ဦးဝါသဝ စစ်ကြောင်း တန့်ဆည်က ရွာတွေကို ဝင်ရောက် မွှေနှောက်နေလို့ ဒေသခံတွေထွက်ပြေး

Published on May 23, 2024

စစ်ကောင်စီ ဘုန်းကြီး ဦးဝါသဝရဲ့ လက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ သာဂလနဲ့ သာဂရ ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲပြီး မွှေနှောက်နေလို့ အဲဒီရွာတွေအပါအဝင် အနီးကျေးရွာက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီက ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကတည်းက ဝင်ရောက်နေတဲ့ စစ်ကောင်စီ၊ ပျူ(ပြည်သူ့စစ်) အင်အား ၁၀ဝ ခန့်ပါ ပူးပေါင်းစစ်ကြောင်းဟာ မနေ့ မေလ ၂၃ ရက်အထိ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ကန့်ဘလူနယ်ဘက်က ဆင်းလာတဲ့ ဘုန်းကြီး ဦးဝါသဝရဲ့ ပူးပေါင်းတပ်ဟာ မြောက်အင်းကျေးရွာကနေ သာဂရကျေးရွာသို့ စတင်ဝင်ရောက်လာခဲ့ပြီး နံနက် ၁၀ နာရီလောက်မှာ သာဂရကျေးရွာက နေအိမ် ရှစ်လုံးခန့်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“သူတို့(စစ်ကောင်စီ)က လှုပ်လှုပ်လှုပ်လှုပ်ဆိုတည်းက ရွာကလူတွေက ပြေးကြတာပေါ့။ လူတွေတော့ အထိအခိုက်မရှိပါဘူး။ ပစ္စည်းတွေတော့ အကုန်မသယ်ခဲ့နိုင်ဘူးပေါ့။ မီးက ၁၀(နာရီ)ခွဲ၊ ၁၁(နာရီ)လောက်က စရှို့တာ” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ သာဂရကျေးရွာထဲကို ဝင်ရောက်မလာခင် မနက် ၉ နာရီခန့်မှာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီက ဒေသခံတွေက ဆိုပါတယ်။

 

“မလာခင်ကတည်းက မနက် ၉ နာရီမထိုးခင်က ကြိုပစ်နေတာ။ ခဏခဏ ပစ်တယ်။ အဲဒီလိုပဲ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒရုန်းတွေမှာလည်း ဗုံးသီးတွေတပ်ပြီးကြဲတယ်” လို့ အထက်ပါဒေသခံအမျိုးသားက ပြောပါတယ်။

 

မေလ ၂၃ ရက်နေ့အထိ စစ်ကောင်စီပူးပေါင်းတပ်တွေရှိနေဆဲဖြစ်လို့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တာကြောင့် အပျက်အစီးအဆုံးအရှုံးစာရင်းကို အတိအကျမသိနိုင်သေးဘူးလို့ သိရပါတယ်။

 

သာဂရနဲ့ သာဂလရွာတွေဟာ ရွာချင်းဆက်စပ်နေတဲ့ ကျေးရွာတွေဖြစ်ပြီး အိမ်ခြေပေါင်း ၄၃၅ လုံးရှိတဲ့အထဲမှ အခုအကြိမ် မီးရှို့ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ကလည်း အိမ်ခြေ ၁၉၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ၂၀၂၂ ခုနှစ် ဇွန်လက သာဂရကျေးရွာ မီးရှို့ခံခဲ့ရစဉ်(ပုံဟောင်း)