ပါပူဝါနယူးဂီနီတွင် မြေပြိုမှုကြောင့် လူပေါင်း (၂၀၀၀) နီးပါး မြေအောက်တွင် မြုပ်နေပြီး လက်နဲ့ပေါက်တူးတွေကို အသုံးပြုပြီး တူးဖော်ကယ်တင်နေရ

Author အဂ္ဂ
Categories
Published on May 28, 2024

ပင်လယ်ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်တဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်အတွင်းက မြေပြိုမှုတွေ ကြီးကြီးမားမားဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း (၂၀၀၀) ထက်မနည်း မြေအောက်မှာ မြုပ်နေခဲ့တယ်လို့ နိုင်ငံရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်စင်တာရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

မြေပြိုမှုဟာ ပါပူဝါနယူးဂီနီ မြောက်ပိုင်းက တောတောင်ထူထပ်လှတဲ့ Enga ဒေသမှာ သောကြာနေ့ (မေ ၂၄ ရက်) က ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေတဲ့ လူဦးရေစာရင်းဟာ အစောပိုင်းမှန်းဆချက်တွေထက် သိသိသာသာ မြင့်တက်လာလျက်လည်း ရှိနေပါတယ်။

 

ဒေသခံပြည်သူတွေ နေအိမ်တွေထဲ အိပ်ပျော်နေခိုက်မှာ တန်နဲ့ချီတဲ့ကျောက်တုံးတွေနဲ့ ရွှံ့နွံတွေဟာ အိမ်တွေ အပေါ်ပြိုကျခဲ့တာကြောင့် ဒေသခံတွေဟာ ကျောက်တုံးနဲ့ ရွှံနွံတွေနဲ့ ရောထွေးပြီး နစ်မြုပ်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

 

အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့နေရာကို ကယ်ဆယ်ရေးသမားတွေ ရောက်နိုင်ဖို့ အခက်အခဲ အတားအဆီးတွေ အများကြီး ရှိနေတာကြောင့် ဒေသခံတွေဟာ ပြိုကျနေတဲ့ တောင်စောင်းတွေကို ရရာပစ္စည်းကိရိယာတွေနဲ့ တူးဆွဖို့ကလွဲလို့ အခြားရွေးချယ်စရာလည်း ရှိမနေခဲ့ပါဘူး။

 

သေကံမရောက်ခဲ့ကြတဲ့သူတွေက သူတို့ရဲ့ချစ်ရသူတွေ ဆုံးရှုံးလိုက်ရတဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ် အတွေ့အကြုံတွေကိုလည်း ပြန်ပြောင်း ပြောပြကြပါတယ်။

 

“ကျွန်မ အခုရပ်နေတဲ့ အပျက်အစီးတွေနဲ့ မြေဆီလွှာရဲ့ အောက်ထဲမှာ မြုပ်နေတဲ့ ကျွန်မရဲ့ မိသားစုဝင် (၁၈) ဦး ရှိပါတယ်၊ ရွာထဲမှာ ဆိုရင်လည်း ရေတွက်လို့တောင် မရနိုင်တဲ့ မိသားစုတွေလည်း မြေကြီးအောက်မှာ ရှိနေပါတယ်၊ ကျွန်မက ဒီနေရာရဲ့ မြေပိုင်ရှင်ပါ ဒါပေမဲ့ မြေကြီးအောက်က ရုပ်အလောင်းတွေကို ဖော်ပြီး မယူနိုင်တာကြောင့် ကူကယ်ရာမဲ့စွာနဲ့ပဲ ရပ်နေရပါတယ်” လို့ မြေပြိုမှုကြောင့် မိသားစုဝင် တစ်ဒါဇင်ကျော် ဆုံးရှုံးလိုက်ရတဲ့ Evit Kambu က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဒေသရဲ့ ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်သူ Miok Michael က အသက်ရှင်ကျန်ရစ်သူ အနည်းအကျဉ်းသာ ရှိတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

 

