Pride Month အကြောင်း တစ်စေ့တစ်စောင်း

Author ဇက်
Categories
Published on Jun 02, 2024

ဒီနေ့တော့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က စတင်ကျရောက်တဲ့ Pride Month အကြောင်းနဲ့၊ Pride Month ရဲ့ နောက်ခံသမိုင်းတွေ၊ နောက်သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ‘သိစေချင်လို့’ ကဏ္ဍမှာ တင်ဆက်ပေးချင်ပါတယ်။

****************************************

 

LGBTQ Pride Month ဆိုတာ ဘာလဲ ?

 

LGBT Pride Month ဆိုတာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာနဲ့ တစ်ဝှမ်းက လိင်တူလိင်ကွဲ ချစ်ခင်စုံမက်သူ lesbian တွေ၊ gay တွေ၊ bisexual တွေ၊ transgender တွေနဲ့ queer တွေကို အသိအမှတ်ပြု ကျင်းပတဲ့ လဖြစ်ပါတယ်။ ဇွန်လတစ်ရက်နေ့က စလို့ ကျင်းပလေ့ရှိပြီး အဲဒီကျင်းပတဲ့ထဲ လူစုလူဝေးလိုက် ချီတက်ပွဲတွေ၊ ပါတီတွေနဲ့ ကမ်ပိန်းမျိုးစုံ ပါဝင်လေ့ရှိတာပါ။

 

ဒါဆိုရင် အဲဒီ LGBTQ လက ဘယ်လို စတာလဲ ?၊ စတဲ့အချိန်ကရော ဘာလို့ ဇွန်လဲ ?

 

Pride Month ရဲ့ ဇာစ်မြစ်ကို လိုက်ရမယ်ဆိုရင် ၁၉၆၉ စတုန်းဝေါအရေးအခင်းကို ပြန်သွားရပါမယ်။ ၁၉၆၉ ခု၊ ဇွန်လ ၂၈ ရက်နေ့က အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းပါ။ အဲဒီအချိန်နောက်ပိုင်း ၁၉၇၀ ခုကစလို့ နှစ်တိုင်း ဇွန်လ ၂၈ ရက်နေ့ကို ရောက်တာနဲ့ လိင်တူလိင်ကွဲချစ်ခင်စုံမက်သူတွေက စုပေါင်းပြီး ချီတက်ဆန္ဒပြပွဲတွေ ရက်နဲ့ချီအောင် ဆောင်ရွက်ကြပါတယ်။ တကယ့်တကယ်တမ်း လူသိများလာက ၁၉၇၂ ခုနှစ်လောက်မှပါ။ အမေရိကန်နိုင်ငံ ပင်ဆေလ်ဗဲနီးယားပြည်နယ် ဒယ်လာဝဲသတင်းစာရဲ့ မှတ်တမ်းဟောင်းတွေထဲ ဖော်ပြတာအရဆိုရင် အဲဒီ LGBT အထိမ်းအမှတ်ပွဲတွေကို ဇွန်လ ၅ ရက်နေ့လောက်က စလို့ ကျင်းပခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီကနေ အထိကရုဏ်းရဲ့ နှစ်ပတ်လည် ၂၈ ရက်နေ့အထိ ဆက်ဆက်ကျင်းပရာကနေ ဇွန်လတစ်လလုံးနီးပါးကို Pride Month အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

 

စတုန်းဝဲလ် အထိကရုဏ်းဆိုတာ ဘာလဲ ?

 

၁၉၆၉ ခုနှစ်၊ ဇွန် ၂၈၊ စနေနေ့ မနက်ပိုင်းလောက်မှာ နယူးယောက်ရဲတပ်ဖွဲ့က မက်ဟန်တန်မှာ ရှိတဲ့ စတုန်းဝေါလ်တည်းခိုခန်းထဲ မာဖီးယားဂိုဏ်းတစ်ခုက ဖွင့်ထားတဲ့ ဂေးဘားကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာ လိင်တူလိင်ကွဲချစ်ခင်စုံမက်တာနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေ ရှိနေဆဲပါ။ နယူးယောက်မြို့ဝန်းကျင်မှာဆိုရင် ဂေးတွေအနေနဲ့ ပေါ်ပေါ်ထင်ထင် ပြုမူနေထိုင်တာမျိုး တွေ့ရမယ်ဆိုရင် အရေးယူခံရနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် အဲဒီအချိန်တုန်းက ဂေးတွေ စုဝေးပျော်ပါးနိုင်မဲ့ ဂေးဘားတွေ ဖွင့်လှစ်တာကိုလဲ အစိုးရက တားမြစ်ထားတာပေါ့။ ဒါပေမဲ့ စတုန်းဝဲလ်က ဂေးဘားကို ဝင်ရောက်စီးနင်းတာလို ဖြစ်ရပ်မျိုးကတော့ အရင်က မရှိခဲ့ဖူးပါဘူး။ အဲဒီဝင်ရောက်စီးနင်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီအုံကြွမှုတွေကို စတုန်းဝဲလ် အထိကရုဏ်း၊ စတုန်းဝဲလ် အရေးအခင်း . . စသဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။ အဲဒီအချိန်က စလို့ LGBT တွေက တခြား ကျား/မ တွေနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးကို ပိုင်ဆိုင်ရမယ်၊ ဖိနှိပ်ခြင်းက ကင်းဝေးရမယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွမှုတွေကို ဇွန်လရောက်တိုင်း ဆောင်ရွက်ပါတော့တယ်။

