ရာသီဥတုအပူချိန် မြင့်တက်လာမှုက နေနဲ့ သက်ဆိုင်မှုရှိလား ?

Author ဇက်
Categories
Published on May 20, 2024

ဒီတိုင်းမေးလိုက်ရင်တော့ အများစုက သေချာပေါက်ရှိတာပေါ့လို့ ပြန်ဖြေကြမှာပါ။ ဒါဖြင့်ရင် ဘယ်လိုသက်ဆိုင်မှုရှိတာလဲ ဆိုရင်ရော?။ နေလုံးကြီးက ပူတာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ဘာကြောင့်များ အဲဒီလောက် ပူလာရတာလဲ။ နေပေါ်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့ရော ရာသီဥတုပူတာက ဆက်စပ်နေလား။ CJ Platform က ရှင်းပြပေးပါ့မယ်။

 

လက်ရှိ လူတွေရဲ့ ပါးစပ်ဖျားမှာ တသီတန်းနေတဲ့ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ ခေါင်းစဉ်ကို စာဖတ်သူတို့လည်း ရင်းနှီးကြမှာပါ။ ရုပ်ကြွင်းလောင်စာတွေ ဖြုန်းတီးမှုနဲ့ သစ်တောပြုန်းတီးမှုလိုမျိုး လူသားတွေရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာနဲ့တဝှမ်း အပူချိန်တွေ မြင့်တက်လာတယ်ဆိုတာမျိုးပေါ့။

 

ဒီလိုမျိုး လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ကမ္ဘာကြီး နာမကျန်းဖြစ်ရတယ်ဆိုတာ ဧကန်အမှန်ဖြစ်ပေမဲ့ ကျွန်တော်တို့တတွေ ထည့်မပြောဖြစ်တဲ့ အကြောင်းအရာတစ်ရပ်လဲ ရှိပါတယ်။ ဇာတ်လိုက်ကျော်ကြီး နေပါ။

 

နေက ကျွန်တော်တို့ လူသားတွေအပြင် သက်ရှိမျိုးစိတ်တွေ အားလုံးရဲ့ နေထိုင်ကျက်စားရာ အမိကမ္ဘာမြေအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အဓိက ထုတ်ပေးနေတဲ့ ကြယ်ဖြစ်ပါတယ်။ အလင်းနဲ့ အပူလိုမျိုး အသက်ရှင်သန်ဖြစ်တည်ဖို့ရာ ပဓာနကျတဲ့ အရင်းအမြစ်တွေကို နေရောင်ခြည်ပုံစံနဲ့ အမြဲထုတ်လွှင့်ပေးနေတာပေါ့။ ဒါပေမဲ့ နေက အမြဲတစ်စေ ပုံမှန်ဖြစ်နေတာ မဟုတ်ဘဲ မတည်မငြိမ်ဖြစ်တဲ့ ကာလမျိုးတွေလဲ ရှိပါတယ်။

 

နမူနာအနေနဲ့ နေရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရတဲ့ အမည်းရောင်အကွက် နေမီးပြောက် (Sunspots) တွေဆိုရင် ကမ္ဘာကြီးရဲ့ အပူချိန် အတိုးအလျော့အပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ ဒီနေမီးပြောက်တွေက နေရဲ့ သံလိုက်စက်ကွင်းထုံးတွေ ရှုပ်ထွေးရင်း ပေါ်ပေါက်လာတဲ့ အကွက်တွေပါ။ အကွက်တစ်ခုကို ပျမ်းမျှ ဂြိုဟ်တစ်လုံးစာ အရွယ်အစားလောက်ရှိပြီး ကမ္ဘာရဲ့ အပူချိန်ကို အပြောင်းအလဲဖြစ်စေနိုင်လောက်ကို စွမ်းအားကြီးပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀ လောက်က ဆိုရင် ကမ္ဘာရဲ့ ပျမ်းမျှအပူချိန်က ဆယ်စုနှစ်ပေါင်းများစွာ သိသိသာသာကို လျော့ကျဖူးပါတယ်။ အဲဒီလျော့ကျချိန်မှာ နေကို လေ့လာကြည့်တော့ ခါတိုင်းမြင်နေကျ နေမီးပြောက်တွေကို မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

