မြစ်ကြီးနားထောင်မှာ ဆန္ဒပြတယ်ဆိုပြီး နိုင်ကျဉ်းအပါအဝင် ၁၃ ဦးကို ထပ်တိုးထောင်ဒဏ်ချမှတ်တဲ့အပြင် တိုက်ပိတ်၊ ထောင်ဝင်စာပို့ခွင့်ပိတ်ခံရ

Author လဂွန်းအိမ်
Categories
Published on May 27, 2024

မြစ်ကြီးနားအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်တွင်းဆန္ဒပြမှုမှာပါဝင်တယ်ဆိုပြီး ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဆီကနေ သိရပါတယ်။

 

ဧပြီလ ၂၉ ရက်က ချမှတ်ခဲ့တဲ့ တစ်ဦးကို ထပ်တိုးပြစ်ဒဏ် သုံးနှစ်ခွဲ ချမှတ်တာဟာ ဧပြီလ ၁၈ ရက်ကဖြစ်ခဲ့တဲ့ မြစ်ကြီးနားအကျဉ်းထောင်အတွင်း စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တန်းတူညီမျှမရှိမှုအပေါ် တောင်းဆိုဆန္ဒပြခဲ့လို့ ချမှတ်ခံရတာလို့ သိရပါတယ်။

 

အခုအမိန့်ချခံလိုက်ရတဲ့ အကျဉ်းသားတွေဟာ ဘယ်ပုဒ်မနဲ့ တရားစွဲထားတယ်ဆိုတာကို မသိရဘဲ အမိန့်ချခါနီး နှစ်ရက်အလိုမှာ ထောင်ပြင်ပတရားရုံးကို တရားရုံးလူရှင်းချိန် တိတ်တဆိတ် ခေါ်ဆောင်ပြီး နှစ်ရက်အတွင်း အမိန့်ချခဲ့တာဖြစ်တယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

“လက်ရှိ ရထားတဲ့ အချက်အလက်အရ နိုင်ကျဉ်း ငါးဦးပေါ့။ လုံခြုံရေးတင်းကြပ်ထားတော့ သတင်းရရှိဖို့က မလွယ်ကူခဲ့ဘူး။ အခြားအကျဉ်းသားတွေကတော့ ဆေးမှု၊ လူသတ်မှုနဲ့ကျထားသူတွေပါတာသိရပါတယ်” လို့  ၎င်းက CJ Platform ကိုပြောပါတယ်။

 

ထောင်တွင်းဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊ ၆၆(ဃ) တို့နဲ့ ထောင်ဒဏ် (၃ နှစ်နဲ့ ၆လ) ထပ်တိုး အမိန့်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၃ ဦးဟာ တိုက်ပိတ်ပြစ်ဒဏ်ခံရတဲ့အပြင် မိသားစုရဲ့ ထောင်ဝင်စာပါဆယ်ပေးပို့မှုကိုလည်း ပိတ်ခံထားရတယ်လို့လည်း သူက ဆိုပါတယ်။

 

မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီလ ၁၈ရက် ဆန္ဒပြဖြစ်စဉ်အတွင်း ဗဟိုကင်း၊ မျှော်စင် (၃) နဲ့ (၄) တို့က သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားအင်အား ၇၀ ဦး လောက်ပါဝင်ခဲ့တယ်လို့ သိရှိရတဲ့အပြင် အဲဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် လေးဦး သေဆုံးသလို ၁၅ ဦးဒဏ်ရာရှိခဲ့ပါတယ်။ အကျဉ်းထောင်အရာရှိ နှစ်ဦးနဲ့ ဝန်ထမ်း ငါးဦးကို ဧပြီလ ၂၄ ရက်က စစ်ကောင်စီက အရေးယူထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PPNM