“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” ( မေ ၁၂ရက် မှ ၁၈ရက်အထိ)

Published on May 18, 2024

ဒီအပတ်( မေ ၁၂ရက် မှ ၁၈ရက်အထိ)အတွင်း နိုင်ငံအနှံအပြား စစ်ရေးအခြေအနေတွေကလည်း သူ့ဒေသနဲ့သူ အားကောင်းနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ခပ်စိပ်စိပ်လုပ်လာပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platformရဲ့ တစ်ပတ်စာ သတင်းကောက် နုတ်ချက်ကတော့ “Non-C တွေ မြန်းပြီလေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရခိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် တောင်ကုန်မြို့ပေါ်က Non-CDM ဝန်ထမ်းတွေ နေပြည်တော်ကို တိမ်းရှောင်ကြတဲ့အကြောင်းတွေအပါအဝင် ” ငွေချူ၊ခြေချုပ် UID အရှုပ်” ငွေကျပ်တစ်သိန်းလောက်အထိပေးပြီး UIDလုပ်နေရတဲ့အခြေနေတွေ၊ ” ၈/၈၂ အင်းလျားသီချင်းထဲက ပြတ်တောက်သွားတဲ့ Bass Guitarကြိုး”ကချင်စစ်ဦးစီးချုပ် ကွယ်လွန်သွားခဲ့တဲ့အကြောင်းနဲ့ အညာဒေသမှာ မေလ နှစ်ပတ်အတွင်း အစုလိုက်အပြုံလိုက် လူသေဆုံးမှု သုံးခုနဲ့အတူ အရပ်သားသေဆုံးသူ ၁၀ဝဦးကျော်ရှိလာတဲ့အကြောင်းအပြင် ဘူးသီးတောင်မြို့ကို AAက သိမ်းပိုက်နိုင်လိုက်တဲ့အခြေအနေ တစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“Non-C တွေ မြန်းပြီလေ”

 

စစ်ကောင်စီအာဏာသိမ်းမှုကို လက်မခံလို့ အစိုးရဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေဟာ CDMလုပ်ပြီး ဓမ္မဘက်ကရပ်တည်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် CDMမလုပ်တဲ့ ဝန်ထမ်းတွေလည်း အများကြီးရှိခဲ့သလို အခုထိလည်း ရှိနေတုန်းပါပဲ။

 

တော်လှန်ရေးကာလတစ်လျှောက်လုံးမှာလည်း Non-CDMဝန်ထမ်းတွေကို ဓမ္မရပ်တည်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေက နည်းမျိုးစုံနဲ့ စည်းရုံးအသိပေးမှုတွေ လုပ်ခဲ့ပါတယ်။

 

အခုဆိုရင် ရခိုင်ပြည်၊ တောင်ပိုင်းဒေသရှိ သံတွဲ၊ ရွှေလှေ ဒေသတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နီးကပ်လာတာကြောင့် တောင်ကုတ်မြို့ပေါ်က ပညာရေးဝန်ထမ်းတွေ၊ ဆေးရုံ ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က)က ဝန်ထမ်းအများစုဟာ သက်ဆိုင်ရာ အရာရှိတွေနဲ့ မိသားစုဝင်တွေကို လာဘ်ထိုးပြီး နေပြည်တော်၊ ရန်ကုန်စတဲ့ မြို့ကြီးတွေဆီ ပြောင်းရွှေ့နေကြတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒီအပြင် CDMတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ကြဖို့ အသိပေးမှုတွေလည်း ရှိခဲ့ပါတယ်။

 

အလားတူ ရှမ်းပြည်(မြောက်ပိုင်း) တအာင်းဒေသထဲက PSLF/TNLA ထိန်းချုပ်ထားရာ မြို့ ၇မြို့က Non CDM ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်တွေအားလုံး ရပ်ဆိုင်းလိုက်ပြီလို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေလ ၁၅ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူနဲ့ တိုင်ကြားခံရသူ Non CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူမယ်လို့ PSLF/TNLA က ဆိုပါတယ်။

****************************************

 

” ငွေချူ၊ခြေချုပ် UID အရှုပ်”

 

