ရန်ကုန်လူထုသပိတ်မှ ဖမ်းဆီးခံရဲဘော်များကိုအသုံးချကာ အလှူငွေလိမ်လည်ကောက်ခံမှုများရှိနေ ဟုဆို

Author လင်းခိုင်
Categories
Published on Sep 30, 2022

ဖမ်းဆီးခံရဲဘော်များကို အသုံးချကာ အလှူငွေလိမ်လည်ကောက်ခံမှုများရှိနေကြောင်း ရန်ကုန်လူထုသပိတ်က ယနေ့ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ဖမ်းစီခံထားရသည့် ရဲဘော်များ ခုတုံးလုပ်ကာ ရန်ကုန်လူထုသပိတ်နာမည်ကို အသုံးပြုပြီး ပုဂ္ဂိုလ်ရေးအရ အလှူခံမှုများရှိနေကြောင်း ဖော်ပြထားသည်။

ရန်ကုန်လူထုသပိတ်အနေဖြင့် မတ်ဆင်ဂျာ၊ လူမှုကွန်ယက်များမှတဆင့် မည်သူတစ်ဦးတစ်ယောင်စီမှ အလှူငွေအနည်းအကျဥ်းမျှ ကောက်ခံထားခြင်းမရှိကြောင်း၊ တော်လှန်ရေးအပေါ် သစ္စာစောင့်သိပြီး ပြည်သူလူထုနှင့်အတူ တော်လှန်ရေးနည်းနာမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်ထိ တွန်းလှန်နေသော အဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ရန်ကုန်လူထုသပိတ်ကို အသုံးပြုပြီးလိမ်လည်အလှူခံနေခြင်းသည် ပြည်သူလူထုယုံကြည်မှုကို အခွင့်ကောင်းယူခြင်းဖြစ်သည့်အတွက် အပြင်းအထန်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးအမည်ခံပြီး ကိုယ်ကျိုးအတွက် အသုံးချနေမှုကိုရပ်တန့်ရန်နှင့် ပြည်သူလူထုအနေဖြင့် ပါဆင်နယ်အကောင့်များမှ ရန်ကုန်လူထုသပိတ်နာမည်နှင့် အလှူခံမှုများရှိခဲ့ပါက အလှူငွေမှားယွင်းမထည့်မိစေရန် ထုတ်ပြန်ချက်တွင်ဆိုထားသည်။

လိမ်လည်အလှူခံမှုများမှ မှားယွင်းမှုရှိလာလျှင် ရန်ကုန်လူထုသပိတ်နှင့် သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။