“ကျန်နေခဲ့တဲ့လူတွေဟာ စုဝေးနေကြပြီး ဝမ်းနည်းပူဆွေးမှုတွေနဲ့ ငိုနေကြရတာပါပဲ၊ မြေပြိုမှု စတဲ့နေ့ကတည်းက တူးဖော်တာတွေ လုပ်နေပေမယ့် ကျောက်တုံးတွေရက ကြီးလွန်းတာကြောင့် ရုပ်အလောင်းတွေ ဘယ်လိုမှ ဖော်လို့မရဘူး၊ ဒါတွေက စက်တွေနဲ့တူးမှပဲ အဆင်ပြေမှာပါ” လို့ သူကဆက်ပြောပါတယ်။

 

မြေပြိုမှုတွေ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကုလသမဂ္ဂ (UN) က လူပေါင်း (၁၀၀) သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပါပူဝါနယူးဂီနီ နိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂ လက်အောက်က ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ အကြီးအကဲဖြစ်သူရဲ့ ပြောကြားချက်ကို ကိုးကားပြီး သေဆုံးသူဦးရေကို (၆၇၀) အထိ ထပ်တိုးကာ ပြန်လည်ပြင်ဆင်‌ ဖော်ပြခဲ့ပါတယ်။

 

ဒါပေမဲ့ ပါပူဝါနယူးဂီနီရဲ့ သဘာဝဘေးအန္တရာယ် အေဂျင်စီရဲ့ နောက်ဆုံးခန့်မှန်းချက်အရ အဲ့ဒီကိန်းဂဏန်းတွေဟာ ကြီးကြီးမားမား လျှော့တွက်ထားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြေပြိုမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ဟာ အသက်ရှင်လျက် မြှုပ်နှံခံလိုက်ရပြီး  အဆောက်အဦတွေ၊  စားနပ်ရိက္ခာအတွက် ဥယျာဉ်တွေကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေခဲ့တာကြောင့် နိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိခဲ့ပါတယ်” လို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟိုဌာန ယာယီညွှန်ကြားရေးမှူး Lusete Laso Mana က ကုလသမဂ္ဂထံ ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

“မြေပြိုမှုဟာ ဖြည်းဖြည်းချင်း ဆက်လက်ရွေ့လျားနေတာကြောင့် အခြေအနေဟာ မတည်မငြိမ်ဖြစ်နေပြီး ကယ်ဆယ်ရေးသမားတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်၊ ဒါ့အပြင် မြေပြိုမှုကြောင့် အခင်းဖြစ်ပွားရာကို သွားနိုင်တဲ့ အမြန်လမ်းမကြီးကလည်း လုံးဝကို ပိတ်ဆို့သွားခဲ့ပါတယ်” လို့ သူကဆက်ပြောပါတယ်။

 

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ World Vision ရဲ့ ပါပူဝါနယူးဂီနီဆိုင်ရာ ဒါရိုက်တာဖြစ်သူ Chris Jensen က “ကူညီကယ်ဆယ်ရေး သမားတွေဟာ ထိခိုက်ပျက်စီးမှု အတိုင်းအတာပမာဏကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားကြပါတယ်”လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

“ဒီမြေပြိုမှုရဲ့ အတိုင်းအဆပမာဏဟာ အလွန်ကိုပဲ ကြီးမားပါတယ်၊ တော်တော်လည်း အံ့အားသင့်စရာ ကောင်းပါတယ်။ ညလယ်ကောင် အချိန်ကြီးမှာ တောင်ကြီးတစ်တောင်လုံးဟာ လူနေအိမ်အမြောက်အမြားပေါ်ကို ပြိုကျခဲ့တာလည်း ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်တဲ့ နောက်ထပ်ပြဿနာတွေ ကျွန်တော်တို့ ဖန်တီးလို့မရပါဘူး၊ ဒါကြောင့် အခုလက်ရှိ တုန့်ပြန်မှုပုံစံနဲ့ ပတ်သက်ပြီး တကယ်ကို သတိထားမှ ရမှာပါ။” လို့ Jensen ကဆိုပါတယ်။

 

