“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” ( မေ ၁၉ရက် မှ ၂၅ရက်အထိ)

Published on May 25, 2024

ဒီအပတ်( မေ ၁၉ရက် မှ ၂၅ရက်အထိ)အတွင်း နိုင်ငံအနှံအပြား စစ်ရေးအခြေအနေတွေကလည်း သူဒေသနဲ့သူ အားကောင်းနေသလို စစ်အင်အားလျော့နည်းလာတဲ့ စစ်ကောင်စီဟာ တပ်သားသစ်ရရှိဖို့အရေး မူးယစ်ဆေးဝါး အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစုဆောင်းမှုတွေ အတင်းကြပ်လုပ်နေတာလည်း ရှိပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platformရဲ့ တစ်ပတ်စာ သတင်းကောက် နုတ်ချက်ကတော့ ” မနောမြေက စစ်ရေးဒုတိယလှိုင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကချင်ပြည် မြစ်ကြီးနားမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်ထန်ခဲ့ပြီး ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ကို KIAနဲ့ပူပေါင်းတပ်တွေကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့ အကြောင်းတွေ အပါအဝင် ” သာသနာပြုမင်းတဲ့လား…” လှိုင်သာယာမြို့နယ်က ကျွန်းကြီးရွာက ဘုရားဆင်းတုတော်နဲ့ အိမ်တွေကို စစ်ကောင်စီက ဘူဒိုဇာနဲ့ထိုးဖျက်တဲ့အကြောင်း၊ “သင်သွားလိုရာသွားနိုင်ပြီ…ဝိုင်းကျော်” ဟားငါးကောင် အဖွဲ့ထဲက လူရွှင်တော်ဝိုင်းကျော်ကွယ်လွန်သွားခဲ့တဲ့အကြောင်းနဲ့ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်လိုက်တဲ့အခြေအနေ၊ ဗုဒ္ဓနေ့ကိုဖြတ်သန်းတဲ့ နိုင်ငံတွေရဲ့အကြောင်းအပြင် စစ်ကောင်စီနဲ့ အကျိုးတူစီးပွားရေးလုပ်နေတဲ့ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆာင်စောချစ်သူလုပ်ငန်းတွေ ဖွင့်ချခံလိုက်ရတဲ့အခြေအနေနဲ့ မြစ်ဆုံကို စစ်ကောင်စီဘာကြောင့် ပြန်စချင်တာလဲဆိုတဲ့  တစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“မနောမြေက စစ်ရေး ဒုတိယလှိုင်း”

 

KIA က မေလ (၄)ရက်မှာ စစ်ဆင်ရေး ဒုတိယလှိုင်းကို ပြန်စတင်ခဲ့ပြီး စခန်းကြီးစခန်းငယ်ပေါင်း တော်တော်များများ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

မတ်လ ၇ ရက်ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေး ၂နှစ်ကျော်အတွင်း စခန်းကြီး/ငယ် တစ်ရာကျော်နဲ့ မြို့ ၆မြို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးအရှိန် မြင့်တက်နေဆဲ ဖြစ်သလို မြို့တော် မြစ်ကြီနားရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် တစ်လျှောက်လုံးမှာလည်း စစ်ရေးပြင်းထန် နေခဲ့ပြီး ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက် ည ၈နာရီ ဝန်းကျင်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်ကနေ လိုင်ဇာမြို့အနီးတစ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါတယ်။

 

ရွှေညောင်ပင်တပ်ရင်းဌာနချုပ်ကို KIA က မေလ ၁၈ ရက်မှာ ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး လေးရက်မြောက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၇)ရက်မှာ ပထမအကြိမ် တိုက်ခိုက်ခဲ့ပေမယ့် သိမ်းဆည်းနိုင်မှုမရှိဘဲ တပ်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ရွှေညောင်ပင်တပ်ရင်းဟာ ဝိုင်းမော်မြို့နယ်ထဲမှာ ဗျူဟာမြောက်တပ်စခန်းအကြီးဖြစ်သလို ဝိုင်းမော်မြို့အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။

 

