ငါးရက်အတွင်း စစ်ကောင်စီကျောင်းတွေကို ကျောင်းသား/သူ ၅၁ သိန်းကျော် လာရောက်အပ်နှံလို့ စစ်ကောင်စီပညာရေးဌာနထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on May 30, 2024

စစ်ကောင်စီ အခြေခံပညာကျောင်းတွေကို စတင်အပ်နှံခွင့်ပြုခဲ့တဲ့ မေ ၂၃ ကနေ ၂၇ ရက်အထိ ငါးရက်အတွင်း ကျောင်းသား/သူ ၅၁ သိန်း ခြောက်သောင်းဦးကျော်အထိလာရောက်အပ်နှံခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

အဲဒီပညာရေးဝန်ကြီးဌာနက မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားတာပါ။

 

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန(MoE)ကနေ အွန်လိုင်းကျောင်းတွေအပါအဝင် မြေပြင်ကျောင်းတွေကို ဖွင့်လှစ်ပေးနေပေမဲ့လည်း အကန့်အသတ်တွေရှိနေတာတစ်မျိုး၊ ကျောင်းသား/သူတွေဘက်မှာလည်း အခက်အခဲများရှိနေတာကတစ်သွယ်တို့ကြောင့် စစ်ကောင်စီကျောင်းတွေဘက်ကို ပြန်ပြောင်းထားရသူတွေလည်း ရှိလာနေတာပါ။

 

“ကျွန်မသားနဲ့ သမီးတော့ စလက်ခံတဲ့နေ့မှာပဲသွားအပ်လိုက်တယ်။ ဘာငွေကြေးမှ မပေးခဲ့ရဘူး” လို့ အရင် NUG ရဲ့ MoE အွန်လိုင်းကျောင်းမှာ သားကြီးကို တက်ရောက်စေခဲ့ဖူးသူ ရန်ကုန်မြို့ခံ ကလေးနှစ်ဦးရဲ့ မိခင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အင်တာနက်အခက်အခဲ၊ ဖုန်းအခက်အခဲနဲ့ အခြားအခက်အခဲတွေကြောင့် မတတ်သာတဲ့အဆုံး သူ့ရဲ့ သားအကြီးကို စစ်ကောင်စီကျောင်းတွေကို သွားရောက်အပ်နှံခဲ့ရတာလို့ သူမက ပြောပါတယ်။ သူမရဲ့ သားအကြီးဟာ NUG/MoE ရဲ့ အွန်လိုင်းကျောင်းမှာ စာသင်နှစ် ၂ နှစ်အထိတက်ရောက်ခဲ့ပြီးနောက် စစ်ကောင်စီကျောင်းတွေဆီ ပြောင်းရွှေ့အပ်နှံခဲ့ရတာပါ။

 

“သားလေးကို မနှစ်က သွားအပ်လိုက်တာပေါ့။ အမှန်တကယ်ရှိရမယ့်အတန်းက သုံးတန်း(Grade 3)ပေါ့။ ဒါပေမဲ့ ကျောင်းအပ်နောက်ကျနေတော့ Grade 1 ကနေပဲ စအပ်လိုက်ရတယ်။ ၂ နှစ် ကျောင်းနောက်ကျသွားတာပေါ့။ ဘာလို့အပ်တာနောက်ကျလဲဆိုတဲ့အကြောင်းအရင်းအမှန်ကျတော့လည်း ပြောလို့မရဘူးလေ” လို့ အဲဒီမိခင်က ပြောပါတယ်။

 

သူမ သားလိုပဲ NUG ကျောင်းမှာတက်ပြီး စစ်ကောင်စီကျောင်းကို ပြောင်းရွှေ့အပ်နှံလာသူတွေလည်း အရင်နှစ်တွေထဲကရှိခဲ့သလို အခုနှစ်မှာလည်း ပိုများလာနေတယ်လို့ သူမက ဆိုပါတယ်။

 

“မတတ်သာလို့ အပ်ရပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ့်အစိုးရ(ဒီမိုကရေစီအစိုးရကိုရည်ညွှန်း)ဆီမှာပဲ ထားချင်တာပါ။ NUG ကျောင်းတွေက သင်ကြားပုံက ကောင်းပါတယ်။ ဆရာ/ဆရာမတွေက စေတနာလည်းပါကြတယ်။ ဒါပေမဲ့ ကျွန်မတို့အတွက် အခက်အခဲတချို့တော့ ရှိနေပါတယ်” လို့ ဒီမိုကရေစီလိုလားပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ မိခင်က ဖွင့်ဟပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၈ သန်းကျော်ရှိခဲ့ပေမဲ့ အမှန်တကယ်တက်ရောက်သူ ၆ သန်းကျော်သာရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဒီနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားပါတယ်။

 

အဲဒါကြောင့် ကျောင်းတက်ရောက်ဖို့ ပျက်ကွက်သူ ၁ ဒသမ ၃၄ သန်းကျော်ရှိခဲ့တယ်လို့ သူက ဆိုခဲ့ပါသေးတယ်။ စစ်ကောင်စီလက်အောက်ခံကျောင်းတွေဆီ အပ်နှံပြီး မတက်ခဲ့သူတွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ကရင်နီ(ကယား)၊ ရခိုင်နဲ့ ရှမ်းပြည်(မြောက်ပိုင်း)ဒေသတွေက ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ အဲဒီထဲ လွိုင်ကော်မြို့နယ်မှာ ၁၀၀ ရာခိုင်နှုန်း တက်ရောက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။

 

၂၀၂၃ ခုနှစ်၊ NUG/MoE ရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း(BECA)ဖြေဆိုဖို့ လျှောက်ထားသူ ၇၅,၀၀၀ ခန့်ရှိခဲ့ရာမှာ ဘာသာစုံဝင်ရောက်ဖြေဆိုသူ ၅၆,၀၀၀ ဦးခန့်ရှိခဲ့ပြီး ၎င်းတို့အထဲက ၅၀,၀၀၀ ခန့် (၈၉ ရာခိုင်နှုန်း)ဟာ ပြီးမြောက်ကြောင်းလက်မှတ်(Certificate)ရရှိခဲ့ပေမဲ့ စည်းကမ်းချက်နဲ့မကိုက်ညီလို့ Certificate မထုတ်ပေးသူ ၆၀၀၀ ခန့်(၁၁ ရာခိုင်နှုန်း)ရှိတယ်လို့ MoE က ထုတ်ပြန်ပါတယ်။

 

ဒီလို စည်းကမ်းချက်နဲ့မကိုက်ညီလို့ Certificate မရသူတွေနဲ့ MoE တို့ကြား ပြဿနာအချို့ရှိခဲ့ပြီး အဲဒီထဲ Complaint Form တင်မယ်ဆိုရင် Form ကြေး ကျပ်သုံးသောင်း တောင်းခံခဲ့တာနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။

 

ဒါကြောင့် မေလ ၂၅ ရက်နေ့မှာ Complaint Form ကြေး ကျပ်သုံးသောင်း တောင်းခံတာကို NUG/MoE က ပယ်ဖျက်ကြောင်း ထုတ်ပြန်ပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့် သတင်းစာ MOI

 

ပုံစာ – ပြီးခဲ့တဲ့စာသင်နှစ်အတွင်း ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီ အခြေခံပညာစာသင်ကျောင်းတစ်ခုမှာ တက်ရောက်ခဲ့တဲ့ကလေးငယ်များကို တွေ့ရစဉ်