 

နောက်တစ်ချက်က နေက အမြဲတမ်းလိုလို တည်တည်ငြိမ်ငြိမ် ရှိနေတာ မဟုတ်ပါဘူး။ သူက ၁၁ နှစ်ကို တစ်ကြိမ် အပြောင်းအလဲဖြစ်ပါတယ်။ ဒီ ၁၁ နှစ်တာ ကာလကို ဆိုလာစက်ဝန်းလို့ ခေါ်တာပါ။ အဲဒီဆိုလာစက်ဝန်းမှာ နေပေါ်မှာ ဖြစ်ပေါ်တဲ့ အပြောင်းအလဲတွေ အပြင်းထန်ဆုံး အခြေအနေတစ်ရပ်ရှိပါတယ်။ ဒီအထွဋ်အထိပ်အချိန်တွေမှာဆို စွမ်းအင်ထုတ်လွှတ်မှုတွေ ပိုများလို့ ကမ္ဘာကြီး ပမာဏတစ်ခုလောက် ပိုပူလာတာမျိုးလည်း ရှိပါတယ်။ အဲဒီလို ပြင်းထန်တဲ့ အထွဋ်အထိပ်ချိန်တွေ ဖြစ်ပေါ်ခဲ့ချိန်က စက်ဝန်း ၁၉ တုန်းကပါ။ အဲဒီဆိုလာစက်ဝန်းက ၁၉၅၄ ဧပြီကနေ ၁၉၆၄ အောက်တိုဘာကာလထိ ကြာခဲ့ပြီး ကာလတစ်လျှောက်လုံး နေပေါ်တွေ့ရတဲ့ နေမီးပြောက်စုစုပေါင်း ၂၀၁ ခုထိ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် နေပေါ်မှာ ဖြစ်တဲ့ နေမုန်တိုင်းတွေနဲ့ တခြားစွမ်းအင်မြင့် လှိုင်းတွေ ထုတ်လွှင့်မှုက ကမ္ဘာကို လာရိုက်ခတ်ပြီး ရေဒီယိုဆက်သွယ်ရေးတွေ အတော်များများ ပြတ်တောက်ခဲ့ဖူးပါတယ်။ လက်ရှိ ၂၀၂၄ ခုနှစ်ရဲ့ ဧပြီ-မေလ ဝန်းကျင်ကလည်း နေရဲ့ ဆိုလာစက်ဝန်း အထွဋ်အထိပ်ရောက်ချိန် ဖြစ်ပါတယ်။ ဒီနှစ်မှာ ရာသီဥတု သိသိသာသာ ပိုပူလာရတာကလည်း အဲဒီ ဆိုလာစက်ဝန်းကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုတာပါ။

 

ဒီတော့ ဘာကြောင့်များ နေပေါ်မှာ ဖြစ်တဲ့ ကိစ္စတွေက ကမ္ဘာကို လာသက်ရောက်နေရတာလဲလို့ မေးချင်စရာ ပေါ်လာပြန်ပါတယ်။ တကယ်တော့ နေရဲ့ အခြေအနေကြောင့် ကမ္ဘာ့ရာသီဥတုအပူချိန် တိုးလာရတယ်ဆိုတာ ရေတိုပြောင်းလဲမှုသာသာဖြစ်ပြီး ကာလရှည်ကြာပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ နေက သူ့ရဲ့ ဆိုလာစက်ဝန်း active ဖြစ်ချိန်မှာဆိုရင် ပုံမှန်ထက် ပိုပြီး စွမ်းအင်ထုတ်လေ့ရှိပါတယ်။ အပြန်အလှန်အနေနဲ့ ဆိုလာစက်ဝန်း active မဖြစ်ချိန်မှာတော့ သူ့ဆီက ထွက်လာတဲ့ စွမ်းအင်ပမာဏက နည်းတာပေါ့။ စွမ်းအင်ပမာဏ ဘယ်လောက် ကမ္ဘာပေါ်ကို ရောက်လဲဆိုတာ အပေါ် မူတည်လို့ အပူချိန်ကလဲ ကွာခြားမှု ရှိသွားတာပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်ကြောင့် ထပ်တိုးလာတဲ့ အပူချိန်က အပေါ်မှာ ပြောခဲ့သလိုပဲ၊ ကာလရှည်ကြာ ပူပြင်းနေမှာ မဟုတ်ဘဲ လပိုင်းသာ ကြာမြင့်နိုင်ပါတယ်။

