ရိက္ခာရှာ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ်စောင့်ကြိုပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံး

Author မင်းထက်၊ တေဇာ
Categories
Published on May 30, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောရဲစခန်းကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မနေ့ မေလ ၂၉ ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Pakokku People’s Defense Force(PPDF)က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

မနက် ၈ နာရီ ၄၀ မိနစ်လောက်က ကိုင်းတောမစာသင်ကျောင်းအနီးက ထွက်ခွာလာတဲ့ ရိက္ခာလာရှာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၅ ယောက်ခန့်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး မီတာ(၄၀)အကွာလောက်ကနေ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

“ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်လှန်ပစ်တာ နာရီဝက်လောက်တော့ကြာမယ်ဗျ။ ပစ်ခတ်ပြီးစီးတော့ နောက်ဆက်တွဲအခြေအနေတွေက ခုထိတော့စောင့်ကြည့်တုန်းပဲ” လို့ PPDF ရဲ့ တာ၀န်ရှိသူက CJ Platform ကိုပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး နေရာမှာပဲ သေဆုံးခဲ့တာကိုတွေ့မြင်ခဲ့ရသလို ဒဏ်ရာရရှိသူတွေလည်း ရှိနိုင်တယ်လို့သိရပြီး တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

 

“သူတို့ကိုစောင့်ပြီးတိုက်ခိုက်ခဲ့တာ။ ခုထိတော့ စစ်ကြောင်းပြန်ထိုးလာတာမရှိသေးဘူး။ ပြန်တော့ပစ်တယ်။ အကွဲကွဲအပြဲပြဲနဲ့ ဆုတ်ပြေးကြတာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

အဲဒီလုပ်ဆောင်မှုကို Pakokku People’s Defense Force(PPDF)၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ Pakokku Underground Force၊ မြိုင်ပကဖ တပ်ရင်း(၂)နဲ့ Justice Revolution Force တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ကိုင်းတောမစခန်းဟာ အာဏာသိမ်းပြီးချိန်မှစလို့ တော်လှန်ရေးတပ်ဖွဲ့‌တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက် မှုကိုခံခဲ့ရသလို ယခုနှစ် မတ်လ ၂၀ ရက်တုန်းကလည်း PPDF အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့ပါသေးတယ်။

 

မင်းထက်၊ တေဇာ

 

ဓာတ်ပုံ – Pakokku People’s Defense Force(PPDF)