စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း အရပ်သား ၆၅ ဦးသေဆုံးလို့ AAPP စာရင်းဆို

Author ကိုထားဝယ်
Categories
Published on May 22, 2024

စစ်ကောင်စီက အာဏာသိမ်းထားတာ ရက်ပေါင်း ၁၂၀၆ ရက်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားသေဆုံးသူ စုစုပေါင်း ၅၁၂၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းအရ သိရပါတယ်။

 

အဲဒီမှာ ပြီးခဲ့တဲ့ အာဏာသိမ်းရက် ၁၂၀၀ ပြည့်ခဲ့တဲ့ မေလ ၁၅ ရက်ကနေ မနေ့ မေလ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း အရပ်သားသေဆုံးသူ ၆၅ ဦးအထိမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အဲဒီတစ်ပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူဟာလည်း ၂၉ ဦးတိုးခဲ့သလို အကျဉ်းချခံရသူဦးရေက ၈ ဦးတိုးလာခဲ့တယ်လို့ AAPP စာရင်းကို CJ Platform သတင်းဌာနက တွက်ချက်မှုအရ သိရပါတယ်။

 

မနေ့ မေလ ၂၁ ရက် အာဏာသိမ်း ၁၂၀၆ ရက်အထိ သေဆုံးသူ ၅၁၂၈ ဦးအပြင် AAPP က အတည်မပြုနိုင်သေးတဲ့ အရပ်သားသေဆုံးသူ ၁၈၀၀ ဦးလည်းရှိနေပါသေးတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်း ၂၆,၇၁၂ ဦး၊ ထိုအထဲမှ ၂၀,၄၇၇ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သလို ၉၀၀၅ ဦး အကျဉ်းချခံထားရတယ်လို့ AAPP ဆီက သိရပါတယ်။

 

လက်ရှိ စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းထားတာ ဒီနေ့ မေ ၂၂ ရက်ဆိုရင် ၁၂၀၇ ရက်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – AAPP