UID(စမတ်ကဒ်)ပါမှ ပြည်တွင်း၊ပြည်ပ ခရီးသွားခွင့်ပြုမယ်ဆိုပြီး စစ်ကောက်စီလက်အောက်ခံ လ.၀.ကဌာန ထုတ်ပြန်လိုက်တဲ့အတွက် ခရီးသွားလာကြမယ့်ပြည်သူတွေအနေနဲ့ အဲဒီကဒ်ရဖို့အရေး နေပူထဲမှာ တန်းစီပြီး အသည်းသန်လုပ်ကြရပါတယ်။

 

အဲဒီလိုကဒ်ရဖို့အရေး လုပ်ဆောင်လာတာကြောင့် တစ်ကဒ်ကို ငွေကျပ်တစ်သိန်းအလောက်အထိ ပေးနေရပါတယ်။ တစ်သိန်းလောက်ဈေးပေါက်နေတဲ့ စစ်ကောင်စီရဲ့ ဂဏန်းဆယ်လုံးပါ စမတ်ကတ်(Unique ID-UID)တွေကို သက်ဆိုင်ရာလဝကရုံးတွေမှာ အခမဲ့ပြုလုပ်ပေးနေတယ်လို့ မေလ ၁၄ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေတဆင့် ကြေညာပါတယ်။

 

စစ်ကောင်စီလဝကက အခမဲ့လို့ဆိုပေမဲ့ ရန်ကုန်က ရွှေပြည်သာ၊ လှိုင်သာယာတို့လိုမြို့နယ်တွေ အပါအဝင် နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ မူဆယ်တို့လိုမြို့တွေမှာ ငွေကြေးအများအပြားပေးရတယ်လို့ သိရပါတယ်။

 

တစ်ဖက်မှာလည်း A4 စက္ကူစာရွက်ပေါ် QR Code ထည့်ပေးထားတဲ့ UID မရှိရင် ပြည်တွင်းမှာ ခရီးသွားဖို့၊ ပြည်ပထွက်ဖို့ အဆင်မပြေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ငွေညှစ်တာ၊ ရိုင်းစိုင်းစွာ ပြောဆိုခံရတာမျိုးတွေ ရှိနေတာပါ။

 

ဒါကြောင့် သက်ဆိုင်ရာမြို့နယ် လဝကရုံးတွေအပါအဝင် နယ်စပ်ဂိတ်တွေရှိရာ မြဝတီ၊ မူဆယ်တို့လို မြို့တွေက လဝကရုံးတွေမှာ ငွေကြေးအများအပြားပေးပြီး လုပ်ဆောင်နေကြရတာပါ။ထိုင်း-မြန်မာနယ် စပ် မြဝတီမြို့မှာ စလုပ်ပေးခဲ့ချိန် မေလဆန်းပိုင်းတုန်းက UID တစ်စောင် ငါးသောင်းကျပ်ရှိခဲ့ပေမဲ့ မေလ ဒုတိယပတ်ထဲရောက်လာချိန်မှာတော့ တစ်စောင် တစ်သိန်းလောက်အထိ မြင့်တက်လာခဲ့ တယ်လို့ အဲဒီမှာနေထိုင်သူတွေဆီက သိရပါတယ်။

 

စစ်ကောင်စီမှာ တာဝန်ယူထားသူတွေရဲ့ လုပ်ကိုင်ပုံ စနစ်မကျမှု၊ ဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကြောင့် အခု စမတ်ကတ်ထုတ်ဝေပေးရေးမှာလည်း ပြည်သူလူထုအတွက် အကျိုးမဖြစ်စေဘဲ အခက်အခဲတွေနဲ့သာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

****************************************

 

” ၈/၈၂ အင်းလျားသီချင်းထဲက ပြတ်တောက်သွားတဲ့ Bass Guitarကြိုး”

 

၁၉၈၄ခုနှစ် ကနေ ဒီနေ့အထိ သီဆိုလို့ကောင်းနေတုန်းဖြစ်တဲ့ ၈/၈၂ အင်းလျားသီချင်းကို အဆိုတော်ကြီးမွန်းအောင်သီဆိုခဲ့တုန်းက  Bass Guitar တီးခတ်ပေးခဲ့တဲ့ ဂစ်တာ Playerကြီးတစ်ဦး (သို့မဟုတ်) ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်နဲ့ အမှတ်(၁)စစ်ဒေသရဲ့ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း(Ruhkyau Hkawng Lum)မေလ ၁၃ရက်က ကွယ်လွန်သွားခဲ့ပါပြီ။

 