အခြားသော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီတစ်ခုဖြစ်တဲ့ CARE International ရဲ့ ပါပူဝါနယူးဂီနီဆိုင်ရာ ဒါရိုက်တာဖြစ်တဲ့ Justine McMahon ကလည်း ရုပ်အလောင်း အနည်းအကျဉ်းလောက်ပဲ ပြန်လည်ရှာဖွေနိုင်သေးတာကြောင့် ဘယ်လောက်ထိ သေဆုံးခဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

 

“တာဝန်ရှိသူတွေဟာ နာရီနဲ့အမျှ အလွန်ကိုပဲ ထိထိရောက်ရောက်နဲ့ အလျင်အမြန်ပဲ တုန့်ပြန်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်၊ ဒါပေမဲ့ ထိခိုက်ပျက်စီးခဲ့ရတဲ့ အပျက်အစီးတွေနဲ့ ထိခိုက်နစ်နာခဲ့ရသူ ပမာဏတွေအရ ကူညီထောက်ပံ့ရေးအသိုင်းအဝိုင်းဆီကနေ ပိုမိုကျယ်ပြန့်တဲ့ အရင်းအမြစ်တွေ ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေပါသေးတယ်”လို့ McMahon က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

 

“ဒီကနေ့အတွက် အဓိကစိန်ခေါ်မှု တစ်ခုက မြေပြင်ရဲ့ အခြေအနေဟာ တည်ငြိမ်မှုမရှိနေတာပါပဲ၊ အိမ်တွေဟာ မြေကြီးအောက် ရှစ်မီတာ (၂၆ ပေ ကျော်) လောက်အထိ မြေကြီးအောက် နစ်မြုပ်ခဲ့တာကြောင့် တချို့ သူတွေကို တူးဖော်နိုင်ဖို့က ခက်ခဲနေဆဲဖြစ်ပါတယ်” လို့ သူမက ဖြည့်စွက်ပြောပါတယ်။

 

ကုလသမဂ္ဂရဲ့ IOM အဖွဲ့က Serhan Aktoprak က “မြေပြင်မှာ ရှိနေတဲ့ လူတွေဟာ တုတ်ချောင်းတွေ၊ ပေါက်ပြားတွေ၊ ကောက်ဆွတွေနဲ့ လက်တွေကိုပါ အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းကို တတ်နိုင်သမျှ လုပ်ဆောင်နေတယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

မြေပြိုမှုဟာ မြို့တော် Port Moresby ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ (၆၀၀) ( ၃၇၂ မိုင်ဝန်းကျင်) မှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ Kaokalam ရွာကို သောကြာနေ့ နံနက် ဒေသစံတော်ချိန် (၃) နာရီလောက်မှာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှု ဧရိယာပမာဏဟာ ဘောလုံးကွင်းလေးကွင်းစာလောက် ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။

 

Yambali ကျေးရွာထဲက အိမ်ခြေ (၁၅၀) ကျော်ဟာ မြေကြီးအောက် နစ်မြုပ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ (မေ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အဲ့ဒီနေရာဝန်းကျင်ဟာ ကျောက်တုံးတွေက ဆက်လက်ကျနေဆဲဖြစ်ပြီး မြေကြီးပေါ်ကို ဖိအားတွေ ပိုပိုပြီးသက်ရောက်နေစေတာကြောင့် အဲ့ဒီနေရာဟာ “အလွန်အမင်း အန္တရာယ်ရှိတဲ့ နေရာ” အဖြစ်သတ်မှတ်ထားတယ်လို့ တာဝန်ရှိသူတွေက ဆက်ပြောပါတယ်။

 

ပါပူဝါနယူးဂီနီနိုင်ငံမှာ လူဦးရေဆယ်သန်းကျော် နေထိုင်လျက်ရှိပြီး မြေပြိုမှုဖြစ်ပွားရာနေရာဟာ တောတောင်ထူထပ်ပြီး အခင်းဖြစ်ရာဆီသွားနိုင်မယ့် လမ်းကြောင်းရှားပါးတာကြောင့် ထိခိုက်ပျက်စီးရာ နေရာဆီဝင်ရောက်နိုင်ဖို့ အတော်လေးခက်ခဲလျက်လည်း ရှိပါတယ်။

 

