတို့ကို မရိုက်မနှက်စေရပါဘူးဆိုတော့ အပ်ပေးခဲ့တာ။ သူတို့ဖမ်းတာ တစ်ယောက်မှမရှိဘူး။

 

ဒီကနေ့ ၁၁ နာရီလောက်ထိကို သူတို့တောင်းတဲ့လူတွေကို ရွာကိုပူမှာ၊ ဆူမှာဆိုးလို့ ဘုန်းကြီးတွေနဲ့တိုင်ပင်ပြီး အပ်နေရတာ။ သူတို့အဖွဲ့တွေကလည်း အသက်အန္တရာယ် အကုန်တာဝန်ယူတယ်ဆိုပြီး ခေါ်သွားတာ။ တာဝန်ယူမယ်ပြောပြီး ခေါ်သွားတဲ့သူတွေ လမ်းမှာပျောက်တာ။ နှိပ်စက်တာတွေအများကြီးပဲ။ ဒီဘက်မှာ မြင်တွေ့နေရတာ။ မဟုတ်တာကို ဟုတ်တာလုပ်ခိုင်းပြီး ရိုက်နှက်စစ်တာတွေလည်း ရှိတာပဲ။ ကလေးတွေကလည်း NUG နဲ့ပူးပေါင်းပြီး ဒီအမှုကိုဖော်ထုတ်မယ်။ အပြန်အလှန်ပစ်ခတ်တဲ့သူကလည်း လက်ခံတယ်။ သူ့အမှု သူတာဝန်ယူတယ်။ သူအာမခံတယ်။ ဖြောင့်ချက်ပေးတာကို ကျန်တဲ့သူတွေ ကျောင်းသားအဖွဲ့ အကုန်အဖမ်းပဲ။ ကျောင်းသားအဖွဲ့နဲ့ ပစ်တဲ့ထဲက ဟိုကလေးကို ဘယ်လိုစစ်မယ်ဘာညာသူတို့တွေ မပြောဘူး။ ဒီဘက်ကလူတွေကိုပဲ မဲတာ။ အဲဒီ တစ်ဖက်က မသေဘဲကျန်တဲ့ကလေးကလည်း ဆေးရုံမသွားခင် ပြောသွားသေးတာ။ တည်တောရွာတစ်ရွာလုံးကို မီးလောင်ပြာကျအောင် လုပ်ပစ်မယ်။ စိန်ခေါ်သွားသေးတာ။ စိန်ခေါ်သွားတဲ့ဟာကိုလည်း ကျေးရွာရပ်မိရပ်ဖတွေ၊ ပကဖတွေ အကုန်မြင်တယ်။ ကားပေါ်မတက်ခင်ကိုပဲ စိန်ခေါ်သွားခဲ့တာ။

 

မေ ၂၈ ရက် နေ့က ကင်းစောင့်ပြီး ရွာထဲပြန်ဝင်လာတဲ့ ကလေးကို ကျေးရွာထဲက မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်ဟောင်းတစ်ဦးက ရွာပြန်လာတာမကြာသေးဘူး။ သူရယ်၊ ညီကို သုံးယောက်ပေါင်းပြီး ကင်းက ပြန်လာတဲ့ကလေးကို ဓားနဲ့လိုက်ခုတ်၊ သေနတ် တစ်လက်နဲ့ ဖုန်းကို လုယူသွားခဲ့တာ။ ဓားနဲ့ အခုတ်ခံရတဲ့ ရဲဘော်က တည်တောကျေးရွာက ကျောင်းသားများအဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး။ ကျေးရွာကာကွယ်ရေးအနေနဲ့ ဖွဲ့ထားတာ။ သူတို့ တပ်ဖွဲ့ဝင် ရှစ်ဦးက သေနတ်နဲ့ ဖုန်းလုသွားတဲ့အတွက် ဓားနဲ့ လိုက်ခုတ်တဲ့လူတွေရဲ့ အိမ်ကို ရောက်လာပြီး လုယူသွားတဲ့ လက်နက်နဲ့ ဖုန်းကို ပေးဖို့တောင်းရင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာ။

 

အပြန်လှန်ပစ်ခတ်မှုဖြစ်တော့ ကာကွယ်ရေးပကဖတွေကလည်း ရှေ့မတိုးရဲ မလုပ်ရက် မပစ်နဲ့လို့ မပြောရဲဘူး။ ပြီးတော့ မြို့နယ်ပကဖတွေကလည်း မနိုင်ဘူး။ မနိုင်ဘူးဆိုတာကလည်း အချိန်မီမတားခဲ့နိုင်ခဲ့ဘူး။ သူတို့ဘက် ပကဖဘက်ကနေပြီးတော့ ရင်း ၁၂ ကိုခေါ်လိုက်တာ။ ရင်း ၁၂ ကနေ အကုန်လုံးဝင်လိုက်တဲ့အချိန် မိသားစုလိုက်သေနေတာ။ တစ်ယောက်ကတော့ ထောင့်မှာဆိုတော့ လွတ်နေတယ်။ သူတို့အိမ်ထဲမှာ မိသားစုတွေရှိနေတာမသိရဘူး။ အဖွဲ့အစည်းတွေစုံတော့ သွားကြည့်တော့ အိမ်ထဲမှာ တစ်ယောက်ကတော့ ထောင့်မှာ ဒဏ်ရာနဲ့ကျန်ရစ်တယ်။ သူတို့အလောင်းတွေနားမှာ  စနက်တံ လက်ပစ်ဗုံးကနေဖြုတ်ထားတာ လေးငါးခုလောက်တွေ့ရတယ်။ အဲဒီမှာ ရင်း ၁၂ ကနေ သူတို့လက်ပေါ်တင်ပြီး ဓာတ်ပုံရိုက်ထားတာတွေရှိတယ်။ အဲဒါကနေ အဲဒီဖြစ်စဉ်ဖြစ်သွားပြီ။ ဟိုဘက်က လူကိုလည်း ဆေးရုံပို့ပြီးသွားပြီ။ ဒီဘက်က ကလေးတွေကိုလည်း ရင်း ၁၂ ကနေ စောင့်ပြီး သူတို့ဆီအပ်ပေးဖို့တောင်းတာ။ အပ်ပေးပါ။ အပ်ပေးပါဆိုပြီး။ ရွာက ဘုန်းကြီးတွေနဲ့ တိုင်ပင်ပြီး ရင်း ၁၂ သူတို့တွေကလည်း အင်အားအလုံးအရင်း အင်အား ၂၀ဝ ကျော်လောက်နဲ့ ရွာကိုမြေလှန်ရှာမယ်ဆိုပြီး ဘုန်းကြီးတွေ၊ ရွာလူကြီးတွေနဲ့တိုင်ပင်ပြီးတော့ အမှုမှန်ပေါ်ပေါက်ရေး ရွာကနေ လေးယောက်အပ်ပေးတယ်။ လေးယောက်မရသေးဘူး။ ၁၁ ယောက်အပ်ရမယ်ဆိုတာနဲ့ အပ်လိုက်တယ်။

 

ပြီးတော့ ကျောင်းသားအဖွဲ့က ရဲဘော်တွေကို ဖမ်းဆီးလို့ ကျေးရွာနေ အမျိုးသမီးတချို့က မှန်မှန်ကန်ကန် ဥပဒေအတိုင်းလုပ်ဖို့ တောင်းဆိုခဲ့တော့လည်း  အဲဒီအမျိုးသမီးတွေကိုပါ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်။