အဲဒီတိုက်ပွဲကာလအတွင်း မြစ်ကြီးနား ဇီးကျွန်းကနေ ဝိုင်းမော်ဘက်ကို လက်နက်ကြီးပစ်ခတ် မှုတွေလုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုမှာ နှစ်ရက်အတွင်း ထိခိုက်သေဆုံးသူ အရပ်သား ‌၂၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

 

ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် မြစ်ကြီးနားမြို့ပေါ်ကို စစ်ဘေးတိမ်း ရှောင်သူအများအပြားရှိခဲ့ပြီး မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေ တိုးမြှင့်ထားသလို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

****************************************

 

“သာသနာပြုမင်းတဲ့လား…”

 

မန္တလေး ကျုံးဘေးမှာ ကဆုန်လပြည်နေ့က သံဃာတော်တွေ အများအပြားကို ဆွမ်းလောင်းလှူပွဲကြီး တခမ်းတနား အကြီးကျယ်လုပ်ခဲ့သလို နေပြည်တော်မှာလည်း ဘုရားအကြီးကြီးတည်ခဲ့ပြီး သာသနာပြုမင်းလို့ခံယူတဲ့ စစ်ကောင်စီဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း အပြင်ပဒံရပ်ကွက် အနော်ရထာစက်မှုဇုန် အပိုင်း (၂)မှာပါဝင်တဲ့ ကျွန်းကြီးကျေးရွာက အိမ်ခြေ ၃၀၀ ကျော်နဲ့ ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးကို ကျူးကျော်လို့ဆိုပြီး မေ ၂၄ ရက်မှာ စစ်တပ်က ဖြိုချဖျက်ဆီးလိုက်တယ်လို့ ခေတ်သစ်သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အေးငြိမ်းချမ်းသာဘုရားကြီးကို မဖျက်ဆီးဖို့ အရှင်ဘန္ဒန္တမေဓီယဝံသက တောင်းပန်ခဲ့ပေမယ့်  စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေက ဘုရားကြီးဦးခေါင်းတော်မှစပြီး ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့သလို ပြည်သူ့နေအိမ်တွေကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆင်းပြေးခဲ့ရတယ် လို့  သိရပါတယ်။

 

“လမ်းနယ်ကျူး ကျော်တဲ ၁၆ လုံးပဲ ဖျက်မယ်ဆိုပြီး ကျွန်းကြီး တစ်ရွာလုံးကို ဝင်ဖျက်တာပါ။ အုပ်ချုပ်ရေးမှုးထွန်းနိုင်ဦးနဲ့ စစ်တပ်၊ ရဲ၊ စည်ပင်၊ လူမိုက်တွေအင်အားသုံးပြီး တစ်ရွာလုံးဖျက်ဆီး သွားပါတယ်”လို့ ကျွန်းကြီးကျေးရွာက နေအိမ်အဖျက်ခံရသူတစ်ဦးက ခေတ်သစ်သတင်းဌာနကို ပြောဆိုထားတာတွေ့ရပါတယ်။

 

စစ်ကောင်စီရဲ့ ဖျက်ဆီးမှုကြောင့် လှိုင်သာယာမြို့နယ်အနောက်ပိုင်း အပြင်ပဒံရပ်ကွက် ကျွန်းကြီးကျေးရွာက အိမ်ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

****************************************

 

“သင်သွားလိုရာသွားနိုင်ပြီ…ဝိုင်းကျော်”

 

နွေဦးတော်လှန်ရေးအတွင်းမှာ စစ်ကောင်စီကို အနုပညာအလုပ်တွေလုပ်ရင်း တော်လှန်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ထဲက လူရွှင်တော်ဝိုင်းကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း မေလ ၂၂ ရက် မနက် ၁၁နာရီလောက်က ကွယ်လွန်သွားခဲ့ပါတယ်။

 

သူကွယ်လွန်ချိန်မှာ အသက်(၃၈)နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားနှစ်ယောက်ကျန်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းကျော်ရဲ့ရုပ်ခန္ဓာကို မေ ၂၄ရက် နေ့လယ် ၁၂နာရီခွဲမှာ မဲဆောက်မြို့ ကျောင်းကြီးဘုန်းတော်ကြီး ကျောင်းကနေ ဝပ်မုတ်ကထန်သုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။

 

