ရန်ကုန်မှာ စစ်ကောင်စီ ဧည့်စာရင်းအစစ်ကြမ်းနေပြန်၊ ရက်ကျော်နေသူတွေ ထောင်ဒဏ်၊ ငွေဒဏ်တွေပေးခံရ
ရန်ကုန်မြို့မှာ အခုရက်ပိုင်းတွေထဲ စစ်ကောင်စီက ညဘက် ဧည့်စာရင်းစစ်တာတွေ ပိုက်စိတ်တိုက်လုပ်လာပြီး ဧည့်စာရင်းတိုင်ရက်ကျော်နေသူတွေကို ရပ်/ကျေးရုံးမခေါ်ဘဲ ရဲစခန်းခေါ်ကာ ထောင်ဒဏ်၊ ငွေဒဏ်တွေပေးခံခဲ့ရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေဆီကနေ သိရပါတယ်။
ဧည့်စာရင်းတိုင်ရက်ကျော်နေသူတွေကို စစ်ကောင်စီတပ်သားတွေက ရဲစခန်းမှာ တစ်ညထိန်းသိမ်းပြီး ငွေဒဏ်အဖြစ် ကျပ် ငါးသောင်းကနေ တစ်သိန်းအထိ တောင်းခံနေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က ကြုံတွေ့ခဲ့ရသူ မြို့ခံတချို့က CJ Platform ကို ပြောပါတယ်။
“ဗုံးတွေပေါက်တဲ့နေ့က ဝင်စစ်တာခံရတာ။ ကိုယ်လည်း အလုပ်များတော့ ရက်ကျော်နေမှန်းမသိဘူးလေ။ လာစစ်တော့ ရက်ကျော်နေတယ်။ ဘာလို့မတိုင်တာလဲမေးပြီး၊ ရဲစခန်းကိုတစ်ညလိုက်ခဲ့။ မနက်ကျမှ ဒဏ်ငွေဆောင်ပြီးပြန်ရမယ်ဆိုပြီး မနက်လည်းရောက်တော့ ငါးသောင်းပေးခဲ့ရတယ်။ တချို့တွေဆို တစ်သိန်းအထိပေးခဲ့ရတာတွေလည်းရှိတယ်။ မပေးရင် သူတို့က ဧည့်စာရင်းဥပဒေအရ ထောင်တစ်လချမယ်ပြောတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်က ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လှိုင်မြို့နယ်ထဲမှာတော့ ဧည့်စာရင်းတိုင်တိုင်း ကျပ် ၃၀ဝ၀ ပေးရပြီး အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေက ထောင်မချချင်လို့ ပိုက်ဆံပဲတောင်းနေတာလို့ အဲဒီမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က ရက်ကျော်တဲ့သူတွေ၊ မတိုင်ထားတဲ့သူတွေကိုဆို ထောင်ချလို့ရတဲ့ဥပဒေရှိတယ်သာပြောတာ။ ပိုက်ဆံပဲတောင်းတာ။ တစ်ခါတောင်းလိုက်ရင် ငါးသောင်း၊ တစ်သိန်းပဲ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ ဒုတိယပတ်ကလည်း တောင်ဥက္ကလာပမြို့နယ်မှာလည်း ဧည့်စာရင်းမတိုင်မိသူ အယောက် ၄၀ ကျော်ကို ဖမ်းပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေလုပ်ခဲ့ရတယ်လို့ အဲဒီက အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်းချောင်း၊ တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေမှာလည်း မကြာခဏ ဧည့်စာရင်းစစ်ဆေး၊ ဖမ်းဆီးတာတွေ လုပ်နေတာပါ။
ရန်ကုန်မြို့မှာ စစ်ကောင်စီက အခုလပိုင်းတွေမှာ အရင်ကထက် လုံခြုံရေးတွေ ပိုတင်းကျပ်လာပြီး၊ အစစ်အဆေးလည်း ပိုများလာနေပါတယ်။
ဓာတ်ပုံ – CJ