Sydney တက္ကသိုလ် မြို့ပြအင်ဂျင်နီယာကျောင်းရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ Pierre Rognon က မြေပြိုမှုအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ဆိုတာ ကယ်ဆယ်ရေးသမားတွေ အတွက် တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ၊ မြေပြိုမှုဟာ အဆောက်အဦးတွေကို ပျက်စီးစေပြီး လူတွေကို အပျက်အစီးတွေရဲ့အောက် မီတာဒါဇင်ကျော်အထိကိုပဲ နစ်မြုပ်ပစ်လိုက်နိုင်ပါတယ် လို့ ဆိုပါတယ်။

 

“အခြေအနေတွေ ပိုဆိုးခဲ့မယ်ဆိုရင် လူတွေဟာ  အဆောက်အဦပျက်တွေကြားထဲမှာ မီတာရာနဲ့ချီတဲ့ အနက်အထိ ဖုံးအုပ်ခံရပြီး ပိတ်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ အသက်ရှင်ကျန်ရစ်သူတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာနဲ့  ပိတ်မိနေသူတွေကို ဘယ်ကနေစပြီး ရှာရမယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်ပါဘူး” လို့ သူကဆက်ပြောပါတယ်။

 

လက်ရှိအချိန်အထိ မြေပြိုမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိရသေးပါဘူး။  Adelaide တက္ကသိုလ်က ဘူမိဗေဒ ပါမောက္ခ Alan Collins ကတော့ အဲ့ဒီဒေသမှာ မိုးအများအပြားရွာသွန်းခဲ့တာကြောင့် မြေပြိုမှု ဖြစ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

“မြေပြိုမှုဟာ ငလျင်ကြောင့် ဖြစ်တယ်လို့ဆိုလို့မရပေမယ့် ငလျင်ပြတ်ရွေ့ကြောတွေအချင်းချင်း မကြာခဏ ပွတ်တိုက်မှုတွေ ဖြစ်တာကလည်း မတ်စောက်တဲ့ တောင်စောင်းတွေ၊ မြင့်မားတဲ့တောင်တွေကို မတည်မငြိမ် ဖြစ်စေတတ်ပါတယ်”လို့ Collins က ပြောပါတယ်။

 

မိုးရွာသွန်းမှုဟာ အောက်ခြေကျောက်သားထဲက သတ္ထုဓာတ်ပစ္စည်းတွေကို ပြောင်းလဲစေပြီး မတ်စောက်တဲ့ တောင်စောင်းတွေ ဖြစ်ပေါ်စေမယ့် ကျောက်သားတွေကိုလည်း အားနည်းသွာစေတတ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“သစ်ပင်တွေရဲ့ အမြစ်တွေဟာ မြေပြိုမှုကိုလျှော့ချကာ မြေပြင်အခြေအနေကို ပိုပြီးတည်ငြိမ်စေနိုင် တာကြောင့် ဒီလို ဇီဝစနစ်ကို ပျက်စီးစေတဲ့ သစ်တောပြုန်းတီးခြင်းက မြေပြိုမှုတွေကို ပိုပြီးဖြစ်စေပါတယ်၊ ”လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

 

“ဒီကိစ္စ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့ ရှာဖွေရမှာပါ၊ အဲ့ဒီအချိန်တုန်းက ငလျင်လှုပ်ခတ်မှု ကိစ္စမျိုး ကျွန်တော်တို့ သတင်းမရခဲ့ပေမယ့် ပါပူဝါနယူးဂီနီတခွင်မှာ မိုးတော်တော်လေးရွာသွန်းခဲ့ပြီး ပုံမှန် မဟုတ်တဲ့ ရာသီဥတု အခြေအနေတွေ အများကြီးရှိခဲ့ပါတယ်။” လို့ World Vision က Jensen က ပြောပါတယ်။

 

“တခြားပြည်နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေရှိတာကြောင့် စိန်ခေါ်မှုတွေ ပိုပြီးများပြားလာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အဲ့ဒီကိစ္စတွေကို အဖြေရှာနိုင်ဖို့ နောက်ထပ် လေ့လာအကဲဖြတ်မှုတွေ နဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို လုပ်ဆောင်သွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။

 

ဓာတ်ပုံ – AP