ဝိုင်းကျော်ရဲ့ နာရေးအခမ်းအနားကို ကဏ္ဍအသီးသီးက အနုပညာအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးနယ်ပယ်က တော်လှန်ရေးအင်အားစုတွေအပြင် မဲဆောက်မှာရှိတဲ့ သူရဲ့ပရိတ်သတ်တွေကလည်း တခဲနက် လာရောက်လိုက်ပါပို့ဆောင် ပေးကြပါတယ်။

 

ဟားငါးကောင်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၁နှစ်က ပြုလုပ်ခဲ့တဲ့ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီလုပ်ငန်းရဲ့ လူရွှင်တော်ရွှေဖလားအစီအစဉ်ကနေ နာမည်ကျော်လူသိများလာခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဝင်တွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ပါဝင်ခဲ့ရာ စစ်တပ်က လိုက်လံဖမ်းဆီးတဲ့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ သွားရောက်ခိုလှုံခဲ့ပါတယ်။

 

လွတ်မြောက်နယ်မြေမှာ ခိုလှုံရင်း ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဟာ တော်လှန်ရေးအတွက် အငြိမ့်ကတာတွေ၊ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးတာတွေပြုလုပ်ပြီး စစ်အာဏာရှင်ကို တွန်းလှန်နေကြတာပါ။

****************************************

 

“တွန်းဇံ Sold Oud”

 

မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက မေ(၁၅)ရက်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခြောက်ရက်အကြာ မေ(၂၁)ရက်မှာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ သိရပါတယ်။

 

လက်ရှိမှာ မြို့ပြင်ကို ထွက်ပြေးတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက လိုက်လံတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ချင်းတော်လှန်ရေးတပ်တွေက မေ(၁၅)ရက်က စတင်ပြီး တွန်းဇံနဲ့ ကျီခါးမြို့ကို မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲ ဆင်နွဲနေတာဖြစ်ပြီး ကျီခါးမြို့ကို မေလ(၂၀)ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ခြောက်ရက်ကြာ တွန်းဇံမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ(၂၀)ဦးလောက်နဲ့ လက်နက်ခဲယမ်းတချို့  သိမ်းဆည်းရရှိထားပြီး တော်လှန်ရေးရဲဘော်လေးဦး ကျဆုံးခဲ့သလို (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တွန်းဇံမြို့လုံးကျွတ်နီးပါးနဲ့ မြို့အနီးနားပတ်လည် ကျေးရွာ(၃၀) ကျော်က ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

 

ချင်းပြည်နယ်မှာ မြို့တော်ဟားခါး အပါအဝင် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝမြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ်ရှိပြီး အဲ့ဒီထဲက တွန်းဇံ၊ ထန်တလန်နဲ့ ပလက်ဝ မြို့သုံးမြို့ကို ချင်းတော်လှန်ရေး တပ်တွေနဲ့ အာရက္ခတပ်တော် (AA)တို့က တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

****************************************

 

“ဗုဒ္ဓနေ့အကြောင်း တစေ့တစ်စောင်း”

 

မေလ ၂၃ ရက်က ကျရောက်တဲ့ ဗုဒ္ဓနေ့ကို ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေလိုပဲ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာ သမ္မတအိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်က အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်နေရာတွေမှာ ဗုဒ္ဓနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

 

ကမ္ဘာတဝန်း ဗုဒ္ဓနေ့ဆင်နွဲကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတ ကတော်တို့က နွေးထွေးစွာ နှုတ်ခွန်းဆက်ပါတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဗုဒ္ဓနေ့မှာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမတွေကို ပြန်လည်ဆင်ခြင်သုံး သပ်ကြဖို့အချိန်ဖြစ်တယ်လို့လည်း သမ္မတ Biden ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ အရင်က ဗုဒ္ဓနေ့ကို ဘာသာရေး အခမ်းအနားတစ်ခုအနေနဲ့ သမ္မတ အိမ်ဖြူတော်မှာသာ ကျင်းပပြီး အစိုးရ အရာရှိတွေနဲ့ အစိုးရ အသိုင်းအဝိုင်းက လူတွေပဲ အဓိကတက် ရောက်ကြပေမဲ့၊ ဒီနှစ်မှာတော့ အများပြည်သူတွေပါ ပါဝင်ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပြီး အိမ်ဖြူတော် အခမ်းအနား အပြင် ဝါရှင်တန်မြို့တော်က လွတ်လပ်ရေး ကျောက်တိုင်ကြီးရှေ့မှာ ပထမဆုံးအကြိမ် စုဝေး ကျင်းပကြတာပါ။