 

၂၀၁၆ ခုနှစ်ရဲ့ ဇွန်လမှာတော့ သမ္မတ အိုဘားမားက စတုန်းဝဲလ်တည်းခိုခန်းနဲ့ သူ့ပတ်ပတ်လည် ဧရိယာကို နိုင်ငံတော်အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ပြီးတော့ အမေရိကန်သမိုင်းတစ်လျှောက် LGBT ဆိုင်ရာ အခွင့်အရေးကို ဖော်ဆောင်တဲ့ ပထမဆုံးထိမ်းအမှတ်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ စတုန်းဝဲလ်အထိကရုဏ်း ပေါ်ပေါက်အပြီး နှစ် ၅၀ အကြာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာတော့ နယူးယောက်ရဲတပ်ဖွဲ့က အတိတ်က သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်က မှားယွင်းခဲ့ကြောင်း တရားဝင်ဖွင့်ဟ တောင်းပန်ခဲ့ပါတယ်။

 

LGBTQ ချီတက်မှုတွေကို အစောဆုံး လုပ်ခဲ့ချိန်

 

ဒီဇွန်လ Pride Month က ကမ္ဘာနဲ့ တစ်ဝှမ်းမှာ ကျင်းပကြတာ မှန်ပေမဲ့ အစပြုရာ နေရာဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ အစည်ကားဆုံးပါ။ ၁၉၆၉ ဖြစ်စဉ်အပြီး နောက်နှစ် ၁၉၇၀၊ ဇွန် ၂၈ ရက်နေ့မှာပဲ သောင်းချီတဲ့ လိင်တူလိင်ကွဲ ချစ်ခင်စုံမက်သူ လူငယ်တွေ စုပေါင်းပြီး ချီတက်ဆန္ဒထုတ်ဖော်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

၂၀၀၀ ရာစုနောက်ပိုင်းမှာတော့ ဒီပွဲတွေထဲကို သန်းနဲ့ချီတဲ့ လူတွေ ပါဝင်လာကြပါပြီ။

 

သက်တံရောင် LGBT အလံ ဘယ်အချိန်က ပေါ်ပေါက်ခဲ့သလဲ ?

 

LGBT အရေး တက်ကြွလှုပ်ရှားတယ်လို့ ဆိုလိုက်တာနဲ့ အားလုံးလိုလို မျက်စိထဲ တွဲမြင်မှာက သက်တံအရောင်ရှိတဲ့ အလံပါ။ ဂေးလ်ဘာ့တ် ဘိတ်ကာလို့ ခေါ်တဲ့လူက ၁၉၇၈ ခုနှစ်၊ ဇွန်လမှာ ဆွဲပေးခဲ့တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ ဒီသက်တံအလံမတိုင်ခင်က ပန်းရောင်တြိဂံနဲ့ အလံတစ်ရပ်လည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီအလံကိုတော့ ဟစ်တလာက ဒီဇိုင်းဆွဲခဲ့တာပါ။ ဂျူးလူမျိုးတွေကို ဖိနှိပ်ရာမှာ သုံးတဲ့ Star of David sign နဲ့ ပုံစံချင်း ဆင်ပါတယ်။ နောက်တော့မှ သိရတာက ဒီတြိဂံပုံစံဆောင်တဲ့ အလံတိုင်းက လူတွေကို ဖိနှိပ်အနိုင်ကျင့်ရာမှာ သုံးတဲ့ ပြယုဂ်တစ်ရပ်ဖြစ်ခဲ့တာမျိုးပါ။

 

