နိုင်ငံခြားငွေရောင်းဝယ်သူတွေကို စစ်ကောင်စီ စဖမ်းသော်လည်း ဈေးမကျဘဲ ဆက်လက်မြင့်တက်

Author ကိုထားဝယ်
Categories
Published on May 27, 2024

အမေရိကန်တစ်ဒေါ်လာ ၄၂၀၀ ကျပ်အထိ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်သွားပြီးနောက် နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်တယ်ဆိုပြီး ဖေ့ဘွတ်ခ်နဲ့ အင်တာနက်ဝက်ဘ်ဆိုက်က ဆက်စပ်သူတွေကို စစ်ကောင်စီဗဟိုဘဏ်က ဖမ်းဆီးအရေးယူတာတွေ မနေ့က စတင်ပြုလုပ်လာခဲ့ပါတယ်။

 

ဖေ့ဘွတ်ခ်နဲ့ လူမှုကွန်ရက် ၁၆ ခုက ဆက်စပ်သူတွေကို ဗဟိုဘဏ်ရဲ့ တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ဆောင်တယ်ဆိုပြီး အဲဒီလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့ လူတွေကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ ဒီနေ့ မေ ၂၇ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်လာပါတယ်။

 

အဲဒီ နိုင်ငံခြားငွေရောင်းဝယ်ရေး အွန်လိုင်းအကောင့်တွေကတော့ ငွေဈေးနှုန်းနှင့် ငွေလွှဲဆိုင်၊ Moe Latt၊ Si Thu & bro များ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာရောင်းဝယ်၊ December Snow၊ June Lin Htet Naing၊ Htet Yan Money Exchange၊ Global Value Services-GVS Money Exchange and Transfer၊ Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith (Facebook Page)၊ Nay Myo Htet (Facebook Page)၊ Gold Market Myanmar (Facebook Page)နဲ့ Ye Mon၊ Naing Lu တို့ဖြစ်တယ်လို့ သိရပါတယ်။

 

အများစုဟာ ငွေအလွှဲအပြောင်းလုပ်ကြတဲ့လုပ်ငန်းတွေဖြစ်ပြီး ဒေါ်လာတိုက်ရိုက်ရောင်းဝယ်သူတွေနဲ့ ရွှေအရောင်းအဝယ်လုပ်သူတွေဖြစ်ကြပါတယ်။

 

သူတို့ကို တရားမဝင်နိုင်ငံခြားငွေများရောင်းဝယ်ပြီး ငွေဈေးကစားနေသူတွေလို့ စစ်ကောင်စီဗဟိုဘဏ်က တံဆိပ်ကပ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နဲ့ ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ပါ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဆက်လက်ပြီးတော့လည်း အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုထားပါသေးတယ်။

 

ဒီလိုဖမ်းဆီးမှုတွေကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကျဆင်းခြင်းမရှိဘဲ မနေ့ကထက် ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ်။

 

ငွေကြေးဈေးကွက်ထဲ မနေ့ကနဲ့နှိုင်းယှဉ်ပါက အမေရိကန်တစ်ဒေါ်လာ ၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၂ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၇၂ ကျပ်၊ တရုတ်တစ်ယွမ်ကို ၄ ကျပ်နဲ့ ဂျပန်တစ်ယန်းကို ၁ ကျပ်ကျော်တက်လာတယ်လို့ သိရပါတယ်။

 

ဒီနေ့ မေလ ၂၇ ရက်နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၂၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၀၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၆ ကျပ်ကျော်၊ တရုတ်တစ်ယွမ် ၅၇၉ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၉၅၇ ကျပ်နဲ့ ဂျပန်တစ်ယန်းကို ၂၇ ကျပ်ကျော်အထိရှိတယ်လို့ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်