 

ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေ သာမက ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေပါ တက်ရောက်ပြီး ငြိမ်းချမ်းရေး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို မေလ ၂၃ ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ မြန်မာ ဗုဒ္ဓဘာသာ မိသားစုတွေလည်း ဒီနှစ် ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ကို ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

 

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာတော့ ဗုဒ္ဓနေ့ကို လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် သမ္မတ တာဝန်စယူတဲ့ ၂၀၂၁ ခုနှစ်ကစပြီး နှစ်စဥ် ကျင်းပလာခဲ့တာ ဒီအကြိမ်ရောဆိုရင်  လေးကြိမ်မြောက်ဖြစ်ပါတယ်။

 

ဗုဒ္ဓနေ့အခမ်းအနားမှာ မြန်မာ ၊ သီရိလင်္ကာ၊ ထိုင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေအပါအဝင် တခြား ဗုဒ္ဓဘာသာဝင်နိုင်ငံအတော်များများက သံဃာတော်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

 

မြန်မာနိုင်ငံမှာတော့ မေလ ၂၂ ရက်  ဗုဒ္ဓဟူးနေ့ဟာ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့ဖြစ်ပါတယ်။ မြန်မာနဲ့ အိန္ဒိယအပါအဝင် အာရှတိုက်ထဲက ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ ဂေါတမမြတ်စွာဘုရားပွင့်တဲ့နေ့ကို အသီးသီး ကျင်းပကြတာမှာ နိုင်ငံတစ်ခုနဲ့တစ်ခု ကျင်းပတဲ့ရက်အနည်းငယ် ကွာခြားပါတယ်။

 

အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗာရာဏသီ နဲ့ ဂါယာမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ ဘီဟားပြည်နယ်၊ ဗုဒ္ဓဂါယာမှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ဘုရားပွင့်ရာနေရာကို စီတန်းလမ်းလျှောက် သွားရောက်ခဲ့ကြပါတယ်။

****************************************

 

“စောချစ်သူ အထုပ်ကိုဖြည်လိုက်တဲ့ JFM”

 

နိုင်ငံတဝန်း စစ်ကောင်စီနဲ့ လက်တွဲပြီး ကရင် BGF/KNA ရဲ့ ရာဇဝတ်စီးပွားရေးလုပ်ငန်းတွေအတွက် ခေါင်းဆောင် ဗိုလ်မှူးစောချစ်သူနဲ့ မိသားစုဝင်တွေ တာဝန်ခံရမယ်လို့ Justice For Myanmar-JFM ရဲ့  မေလ ၂၂ ရက်မှာ ထုတ်ပြန်လာတဲ့ အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ကရင်ပြည်ထဲ ရာဇဝတ်စီးပွား ကွန်ရက်တစ်ခု တည်ဆောက်ပြီး တရားမဝင်ကုန်သွယ်မှု၊ ရာဇဝတ်ခရီးသွားလုပ်ငန်းပုံစံတွေ၊ သတ္တုတူးဖော်ရေး၊ နိုင်ငံတကာနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာတွေမှာ စောချစ်သူ(ခ)စံမြင့်ရဲ့ BGF နာမည်ပြောင်း ကရင်အမျိုးသားတပ်(KNA)က ပါဝင်ပတ်သက်နေတဲ့အပေါ် JFM က ထည့်သွင်းပြောဆိုခဲ့တာပါ။

 

JFM ဟာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိတဲ့ BGF/KNA ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူရဲ့ ရာဇဝတ်စီးပွားကွန်ရက်ကို သုတေသနဆန်းစစ်ချက်ပြုလုပ်ပြီး အပိုင်းလေးပိုင်းနဲ့ စုံစမ်းဖော်ထုတ်ခဲ့တာပါ။

 

ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ ရာဇဝတ်စီးပွားရေးတွေ လုပ်ဆောင်နေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်ဥပဒေ ချိုးဖောက်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ဆက်လက်ပါဝင်ပတ်သက်မှုတွေရှိနေပေမဲ့ BGF/KNA တပ်က လူပုဂ္ဂိုလ်နှစ်ဦးနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးကိုသာ ယူကေတစ်နိုင်ငံတည်းက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

 

ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ ကရင် BGF/KNA တပ်၊ စံမြင့်(စောချစ်သူ)နဲ့ သူ့ရဲ့မိသားစုအပါအဝင် အဲဒီအဖွဲ့အစည်းရဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကွန်ရက်အပေါ် တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမြန်ဆုံးချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

****************************************

 

 

“မြစ်ဆုံနဂါး ဘယ်သူလှုပ်နှိုးတာလဲ…”

 

ကချင်ဒေသမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဆယ်စုနှစ်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်း စတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းတယ်လို့ မေလ ၁၇ရက်မှာ ထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီဘက်က အဲ့ဒီလိုထုတ်ပြန်လိုက်တာဟာ  လက်ရှိ ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန် မြင့်တက်နေပြီး စစ်တပ်ဘက်က စစ်ရေးမှာရှုံးပွဲမလှ ရှုံးနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကြီးကိုအကြောင်းပြပြီး ပြည်သူတွေကို အာရုံလွှဲတာဖြစ်နိုင်သလို တစ်ဖက်မှာ တရုတ်ရဲ့အကူညီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြောင်းဖြစ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။

 

မြန်မာနိုင်ငံတစ်ဝှမ်းပြည်သူအားလုံးရဲ့ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာ ခုဆိုရင် ၁၃ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက မေခမြစ်နဲ့ မလိခမြစ်နှစ်ခုဆုံရာနေရာမှာတည်ဆောက်ဖို့ ပြင်ဆင်နေကြတဲ့ မြစ်ဆုံစီမံကိန်းဟာ မေခမြစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ဆည်ကြီး ငါးခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ–မေခ မြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ လေးမိုင်ကွာတဲ့ နေရာမှာတစ်ခု စုစုပေါင်းဆည် ခုနစ်ခု တည်ဆောက်ဖို့ လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံက တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္မဏီ (China Power Investment – CPI) CPI တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံအပြင် အခြားကမ္ဘာတစ်ဝှမ်းမှာ ရေကာတာကျိုးပေါက်မှုကြောင့် အန္တရာယ်ဆိုးဆိုးဝါးဝါး ကြုံတွေ့ခံစားရတဲ့ ဖြစ်စဉ်မြောက်များစွာက သက်သေပြနေတာကြောင့် ဧရာ၀တီမြစ်ကို တရုတ်ထံ ရောင်းစားဖို့ ဒီမြစ်ဆုံစီမံကိန်းကြီးကို ပြည်သူအားလုံးလက်တွဲပြီး ဘယ်အခြေအနေပဲရောက်နေပါစေ အပြင်းအထန်ကန့်ကွက်သင့်တယ်လို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ ထောက်ပြထား ပါတယ်။

 

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောမြစ်ဖြစ်သလို သန်းနဲ့ချီတဲ့ပြည်သူတွေ မှီခိုနေကြ တာလည်းဖြစ်ပြီး ဒီလိုမြစ်ကြီးတွေကို မထိန်းသိမ်း မစောင့်ရှောက်ရင် တိုင်းပြည်ဟာ ဆင်းရဲမွဲတေမှု ကနေ မလွတ်မြောက်နိုင်ဘူးလို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေက ပြောပါတယ်။

 

ဒါကြောင့် လက်ရှိ စစ်တပ်အနေနဲ့တစ်ဖန်ပြန်စတင်လာနေတဲ့ မြစ်ဆုံစီမံကိန်းဟာ ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်သလို ပြည်သူတွေအနေနဲ့လည်း စစ်ရေး၊နိုင်ငံရေးနဲ့လည်း ထွေပြားသွားမှာမဟုတ်ဘူးလို့ မြစ်ဆုံဒေသခံတွေက ကချင်သတင်းဌာနတွေကို ပြောထားတာ တွေ့ရတယ်။