 

ဒါပေမဲ့ ထပ်တိုးလာတဲ့ အပူချိန်ကလဲ ပမာဏနည်းရင်တောင် သက်ရောက်မှုက အတော်လေး ကြီးတယ် ဆိုရပါမယ်။ နောက်ပြီး ဥတုရာသီစက်ဝန်းတွေရဲ့ လည်ပတ်စနစ်ကိုလည်း အများကြီး သက်ရောက်မှုရှိပါတယ်။ နေရဲ့ မျက်နှာပြင်ပေါ်မှာ ဖြစ်ပေါ်တဲ့ အခြေအနေတွေ ပြင်းရင် ပြင်းသလောက် ကမ္ဘာရဲ့ လေထုနဲ့ ရာသီဥတုတွေကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်စေပါသေးတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်ပြည်ထောင်စုအပါအဝင် ဝင်ရိုးစွန်းဘက် မကျတဲ့ ဒေသတွေမှာပါ ဥတ္တရအလင်းတန်းတွေကို ထင်ထင်ရှားရှားမြင်လာရတယ်ဆိုတာလည်း ဒီဆိုလာစက်ဝန်းရဲ့ သက်ရောက်မှုကြောင့်ပါ။ နေပေါ်မှာ ဖြစ်ပေါ်တဲ့ မငြိမ်မသက်မှုတွေကြောင့် နေလျှပ်လေလှိုင်း (Solar Wind) လို့ခေါ်တဲ့ စွမ်းအင်မြင့်လျှပ်ဓာတ်ဆောင်အမှုန်လှိုင်းတွေက အာကာသထဲကို လွတ်ထွက်ပြီး အဲဒီကနေမှ ကမ္ဘာကို လာရောက်ရိုက်ခတ်ပါတယ်။ ကမ္ဘာရဲ့ လေထုအလွှာထဲမှာရှိတဲ့ အမှုန်အမွှားတွေနဲ့ ထိတွေ့ပွတ်တိုက်ရာကနေမှ ဒီဥတ္တရအလင်းတန်းတွေ ပေါ်လာတာပါ။ နော်ဝေလို နိုင်ငံမျိုးမှာမှ မြင်ရလေ့ရှိတဲ့ ဒီအလင်းတန်းတွေကို တခြားမြင်နေကျမဟုတ်တဲ့ နေရာတွေမှာပါ မြင်ရတယ်ဆိုတာ အဲဒီနေလျှပ်လေလှိုင်းတွေ တိုက်ခတ်မှုများလို့ ဖြစ်ပါတယ်။

 

ဒီတော့ အနှစ်ချုပ်ပြောရရင် နေက ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ရာသီဥတုအခြေအနေတွေအပေါ် သက်ရောက်မှု အတိုင်းအတာတစ်ရပ်အထိ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာရခြင်းရဲ့ တရားခံအစစ်အမှန်ကတော့ လူသားတွေ ဖြစ်နေဆဲပါ။ နေက ကမ္ဘာကို ရေတိုပဲ ပူပြင်းစေပေမဲ့ လူသားတွေရဲ့ မိုက်ရူးရဲမှုကတော့ နှစ်သန်းနဲ့ချီ ကပ်ဆိုက်တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ထိန်းချုပ်ပြင်ဆင်လို့မရတဲ့ နေကို ပြစ်တင်ကျိန်ဆဲနေမဲ့အစား တကယ့်တရားခံအစစ်အမှန်က ကျွန်တော်တို့ ကိုယ်တိုင်သာ ဖြစ်တဲ့အကြောင်း သတိတရရှိစေလိုပါတယ်။