၃၄ မှုစလုံး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရမှုက ထရမ့်ရဲ့ သမ္မတဖြစ်ခွင့်အပေါ် ဘယ်လောက်ထိသက်ရောက်နိုင်လဲ?

Author အဂ္ဂ
Categories
Published on Jun 01, 2024

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှု (၃၄) မှုစလုံးမှာ အပြစ်ရှိတယ်လို့ ခုံသမာဓိအဖွဲ့က ကြာသပတေးနေ့ (မေ ၃၀ ရက်)မှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

 

ထရမ့်အပေါ်စွဲဆိုထားတဲ့ အပြာမယ်ကို နှုတ်ပိတ်ခပေးတဲ့အမှုအပါအဝင် ၂၀၁၆ ခုနှစ်‌ ရွေးကောက်ပွဲ ရလဒ်ကိုထိန်းချုပ်ဖို့ကြိုးပမ်းခဲ့တယ်ဆိုတဲ့အမှုတွေအပါအဝင် စုစုပေါင်း ရာဇဝတ်မှု (၃၄)မှု စလုံးမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

 

အခုလိုဆုံးဖြတ်ခဲ့မှုဟာ ထရမ့်ကို အမေရိကန်သမိုင်းမှာ ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ ပထမဆုံး သမ္မတဟောင်း ဖြစ်စေခဲ့ပြီး တကယ့်ကို သမိုင်းဝင်ဖြစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

 

လက်ရှိကာလဟာ အမေရိကန် ရွေးကောက်ပွဲနီးနေတဲ့ မဲဆွယ်ကာလဖြစ်တာကြောင့် ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားရတဲ့ သူ့ကို အခုလို စီရင်ချက်ချမှတ်ခံရမှုဟာ သူ့ရဲ့ သမ္မတဖြစ်ခွင့်အပေါ် ဘယ်လောက်ထိသက်ရောက်နိုင်ပါသလဲ။

 

အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ သမ္မတလောင်းဖြစ်ခွင့်အတွက် လိုအပ်ချက်သုံးချက်ကိုသာ အတိအလင်း ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။ အဲဒီအချက်တွေက (၁) အမေရိကန်မှာပဲ မွေးဖွားတဲ့သူ၊ (၂) အနည်းဆုံး အသက် (၃၅) နှစ်ပြည့်ပြီးသူ၊ (၃) အမေရိကန်မှာ အနည်းဆုံး(၁၄)နှစ်နေထိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်တွေပါ။

 

လက်ရှိမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရပေမဲ့ ဒေါ်နမ်ထရမ့်ဟာ အဲဒီအချက်သုံးချက်စလုံးနဲ့ ကိုက်ညီလျက်လည်းရှိပါတယ်။

 

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဥပဒေ ပါမောက္ခ Richard L. Hasen ကလည်း “အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံမှာ ပြစ်ဒဏ်စီရင်ထားခြင်းခံရသူတစ်ဦးက သမ္မတနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ မပါပါဘူး။ သမ္မတအဖြစ် အရွေးခံနိုင်ဖို့ ကန့်သတ်ထားတဲ့ အရည်အချင်းသတ်မှတ်ချက်တွေ(အပေါ်က သုံးချက်) ပဲပါပါတယ်” လို့ ဆိုပါတယ်။

 

ဒါ့အပြင် ထရမ့်ရဲ့ ဇာတိဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်ဥပေဒအရလည်း ပြစ်ဒဏ်ထင်ရှားကြောင်း အမိန့်ချခံရမှုဟာ ပြည်နယ်ပြင်ပမှာဖြစ်တာကြောင့် ထရမ့်အနေနဲ့ မဲပေးပိုင်ခွင့်ကိုလည်း ဆက်လက်ရရှိဦးမှာပဲဖြစ်ပါတယ်။

 

လက်ရှိမှာတော့ သမ္မတဟောင်း ထရမ့်ကို လာမယ့် ဇူလိုင်လ(၁၁)ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခံရမှာလည်း ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရရင်တော့ ထရမ့်အနေနဲ့ ခြေချုပ်ချခံရတာ ဒါမှမဟုတ် ထောင်ဒဏ် လေးနှစ်အထိ ကျခံသွားရဖို့လည်း ရှိနေပါတယ်။ ထရမ့်ရဲ့ ရှေ့နေ တော့ ဘလန့်ချ်(Todd Blanche)က စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ နယူးယောက် တရားရုံးချုပ်ရဲ့ တရားသူကြီး ဟွမ် မာချမ်း(Juan Merchan)က တောင်းဆိုချက်ကို ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။

 

သမ္မတဟောင်းတစ်ဦး (သို့) ပါတီရဲ့ လူကြိုက်များတဲ့ခေါင်းဆောင်တစ်ဦးကို အခုလို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချတာဟာ မကြုံစဖူး ထူးထူးကဲကဲ ဖြစ်ပေမဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရတဲ့ ထရမ့်ကတော့ အယူခံဆက်ဝင်ပြီး ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားဖို့လည်း ရှိနေပါတယ်။

 

ဒေါ်နယ်ထရမ့်ကတော့ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို “ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်” လို့ ဆိုခဲ့ပြီး တကယ့်ဆုံးဖြတ်ချက်အစစ်အမှန်ဟာ ဘာလဲဆိုတာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကျရင် သိပါလိမ့်မယ်လို့လည်း ဆက်ပြောပါတယ်။

 

လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကတော့ သူ့ရဲ့ပြိုင်ဘက်ဖြစ်သူဟာ မဲပေးပြီးတဲ့အခါ အရေးနိမ့်သွားပါလိမ့်မယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် ပြောခဲ့ပါတယ်။

 

ဓာတ်ပုံ- Justin Lane/Pool/Reuters

 

ကိုးကား – CNN