သာကေတနဲ့ လှိုင်သာယာမှာ ယာဉ်တိုက်မှုတွေကြောင့် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
ရန်ကုန်မြို့၊ သာကေတနဲ့ လှိုင်သာယာမြို့နယ်တွေမှာ မေလ ၂၅ နဲ့ ၂၆ ရက်တို့က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသား လေးဦး ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်အခြေစိုက် လှုမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်က လှိုင်သာယာမြို့နယ် ၃ ထိပ်မှတ်တိုင်အနီးမှာ ယာဉ်တစ်စီးက အမျိုးသားတစ်ဦးကို တိုက်ပြီးမောင်းပြေးလို့ သေဆုံးခဲ့ပြီး မေလ ၂၆ ရက် ညပိုင်း ဘီအိုစီအဝိုင်းမှာ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိလို့ အမျိုးသား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သွေးဒါနမျိူးဆက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
“၃ ထိပ်မှာက ဘယ်ကားက တိုက်သွားလဲတော့မသိဘူး။ မြင်လိုက်သူတွေပြောတာကတော့ အိမ်စီးကားလို့တော့ပြောတယ်ဗျ။ တိုက်ပြီးမောင်းပြေးသွားတာ နေရာမှာပဲ အတိုက်ခံရတဲ့အမျိူးသားက သေဆုံးသွားတယ်။ ဘီအိုစီအဝိုင်းကတော့ Hijet ကို လိုင်းကားကမျက်နှာချင်းဆိုင်တိုက်မိတာ နှစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မေလ ၂၆ ရက် ညနေပိုင်းက သာကေတမြို့နယ် ရှုခင်းသာပတ်လမ်း သိင်္ဂီလမ်းအနီးက နေအိမ်ထဲကို ကုန်တင်ကားတစ်စီး စလစ်ဖြစ်ပြီး ဝင်တိုက်တဲ့အတွက် အမျိုးသား နှစ်ဦး ဒဏ်ရာရသွားတယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မိုးရွာလို့ စလစ်ဖြစ်ပြီး အိမ်ထဲကိုဝင်တိုက်တာပါ။ ယာဉ်မောင်းနဲ့ ဘေးကထိုင်လိုက်တဲ့သူ ဒဏ်ရာရသွားတယ်။ အရမ်းတော့မပြင်းထန်ပါဘူး” လို့ သူက ပြောပါတယ်။
ရန်ကုန်မှာ အခုလပိုင်းတွေမှာ ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးတာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာပါ။
မေလ ၁၄ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးနှစ်ဦးကို YBS 131 က ကြိတ်မိတဲ့အတွက် သေဆုံးခဲ့ပြီး မေလ ၁၅ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးပေါ်မှာ တွဲကားက ဘေးတွဲဆိုင်ကယ်သမားကို ကြိတ်မိလို့ သေဆုံးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း