ရွှေဘို မြို့မရဲစခန်းနဲ့ တရားရုံး ဗုံးကြဲခံရပြီး ဗိုလ်တစ်ဦးအပါအ၀င် ရဲရှစ်ဦးသေဆုံး

Author မင်းထက်
Categories
Published on May 18, 2024

စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးကို တပ်တွင်းသတင်းပေးမှုကြောင့် မေလ ၁၆ ရက် ညနေ ၃နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအ၀င် ရဲရှစ်ဦးသေဆုံး ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားရာနေရာတွေဖြစ်တဲ့ မြို့မရဲစခန်းကို ၈၁ မမ ဗုံးသီး နှစ် လုံးကြဲချပြီး မြို့နယ်တရားရုံးကို ၆၀ မမ ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ရာမှာ မြို့မရဲစခန်းထဲက ဗိုလ်တစ်ဦးအပါအဝင် ဒုရဲအုပ်နဲ့ရဲ စုစုပေါင်း ရှစ်သေဆုံးခဲ့သလို အပြင်းအထန်ဒဏ်ရာရသူ ရှစ် ဦးရှိတယ်လို့ သိရပါတယ်။

 

“မြို့ပေါ်ရှိတဲ့အထိုင်တွေဆို​တော့ အင်အားဘယ်လောက်ရှိတာ သိရဖို့မလွယ်ဘူး။ တိုက်ခိုက်ပြီး ခုချိန်ထိ ရှစ်ယောက်သေတာလို့ပဲ အတည်ပြုနိုင်သေးတယ်။ ရှစ်ယောက်က အပြင်းထန်ဒဏ်ရာရတယ်ဗျ ။ ခုလို တိတိကျကျတိုက်ခိုက်နိုင်တာလဲ ဖရဲသီးသတင်းပေးလို့ တိုက်ခိုက်နိုင်တာဗျ” လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platformကို ပြောပါတယ်။

 

သေဆုံးသူတွေထဲမှာ ဒုရဲအုပ်တင်ထွန်းလင်းအောင်၊ ရဲတပ်သား ချမ်းဝင်း ၊ ရဲတပ်သား ဇော်ထိုက်(ခ)ဂျက်ကော့တို့ ပါဝင်တယ်လို့သိရပြီး ကျန်သူတွေရဲ့ အမည်တွေကိုတော့ စုံစမ်းဆဲဖြစ်သလို သေဆုံးဒဏ်ရာရသူတွေကို ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတုန်း စစ်ကောင်စီတပ်သားတွေဟာ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်တာတွေရှိခဲ့သလို မနေ့(မေလ ၁၇ရက်)ကလည်း လှည့်လည်ကင်းပတ်ရင်း  ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ BGS & Rocket Ayadaw Drone Force ၊ Drop For Justice – DFJ ၊ Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊ သိင်္ခအားမာန်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

ရုပ်သံ -ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့