သူကွယ်လွန်မှုဟာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဝမ်းနည်းဆုတောင်းသံတွေ ကျယ်လောင်ခဲ့ပါတယ်။

 

သူကွယ်လွန်သွားမှုအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က  ထုတ်ပြန်လာပါတယ်။ KIA/KIO ဟာ NUG ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးဟာ တော်လှန်ရေး တပ်မှူးကောင်းကြီးတစ်ဦးဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းနည်းကြေကွဲရပါတယ်လို့ NUG က ဆိုပါတယ်။

 

ကချင်အမျိုးသားထုအတွက်သာမက တစ်တိုင်းပြည်လုံးအတွက် ပြန်လည်အစားထိုးလို့မရတော့တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးကို ဆုံးရှုံးလိုက်ရမှုအပေါ် NUG က ဖော်ညွှန်းပါတယ်။

KIA စစ်ဦးစီးချုပ် ဦးဆောင်ခဲ့တဲ့ စစ်ရေးကဏ္ဍကို NUG က ဆက်လက်ထိန်းသိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် အလျင်မြန်ဆုံး ပုံဖော်တည်ဆောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ NUG ရဲ့ သဝဏ်လွှာထဲ ထည့်သွင်းရေးသားထားပါတယ်။

 

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၊မကွေးခရိုင်အမှတ်(၁)တပ်ရင်း၊ အထူးတပ်ရင်း (SR-1) ၊မဟာအောင်မြေ-ပကဖ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းပကဖရုံး) ၊ချမ်းမြသာစည်-ပကဖ ၊ ပုသိမ်ကြီး-ပကဖ ၊ဆားလင်းကြီးပကဖစ သည့် NUG ကာကွယ် ရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ကာကွယ် ရေးအဖွဲ့အသီးသီးက လွမ်းဆွတ်တမ်းတဲ့အနေနဲ့ တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနားတွေ နေရာစုံမှာ ပြုလုပ်ခဲ့ကြပါတယ်။

****************************************

 

“ကြွက်မနိုင် ကျီမီးနဲ့ရှို့”

 

နိုင်ငံအဝန်းတော်လှန်ရေးအင်အားစုတွေနဲ့ စစ်တိုက်တိုင်းရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီဟာ အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ခပ်စိပ်စိပ်လုပ်လာခဲ့ပါတယ်။

 

လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် မေလ နှစ်ပတ်အတွင်းမှာပဲ အစုလိုက်အပြုံလိုက် လူသေဆုံးမှု သုံးခုအပါအဝင် အရပ်သားသေဆုံးရသူ ၁၀၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူတွေဟာ မြေလတ်ပိုင်းဒေသ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက ပြည်သူတွေဖြစ်ပါတယ်။

 

အဲ့ဒီလိုပြည်သူတွေသေဆုံးမှုတွေဟာ PDF တွေလက်ချက်လို့ စစ်ကောင်စီရဲ့ တရားဝင် ဝါဒဖြန့်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ထားသလို ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကနေလည်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

 

ဒီအချက်အလက်တွေဟာ CJ Platform ကနေ လတ်တလော စုံစမ်းသိရှိထားရသလောက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်ပါတယ်။

 

မေလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ CJ Platform သတင်းဌာနက စုံစမ်းသိရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အညာဒေသအတွင်း အရပ်သားပြည်သူ ၁၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

****************************************

 

“ဘူးသီးတောင် Sold Oud “

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအားလုံးကို  မေလ ၁၈ရက်မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် (Arakan Army) ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီလို သိမ်းပိုက်ရာမှာ စစ်တွေ ဒကစ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းတွေ ပါဝင်သလို ဘူးသီးတောင်ဗျူဟာဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ အမြောက်တပ်တွေ ထောက်ပို့တပ်တွေနဲ့ GE တပ်ရင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင်မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ နခခ(၃)၊ ခမရ(၃၅၃) (၅၃၅) ( ၂၆၃) နဲ့ ခမရ(၂၃၃) တို့ကို သိမ်းပိုက်ခဲ့ပြီးသလို မေလ ၁၆ ရက်နေ့မှာလည်း နခခ(၈) စခန်းကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတာကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင် ကျေးရွာတွေဟာ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ အာရက္ခတပ်တော် (Arakan Army) က အထူးသတိပေး ထားပါတယ်။