ရုရှားတို့ရဲ့ ကျူးကျော်စစ်ကို အဆုံးသတ်နိုင်ဖို့အတွက် ထိပ်သီးညီလာခံကို တက်ရောက်ကြဖို့ အာရှနိုင်ငံ ခေါင်းဆောင်တွေကို ဇီလန်းစကီး တိုက်တွန်း

Author အဂ္ဂ
Categories
Published on Jun 03, 2024

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး (Volodymyr Zelensky) က ရုရှားတို့ရဲ့ ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ နည်းလမ်းရှာဖွေတာက တစ်ကမ္ဘာလုံး မတည်မငြိမ်ဖြစ်မှုတွေကို လျော့ကျစေနိုင်တဲ့အတွက်  အခုလအတွင်းမှာ ကျင်းပပြုလုပ်မယ့် ထိပ်သီးညီလာခံကို တက်ရောက်ကြပြီး ယူကရိန်းရဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကို ပါဝင်ဆွေးနွေးကြဖို့ အာရှနိုင်ငံခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

 

အာရှနိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ကြပြီး တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကာကွယ်ရေး အစီအစဉ်မှာ ပါဝင်ကြဖို့နဲ့ (ရုရှားကျူးကျော်စစ်) စစ်ပွဲကို ဆန့်ကျင်ကြဖို့အတွက် စည်းစည်းလုံးလုံးရှိသင့်တယ်လို့ ဇီလန်စကီးက ဒီကနေ့ (ဇွန် ၂ ရက်) မှာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ဖိုရမ် (Shangri-La Dialogue Forum) မှာ မိန့်ခွန်းပြောကြားခိုက် ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

အဲဒီ ထပ်သီးအစည်းအဝေးပွဲမှာ နျူးကလီးယားလက်နက်အရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ စစ်သုံ့ပန်းတွေ လွတ်မြောက်ရေးတို့ကို ထည့်သွင်းဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

 

“ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးပွဲအပြီး ကမ္ဘာတဝှမ်းက ခေါင်းဆောင်အများစုရဲ့ ဘုံသဘောတူညီချက်တွေနဲ့ ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို သဘောတူညီပြီးပြီဆိုရင် သဘောတူညီချက်တွေရဲ့ အသီးအပွင့်တွေ ရရှိလာဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရုရှားနိုင်ငံကို သဘောတူညီချက်တွေ လိုက်နာကြဖို့ လုပ်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်”လို့ ဇီလန်းစကီးက ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ ဇီလန်းစကီးအနေနဲ့ အာရှဘက်ကို ရှားရှားပါးပါး ခြေဦးလှည့်လာတဲ့ အချိန်ဟာ ရုရှားတို့ရဲ့ ကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တာ သုံးနှစ်အတွင်းရောက်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ လက်ရှိ ယူကရိန်းရဲ့ စီးပွားရေးအခြေအနေက ယူကရိန်းကထွက်တဲ့ ကောက်ပဲသီးနှံနဲ့ ဆီထွက်သီးနှံအားလုံးကို ကမ္ဘာဈေးကွက်အတွင် တင်ပို့ရောင်းချနိုင်ဖို့ လိုအပ်နေပြီး ယူကရိန်းဘက်က တစ်ဖက်သတ် အပစ်ရပ်ပြီး ကုန်ပစ္စည်းတွေ သယ်ပို့ရမယ့် ပင်လယ်နက်ကုန်သွယ်မှု လမ်းကြောင်းကိုလည်း ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားနိုင်တာမျိုးကို ဇီလန်းစကီးက လိုချင်နေတာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အပတ်တွေအတွင်း ယူကရိန်းနိုင်ငံရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ ရုရှားဘက်က စစ်အင်အား ပိုမိုတိုးချဲ့ပြီး စခန်းချလာတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတဲ့ အတောအတွင်းမှာ ယူကရိန်းသမ္မတရဲ့ နိုင်ငံတကာခရီးစဉ်တွေ ပိုပြီးခြေလှမ်းစိပ်လာတာကိုလည်း တွေ့မြင်လာရတာ ဖြစ်ပါတယ်။

 

ဇီလန်းစကီးဟာ  လာမယ့် ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးအတွက် Global-South လို့ သတ်မှတ်ထားကြတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကို လိုချင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း (၁၀၀) ကျော်ဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့လည်း ဇီလန်းစကီးက ဆိုပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံဟာ အီတလီနိုင်ငံက ဘော်ဂိုအက်ဂ်နာဇီယာ (Borgo Egnazia) မှာ ကျင်းပပြုလုပ်မယ့် (အီတလီ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်တဲ့) G7 အစည်းအဝေးအပြီးမှာ ယူကရိန်းအတွက် ညီလာခံပြုလုပ်ပေးဖို့ အစီအစဉ်ဆွဲထားခဲ့တာလည်း ဖြစ်ပါတယ်။

 

G7 အဖွဲ့ဝင် ထိပ်သီခေါင်းဆောင်အများစုက အဆိုပါ ညီလာခံကို တက်ရောက်ဖို့ ရှိနေပေမယ့် အမေရိကန် သမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်ကတော့ တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့  Bloomberg သတင်းဌာနက ဖော်ပြခဲ့သလို အခြားတစ်ဖက်မှာလည်း ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကလည်း တက်ရောက်ဖြစ်ဖို့ ပုံစံမျိုး ရှိမနေခဲ့ပါဘူး။

 

အခြားတစ်ဖက်မှာတော့ တရုတ်နိုင်ငံနဲ့ ဘရားဇီးနိုင်ငံတို့ အတူတကွ ပူးပေါင်းပြီး ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံလုံးဘက်က အသိအမှတ်ပြုတဲ့ နိုင်ငံတကာညီလာခံတစ်ခုကျင်းပပြီး အပစ်အခတ်ရပ်စဲမှု ဆွေးနွေးကြဖို့ တောင်းဆိုနေတာမျိုးလည်း ရှိပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံ ပြုထားတဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကနေ ယူကရိန်းကိုယ်တိုင် နုတ်ထွက်ခဲ့ဖို့ သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။

 

“ဝမ်းနည်းစရောကောင်းတာကတော့ ထိပ်သီးညီလာခံကျင်းပဖို့အတွက် အဖျက်အမှောင့် ပယောဂတွေ ရှိနေတာပါပဲ၊ ဒါဟာ ကမ္ဘာကြီးပေါ်က စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကမ္ဘာတဝှမ်း ကလူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဆန့်ကျင်လိုတဲ့ ကမ္ဘာပေါ်မှာ အာဏာကို လက်ဝါးကြီး အုပ်လိုသူအချို့ရဲ့ လိုလားချက်တွေဖြစ်တယ်လို့တော့ ကျွန်တော် မယူဆချင်ပါဘူး” လို့ ဇီလန်းစကီးက စင်္ကာပူက ဖိုရမ်မှာ ပြောခဲ့ပါတယ်။

 

ဓာတ်ပုံ- Reuters

 

ကိုးကား – Bloomberg

 

Related News

Depend on news