ဂေးလ်ဘာ့တ်ရဲ့ အယူအဆအရ အလံတွေဆိုတာ အဲဒီအလံကို ကိုင်ဆောင်သူတွေရဲ့ ဖြစ်တည်မှုကို ကိုယ်စားပြုပါတယ်။ ဒီတော့ ခြားနားတဲ့ လိင်တွေ၊ ကွဲပြားတဲ့ လူမျိုးတွေ၊ မတူညီတဲ့ အသက်အရွယ် အပိုင်းအခြားတွေဆိုတာ ‘မျိုးစုံမျိုးကွဲ’ ဆန်မှုနဲ့ မတူကွဲပြားမှုအသွင်ကို ဖော်ဆောင်သလို ဒီလိုမတူညီတဲ့ ဖြစ်တည်မှုတွေ ကိုယ်စီရှိရက်ကနေ ရင်ဘတ်ချင်းနီးဖို့ ကြိုးစားကြမှု ပြယုဂ်ကို ဖန်တီးခဲ့တာပါ။ ဒီလိုဖန်တီးရာမှာ သက်တံတွေကို စံနမူနာယူပြီး ခြားနားထူးပြားတဲ့ အရောင်အသွေးတွေ ပေါင်းစည်းမိရာကနေ လှပတဲ့ အသွင်အဆင်တစ်ရပ် ပေါ်လာပုံကို ရည်ညွှန်းခဲ့ပါတယ်။

 

အမေရိကန် အစိုးရက Pride Month ကို ဘယ်အချိန်က စပြီး အသိအမှတ်ပြုခဲ့လဲ ?

 

သမ္မတကလင်တန်လက်ထက်၊ စတုန်းဝဲလ်ဖြစ်ရပ်အပြီး နှစ် ၃၀ အကြာ၊ ၁၉၉၉ ခုနှစ်မှာပဲ ဂေးတွေနဲ့ လက်စ်ဘီယမ်တွေရဲ့ အထိမ်းအမှတ်လအဖြစ် ဇွန်လကို တရားဝင်အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ သမ္မတကလင်တန်က “အမေရိကန်ပြည်သူတွေအပေါ် သတ်မှတ်တည်ရှိနေတဲ့ ဥပဒေပြုရေးကနေ ပြောင်းလဲသတ်မှတ်ရုံနဲ့ ဒီဖိနှိပ်ချုပ်ချယ်မှုတွေ ကွယ်ပျောက်သွားမှာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးရဲ့ ရင်ဘတ်နဲ့ အတွေးအခေါ်တွေထဲ မှိုစွဲမြစ်တွယ်နေတဲ့ သဘောထားတွေကို ပြောင်းလဲနိုင်မှ ရပါမယ်၊ ကျွန်တော်တို့ အမျှော်လင့်ဆုံးကတော့ လာမဲ့မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှာ တစ်ဦးအပေါ် တစ်ဦး လေးစားဖို့၊ ကွဲပြားခြားနားခြင်းတွေကို အသိအမှတ်ပြုနိုင်ဖို့နဲ့ အားလုံးရဲ့ ရင်ဘတ်ထဲ ဘုံစွဲကိုင်ထားတဲ့ ခံယူချက် တန်ဖိုးတွေကို မြင်နိုင်ဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။ ဒီနည်းနဲ့ အမေရိကန်ဟာ သူတို့ရဲ့ ဒီမိုကရေစီစနစ်မှာ ပါတဲ့ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးခဲ့တာ ယနေ့ထက်တိုင်ပါ။

 

မြန်မာနိုင်ငံမှာရော လိင်တူချစ်ခင်စုံမက်မှုက တရားဝင်ပါသလား ?

 

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံတာ၊ လိင်တူလက်ထပ်တာတွေက ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သည့် ပြစ်မှု) အရ အပြစ်မြောက်ဆဲပါ။ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သလို ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်ပါတယ်။ သုတေသနတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းထဲ နေထိုင်တဲ့ LGBT တွေဟာ ဖိနှိပ်အနိုင်ကျင့်မှုတွေကို နည်းမျိုးစုံနဲ့ ပိုမိုခံစားလာရတယ်လို့ ဆိုပါတယ်။

****************************************

 

ဒီလောက်ဆိုရင်တော့ Pride Month နဲ့ ပတ်သက်လို့ အတော်များများ သိရှိကြလောက်ပြီလို့ ထင်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပုံဖော်တဲ့အခါ အဓိက ကျတဲ့အရာက ‘မတူကွဲပြားမှု’ ကို လက်သင့်ခံဖို့ပါ။ တကယ်လို့ စာဖတ်သူရဲ့ ပတ်ဝန်းကျင်မှာ လိင်ဝိသေသလက္ခဏာအရ ကိုင်းညွှတ်မှု/ခံယူမှု ကွဲပြားသူတွေနဲ့ ကြုံရ ဆုံရတဲ့အခါ သူတို့ကို တတ်နိုင်သရွေ့ ဖေးမကူညီပြီး သာမန်လူတွေနဲ့ တန်းတူဆက်ဆံဖို့ အကြံပြုလိုပါတယ်လို့ ပြောကြားရင်း Pride Month ကို CJ Platform ဝိုင်းတော်သားတွေက အသိအမှတ်ပြု ကြိုဆိုလိုက်ရပါတယ်။

 

ဓာတ်ပုံ – Kyaw Min